သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်စစ်ရေးတင်းမာမှု ရိုဟင်ဂျာတို့နေရပ်ပြန်ရေး အလှမ်းဝေး


ရိုဟင်ဂျာဒုက္ခသည်များ “အိမ်ပြန်ကြဖို့ မျှော်လင့်ချက်” လှုပ်ရှားမှု ဆန္ဒပြတောင်းဆိုမှု
ဓါတ်ပုံ - ကိုအောင်မြိုင် (ရိုဟင်ဂျာဒုက္ခသည်)
ရိုဟင်ဂျာဒုက္ခသည်များ “အိမ်ပြန်ကြဖို့ မျှော်လင့်ချက်” လှုပ်ရှားမှု ဆန္ဒပြတောင်းဆိုမှု ဓါတ်ပုံ - ကိုအောင်မြိုင် (ရိုဟင်ဂျာဒုက္ခသည်)

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး AA ရခိုင်လက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေလို့၊ ရိုဟင်ဂျာတို့ နေရပ်ပြန်ရေးအစီအစဉ်တွေ အခက်တွေ့နိုင်တဲ့ အခြေအနေဖြစ်သလို။ အခုလို စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာအလွန်ကောင်းတဲ့ အနေအထား ဖြစ်နေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်း ပြောဆိုနေချိန် ရိုဟင်ဂျာတို့ နေရပ်ပြန်ရေး၊ လုံခြုံရေး အနာဂတ်မျှော်လင့်ချက် စိုးရိမ်ချက်တွေ ဘယ်လို ရှိပါသလဲ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA က ဘင်္ဂလားဒေ့ရ်ှနယ်စပ်ခြံစည်းရိုးအနီးမှာရှိတဲ့ စစ်ကောင်စီ နယ်ခြားစောင့်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ အဲ့ဒီ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်သား (၁၉) ဦး သေဆုံးပြီး တဦးကို ဖမ်းဆီးခဲ့တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ပြောပါတယ်။ AA ရခိုင်တပ် သိမ်းပိုက်ထားတဲ့စခန်းကို ပြန်ရယူနိုင်ရေး စစ်ကောင်စီတပ်ဘက်က လေကြောင်းအပါအဝင် စစ်အင်အားအလုံးအရင်းနဲ့ အကြီးအကျယ် ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့အထိ အတော်လေး စစ်ရေးပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က တိုက်ခိုက်ရေး လေယာဉ်တွေ ဝေဟင်ပိုင်နက် ကျူးကျော်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာစစ်ကောင်စီ သံအမတ်ကြီးကို ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်ကို မြန်မာဘက်ကလူတွေ ထပ်ဖြတ်ကျော်မလာစေဖို့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တဲ့အကြောင်းလည်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

အခုလက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုံခြုံရေး တိုးမြှင့်ချထားပါတယ်။ ဒီလိုတင်းမာနေတဲ့ စစ်ရေးအခြေအနေတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ရော ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအတွက်ပါ လုံခြုံရေး အထူးစိုးရိမ်စရာ အနေအထားဖြစ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ လက်ရှိဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် လုံခြုံရေးအခြေအနေ ကော့ဇ်ဘဇားခရိုင် ကုတုပလောင်ဒုက္ခသည်စခန်းအမှတ် (၇) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က သူသိထားသမျှ ပြောပြပါတယ်။

“အခုက နယ်စပ်မှာ ဝေလာတောင်ဘက်မှာ နစကရဲ့ အသုံးအနှုန်းနဲ့ပြောမယ်ဆိုရင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလေ။ နယ်ခြားစောင့်တပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်တာ၊ စစ်ရဟတ်ယာဉ်တွေ အသုံးပြုနေတာတွေကို လှမ်းမြင်ကြရတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း လုံခြုံရေးတိုးမြှင့်ထားတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ပေါ့နော် စစ်အင်အားတွေ တိုးချဲ့ပြီးတော့ ထားတာရှိတယ်။ သေနတ်သံတွေ လက်နက်ကြီးကျည်ကျတဲ့ အသံတွေလည်း ကြားရတယ်။ ဘင်္ဂလားဒေ့ရှ့်အစိုးရဘက်ကတော့ ကျနော်တို့ ဘေးကင်းလုံခြုံစွာနေဖို့ လုံခြုံရေးတာဝန်ယူပေးတယ် တချိန်တည်းမှာပဲ ဂုဏ်သိက္ခာရှိရှိ နေရပ်ကို ပြန်ပို့ပေးဖို့အတွက် အစကတည်းကနေ ကြိုးပမ်းနေတာ ရှိပါတယ်။’’

အခုလို ရခိုင်ပြည်နယ်တွင်း AA ရခိုင်လက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာမှုတွေဖြစ်လာလို့ ရခိုင်ပြည်နယ်တွင်း ပိတ်ပင်ကန့်သတ်မှုတွေကြား သတိထား နေထိုင်နေကြရတဲ့ ပြည်တွင်းက ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးနဲ့ နေ့စဉ်လှုပ်ရှား သွားလာနေရတဲ့ အခြေအနေကိုလည်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေက စိုးရိမ်တယ်လို့ ကိုအောင်မြိုင်က ပြောပါတယ်။

“အဲ့ဒီ့လို အခုလက်ရှိအနေအထားက ကျနော်တို့ ရခိုင်ပြည်နယ်ထဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေက ပြောမယ်ဆိုရင် လုံးဝမလုံခြုံဘူး။ သူတို့ဘဝက ကြားညပ်ခံနေရတယ်။ ကြားညပ်ခံနေရတဲ့ဘဝမှာပဲ နေနေကြရတယ်။ သူတို့ဘဝက ဘယ်လိုနည်းမှ ဘာအသံကိုမှ သူတို့ဆီက ထွက်လို့မရဘူး အဲ့လိုအခြေအနေမှာ။ အခုက ရခိုင်ပြည်နယ်ကနေ ကျနော်တို့ ရိုဟင်ဂျာတွေဆိုရင် ဘယ်ကိုမှ သွားလို့မရဘူး။ ဒီလိုထွက်ပေါက်ပိတ်နေတဲ့ အနေအထားကနေ လွတ်အောင်ပြေးဖို့ လုပ်ကြတယ်။ အဲ့တော့ လူကုန်ကူးမှုတွေဖြစ်တယ်။ ဒီလူကုန်ကူးမှုတွေက ရခိုင်ပြည်နယ်ထဲက ဘယ်မှကို သွားခွင့်မရှိတဲ့ ကျနော်တို့ ရိုဟင်ဂျာတွေ။ ဒီလူတွေကို ဘယ်သူတွေက ပို့နေတာလဲ။ ဒီလို လူကုန်ကူးမှု မဖြစ်အောင် သူတို့ကို ကာကွယ်ပေးရမယ်။”

မဆုမွန် ။ ။ အခု နယ်မြေမှာကလည်း တိုက်ပွဲတွေက ပြင်းထန်နေတော့ ဒီဘက်က ရိုဟင်ဂျာတွေက ဘယ်လို စိုးရိမ်မှုရှိလဲ။

ကိုအောင်မြိုင် ။ ။ မြန်မာဘက်က ရိုဟင်ဂျာတွေအတွက်လည်း စိုးရိမ်တယ် ကျနော်တို့အတွက်လည်း စိုးရိမ်တယ်။ နိုင်ငံတကာကလည်း ကူညီပေးသင့်တယ်။ ပြီးတော့ သူတို့မှာ နစ်နာမှုမရှိအောင် AA ကလည်း တာဝန်ခံရမယ်။ စစ်တပ်ကလည်း တာဝန်ခံရမယ်။ အခု ရှိနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံမှုရှိအောင် နှစ်ဘက်စလုံးမှာ တာဝန်အပြည့်ရှိတယ်လို့ ကျနော်တို့က အဲ့လိုပဲ ပြောချင်တယ်။

အခုလို ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တလျောက် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးစီစဉ်မှုတွေအပေါ် နှောင့်နှေးစေသလို အိမ်ပြန်နိုင်ဖို့က မရေရာတော့ဘူးလို့ မောင်တောမြောက်ပိုင်းဇာတိ မော်ဒုစ္စရာစခန်း (၅) က ARSPH အဖွဲ့ဝင် ဦးရော်ဖိတ်က ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက်မှာ တိုက်ပွဲတွေ ဖြစ်နေတာတော့ အမှန်ပဲ။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဘက်မှာ ဖြစ်နေကြတယ်။ ဒါကြောင့် ကျနော်တို့ ဒုက္ခသည်တွေ ပြန်ဖို့ကလည်း ခက်တယ်။ ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်နေတယ်ကြားတော့ ကျနော်တို့ လုံခြုံရေးအရ စိတ်မချနိုင်ဘူး ဖြစ်နေတယ်။ "

မဆုမွန် ။ ။ အခုလက်ရှိ နယ်စပ်မှာ ရှိတဲ့ စစ်ရေးအခြေအနေကရော ဘယ်လောက့်အထိ စိုးရိမ်စရာအခြေအနေမှာ ရှိလဲ။

ဦးရော်ဖိတ် ။ ။ စိုးရိမ်ရပါတယ်။ စိုးရိမ်ရပါတယ်။ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ အခုက AA နဲ့ မြန်မာ့တပ်မတော်နဲ့က တိုက်ပွဲတွေ ဖြစ်နေတယ်။ နယ်စပ်တလျှောက်မှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ်တလျှောက်မှာ တပ်တွေချနေတာကို တွေ့ရတယ်။

မဆုမွန် ။ ။ အဲ့ဒီ့တော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့သွားဖို့ လုပ်ကြတဲ့အခါမှာရော လုံခြုံရေး အာမခံချက်ရှိပါ့မလားရှင့်။

ဦးရော်ဖိတ် ။ ။ ပြန်ဖို့ အစီအစဉ်ဆောင်ရွက်ပေးမယ်ဆိုရင် Repatriations Process မှာ ကျနော်တို့ဘက်က ဒုက္ခသည်တွေက စိတ်ချယုံကြည်နိုင်သော အစိုးရတရပ်ပေါ်လာမှသာ ပြန်နိုင်ခြေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျနော်တို့ တွေးမိပါတယ်။ ရခိုင်ဘက်မှာ ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေအတွက်လည်း ကျနော်တို့ အတော်လေးကို စိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။ သူတို့ လုံခြုံရေးအတွက်လည်း စိတ်မချနိုင်ဘူး ဖြစ်နေပါတယ်။”

လွန်ခဲ့တဲ့ငါးနှစ် ရခိုင်မြောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေထဲ အသက်လုပြေးလာကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း “ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု” ဖြစ်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ANI သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းစဉ် တိုက်တွန်းလိုက်ပါတယ်။

“ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေပါတယ်။ နိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယက လက်ခံထားလို့ ရပေမဲ့ သိပ်များများစားစား မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော် ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေ လုပ်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရော၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ တိုင်ပင်ဆွေးနွေးနေရတယ်။”

အခုလို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ ရိုဟင်ဂျာတွေရဲ့အရေး ဝန်ထုတ်ဝန်ပိုး ဖြစ်လာနေတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေဘက်က - နေရပ်ကိုပဲ ပြန်ချင်ပါတယ် ကိုယ့်အိမ်ကိုပဲ ကိုယ်ပြန်ကြမှာပါလို့ ဦးရော်ဖိတ်က ဆိုပါတယ်။

“ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာတာကတော့ တကယ်ပါပဲ။ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ကလည်း မလွှဲမရှောင်သာ ကူညီပေးနေရတယ်။ နိုင်ငံတကာကလည်း ထောက်ပံ့ကူညီပေးနေတယ်။ အထူးသဖြင့် Repatriations Process ကို ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးနေတယ်။ ကျနော်တို့ကို လက်ခံပြီး ထိန်းသိမ်းပေးနေရတဲ့ကြားထဲ လုံခြုံရေးကိုလည်း စနစ်တကျတော့ ဆောင်ရွက်ပေးနေတာ တွေ့ရတယ်။ ကျနော်တို့ဘက်ကလည်း ကိုယ့်အိမ်ကိုပဲ ကိုယ်ပြန်ချင်ကြပါတယ်။ ဒုက္ခသည်တွေဘက်ကလည်း ကိုယ့်ဘက်က ယုံကြည်စိတ်ချပြီး လေးစားယုံကြည်မှုနဲ့ အာမခံချက်ပေးတဲ့ အစိုးရတရပ်အပေါ်မှာ အားကိုးပြီးတော့ ပြန်ချင်ကြတဲ့ စိတ်ဓာတ်နဲ့ ဒုက္ခသည်တွေက ဆက်နေကြပါတယ်။ နိုင်ငံတကာဘက်ကလည်း ကျနော်တို့ကို ဝိုင်းဝန်းကူညီစောင့်ရှောက်ပြီးမှ အာမခံချက်နဲ့ ပြန်နိုင်မယ့်အစီအစဉ်ကို ဆောင်ရွက်ပေးမယ်လို့လည်း ကျနော်တို့ မျှော်လင့်နေကြပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ သိန်းချီတဲ့ဒုက္ခသည်အများစုရဲ့ ဆန္ဒသဘောထားကတော့ သူတို့နေရပ်ရင်းကိုပဲ အမြန်ပြန်လိုနေကြတယ်လို့ ဘာလုခါလီ စခန်းအမှတ်(၉) က စခန်းအုပ်ချုပ်မှူး ဦးတာဟေ့ခေါ် ဦးမောင်မောင်တင်က ပြောပြပါတယ်။

“ကျနော်က မာဇီးတာဝန်ယူထားတယ် မာဇီးဆိုတာ အုပ်ချုပ်ရေးမှူးပေါ့ ကျနော်တို့မှာ ဒုက္ခသည် စခန်း (၃၂) ခု ရှိတယ် အဲ့ဒီ့ ဒုက္ခသည်စခန်း (၃၂) ခုမှာ ကျနော် ပတ်လည်ပြီး သတင်းလေ့လာတာတွေ ရှိတယ်။ ကျနော်တို့က ချက်ခြင်းကို ပြန်ချင်ပါတယ်။ ကျနော်တို့လူမျိုးတွေ အားလုံးက တရက်ကိုမှ မစောင့်ဆိုင်းခိုင်းပဲ ပြန်ချင်ပါတယ်။ ကျနော်တို့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရပြီးမှ ပြန်မှာပါ။ ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုံခြုံရေး အပြည့်အဝ ပေးထားတာရှိတယ်။ ဒုက္ခသည်စခန်းမှာ ကျနော်တို့ ဘာမှ စိုးရိမ်စရာမရှိဘူး။ နယ်စပ်မှာပဲ စိုးရိမ်စရာတွေရှိတာ။ သဘောထားက အားလုံးပြန်ချင်တယ်။ လုံခြုံရေးအာမခံချက် အပြည့်အဝ ရချင်တယ်။ ကျနော်တို့ အလိုအပ်ဆုံး အလိုချင်ဆုံးဆန္ဒက ကိုယ့်အိမ်ကိုပဲ ကိုယ့်နေရာကိုပဲ ကိုယ်ပြန်ချင်တယ် ဒီတချက်ကိုပဲ လိုချင်တယ် ဒီတချက်ကိုပဲ ရချင်တယ် ကျန်တာ ဘာကိုမှ မလိုချင်ဘူး။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်ခေါ်ဝေါ် သုံးနှှုန်းတာမရှိတဲ့ မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာတွေ ပြန်လည်ခေါ်ယူနိုင်ရေး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ လက်တွဲပြီး စိစစ်ဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့အတွက် ရိုဟင်ဂျာတို့ အိမ်ပြန်ရေး ဒီနှစ်ကုန်လောက်မှ စတင်ကောင်း စတင်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ့်အစိုးရ အရာရှိတွေဘက်ကလည်း ခန့်မှန်းပြောဆိုနေတာပါ။ အခုလို ရိုဟင်ဂျာဒုက္ခသည်တွေဘက်ကလည်း သူတို့ နေရပ်ရင်းကိုပဲ ပြန်လိုတယ်လို့ တစိုက်မတ်မတ် ပြောဆိုနေကြချိန် လက်တလော ရခိုင်ပြည်နယ်ထဲ AA လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် နဂိုကတည်းကမှ မှေးမှိန်နေဆဲ ရိုဟင်ဂျာတို့ အိမ်ပြန်ရေးကတော့ ဒီ့ထက်ပိုပြီးတော့မှ အလှမ်းဝေး ခက်ခဲသွားနိုင်ခြေရှိကြောင်း ရခိုင်အရေးလေ့လာသူတွေဘက်က သုံးသပ်နေကြကြောင်းပါရှင့်။

==== Unicode ====






















XS
SM
MD
LG