Genocide ပြတိုက် NUG အစိုးရအဖွဲ့ဝင်တွေလေ့လာ
{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှု အမှတ်တရ Holocaust ပြတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်အဖွဲ့တဖွဲ့လာရောက်လေ့လာကြပါတယ်။ အဲဒီပြတိုက်ထဲမှာ ပြသထားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ပြခန်းကို အထူးပြုလေ့လာကြတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုခင်မောင်စိုးမင်း ကနေ အဲဒီပြခန်းရှေ့ကနေ သတင်းပေးပို့ထားပါတယ်။
ခင်မောင်စိုးမင်း ။. ။ ကျနော်ရောက်ရှိနေတဲ့နေရာက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် လူမျိုးတုံးသတ်ဖြတ်ခံရမှု အမှတ်တရ Holocaust ပြတိုက်ရှေ့မှာဖြစ်ပါတယ်။ အခု ဒီပြတိုက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကိုယ်စားလှယ်အဖွဲ့လာရောက်ပြီး လေ့လာနေတာဖြစ်ပါတယ်။ သူတို့ကို ဒီ Holocaust Museum လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်ခံရမှု အမှတ်တရ ပြတိုက်က တာဝန်ရှိတဲ့ Andria ကနေ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်း သတ်ဖြတ်နေတဲ့အကြောင်း၊ မောင်းထုတ်နေတဲ့အကြောင်း၊ နိုပ်စက်နေတဲ့အကြောင်းတွေကို ဓါတ်ပုံကားချပ်တွေ၊ ရုပ်ရှင်တွေနဲ့ ပြသပေးနေပါတယ်။ အခုလို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခံရတဲ့ပြခန်းကို လာရောက်လေ့လာတဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကို ဘယ်လိုခံစားချက်ဖြစ်ပေါ်သလဲလို့ ကျနော်မေးမြန်းကြည့်တဲ့အခါမှာတော့
ကိုအောင်မျိုးမင်း (လူ့အခွင့်အရေးဝန်ကြီးNUG)။. ။ ဒီလိုမျိုး ရိုဟင်ဂျာတွေကို ဖြစ်ပျက်ခဲ့တာတွေက အခုမှဖြစ်ပျက်ခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ ၁၉ ၆၂ ကနေစပြီးတော့ တဖြေးဖြေးအရှိန်မြင့်လာတဲ့ ပုံစံမျိုးတွေ ဒီစစ်တပ်က ရိုဟင်ဂျာတွေပေါ်မှာ တကယ်ကို လူအမြောက်အများအပေါ် ကျူးလွန်ထားတာကို သူတို့တင်ပြထားတာတွေ့တယ်။ လူ့အခွင့်အရေးအရ ရိုဟင်ဂျာတွေအပေါ်မှာ ရာဇဝတ်မှုဖြစ်တယ်ဆိုတာကို ကျနော်တို့က ယုံကြည်ပြီးသား။ ကျနော်တို့ကိုယ်တိုင်ကလည်း အမှန်တရားရဖို့ တောင်းဆိုခဲ့တာလည်းရှိတယ်။ လုပ်လည်းလုပ်မယ်ဆိုတဲ့ ကတိတွေလည်းပေးထားတယ်။ ဒီလိုမျိုးကိစ္စတွေကို အမှန်တရားအတွက် ရပ်တည်ချင်ပါတယ်။ တရားမျှတမှုဖော်ဆောင်ချင်တဲ့ စိတ်က ပိုပြီးတော့ ကြီးမားလာတယ်။ လာပြီး ကြည့်သူတိုင်းလည်း စိတ်ထဲမှာ အဲလိုဖြစ်မယ်လို့ ယူဆပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အကြံပေးဖြစ်တဲ့ အမျိုးသမီးရေးရာ လှုပ်ရှားနေသူ ဒေါ်ခင်လေး ကလည်း ပြခန်းလာရောက်ကြည့်ရှုရတဲ့အပေါ်မှာ သူအမြင် ကို အခုလိုပြောပါတယ်။
ဒေါ်ခင်လေး (NUG လူ့အခွင့်အရေး ဝန်ကြီးဌာန အကြံပေး ) ။. ။ ကျမဒီ Holocaust Museum ကို ၂ဝ၁၂ တုံးကလည်း ရောက်ဖူးပါတယ်။ အဲဒီတုံးကတော့မြန်မာကိစ္စ နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မရှိသေးဘူးပေါ့။ အရင်ကတော့ သူများဖြစ်တာကိုပဲ လာကြည့်တာပေါ့။ အခုကြတော့ ကိုယ်တိုင်းပြည်ထဲက ကိုယ့်လူတွေ ဖြစ်ပျက်နေတဲ့ဟာကို ကိုယ်ကိုတိုင်ကြည့်ရတော့ ရင်ထဲမှာ မကောင်းဘူး။ အဲဒီလိုတွေကို အကာကွယ်ပေးဖို့ကိုလည်း ကျမတို့ အများစုက ပျက်ကွက်ခဲ့တာကိုလည်း ကျခံစားရပါတယ်။
ခင်မောင်စိုးမင်း ။. ။ လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရ ပြခန်းထဲမှာ ထားရှိတဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ပြခန်းကို မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကိုယ်တိုင်လာရောက်ဖွင့်လျှစ်ရင်းနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခံရတယ်ဆိုတာကို တရားဝင်ကြေညာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့. ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ကို ရိုဟင်ဂျာအရေးဟာ ဘယ်လောက်အထိအရေးပါ အရေးကြီးသလဲလို့ မေးခဲ့ရာမှာ
ဦးမိုးဇော်ဦး ( ဒုတိယနိုင်ငံခြားရေးဝန်ကြီး NUG ) ။. ။ ရိုဟင်ဂျာပြည်သူများရဲ့ ဒီကျူးလွန်ခံရတဲ့ ရာဇဝတ်မှုများကို တရားမျှတမှုကိုရအောင် လုပ်ရမယ်။ အဲဒီလိုမျိုး အခုလက်ရှိဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ တာဝန်ရှိတဲ့သူတွေကို တရားမျှတမှုနဲ့အညီ အရေးယူနိုင်အောင် ကျနော်တို့က ကြိုးစားရမယ်။ ကျနော်တို့ တိုင်းပြည်အနာဂတ်အတွက် အင်မတန်အရေးကြီးပါတယ်။ အနာဂတ်မှာ ဒီိလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် တားဆီးရာလည်းရောက်မှာဖြစ်တဲ့အတွက်ကြောင့် အင်မတန်အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။
ခင်မောင်စိုးမင်း ။. ။ ဒီလူမျိုးတုန်း သတ်ဖြတ်ခံရမှု အမှတ်တရပြခန်းကို လာရောက်လေ့လာကြတဲ့သူတွေကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ၊ လူ့အခွင်အရေးအကြံပေး ဦးအောင်ကျော်မိုး၊ နဲ့ နောက်ထပ် လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဒေါ်ခင်လေး တို့နဲ့ အာဆီယံရေးရာ NUG ခန့် သံတမန် ဦးဘိုလှတင့် တို့ဖြစ်ကြပါတယ်။
...............................................