သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအကြမ်းဖက်ခံရမှု လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကန်သတ်မှတ်ဖို့ သုံးသပ်ဆဲ


 အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA ရိုဟင်ဂျာ အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းနီးပါး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုရည်ရွယ်တဲ့ ပြစ်မှုအဖြစ်သတ်မှတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဆုံးဖြတ်ချက်ချနိုင်သေးတာ မရှိသေးတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

ဒါဟာ သိပ်ကိုတိကျတဲ့ ဥပဒေသတ်မှတ်ချက်ပါ။ လွယ်လွယ်နဲ့ ချမှတ်လို့ မရပါဘူး။ သာမန်လူအတွက်ကတော့ ဒီပြစ်မှုတွေဟာ မယုံနိုင်လောက်အောငဆိုးရွားတာမှန်ပါတယ်။ ဒါဟာ ဘယ်လိုပြစ်မှုကြီးတွေဖြစ်တယ်ဆိုတာ သတ်မှတ်သင့်တယ်လို့ ရှု့မြင်ပေမယ့်လို့ ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေရှိပြီး ရှုပ်ထွေးလှပါတယ်။ နိုင်ငံတကာ ခုံရုံးတွေရဲ့ သတ်မှတ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒါကြောင့်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ သေသေချာချာပြန်လည်လေ့လာသုံးသပ်နေပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်လို့ Heather Nauert ကပြောသွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၁ နှစ်ပြည့် သြဂုတ်လ ၂၅ ရက်နေ့ စနေနေ့ကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုဟာ သိပ်ကိုဆိုးဝါးလှတဲ့ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ ပြောပြီး ပြစ်မှုကျူးလွန်သူတွေကို အမေရိကန်ပြည်ထောင်စုအနေအနဲ့ ဆက်လက်အရေးယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူ့ Twitter ကတဆင့်ပြောခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ဒီပြစ်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရာရောက်တဲ့အတွက် ICC နိုင်ငံတကာခုံရုံးကနေ စုံစမ်းစစ်ဆေးဖို့ အကြံပေးခဲ့ပါတယ်။ အခုလိုအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အကြံပေးချက်ကို အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့က ပြန်လည်သုံးသပ်နေတဲ့အကြောင်း တွေ့ရှိချက်တွေမှာတော့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန်ဖော်ပြထားတာတွေ့ရတဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုက ပြစ်မှုကျူးလွန်တဲ့ စစ်ဖက်ဆိုင်ရာထိပ်တန်းအရာရှိတချို့ကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပြီးဖြစ်တဲ့အကြောင်း Heather Nauert ကပြောသွားတာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲမှာလည်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haleyက အမေရိကန်နိုင်ငံခြားရေးဌာနကပြုလုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ရှိ ရိုဟင်ျဂျာ ဒုက္ခသည် လူ၁ ထောင်တို့နဲ့ သီးခြားတွေ့ဆုံမေးမြန်းထားတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ တွေ့ရှိချက်တွေဟာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ကိုက်ညီတယ်လို့ တင်ပြခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့ ဆက်ပြီးတော့ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG