သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူနည်းစု လူ့အခွင့်အရေးပြဿနာ အမြန်ဖြေရှင်းဖို့ ကုလတိုက်တွန်း


မြန်မာနိုင်ငံအတွင်းက လူနည်းစုတွေရဲ့ အခြေခံအခွင့်အရေးကို ငြင်းပယ်တဲ့ ဥပဒေဖွဲ့စည်းပုံတွေနဲ့ ပေါ်လစီတွေကို ပြင်ဆင်ရေးဆွဲတာ အပါအဝင် ရိုဟင်ဂျာမူဆလင်တွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ကာလရှည်ကြာစွာ ဖိနှိပ်ချုပ်ခြယ်မှုတွေ ဖြစ်ပေါ်စေတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲပြီး လူနည်းစုတွေအပေါ် စိုးရိမ်ဖွယ် အခွင့်အရေး ချိုးဖောက်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာ အပြစ်ပေး အရေးယူခဲ့ခြင်း မရှိတဲ့ကိစ္စကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ဇွန်လ ၂၉ ရက်နေ့က အလေးအနက် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရိုဟင်ဂျာမူဆလင်တွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ နှစ်ပေါင်းများစွာပဲ စိုးရိမ်မကင်း ဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ မဟာမင်းကြီးက ထောက်ပြပြီး၊ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရလည်း ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် စိုးရိမ်မကင်း ဖြစ်စရာကောင်းလောက်တဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေကို အမြန်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း အတည်ပြုရာ ရောက်တယ်လို့လည်း မဟာမင်းကြီးက ပြောပါတယ်။

မြန်မာအစိုးရသစ်အနေနဲ့လည်း တိုင်းရင်းသားလူမျိုးစုတွေ အရေးကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီး ဌာနအသစ်ဖွဲ့စည်းခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း အစရှိတဲ့ ခြေလှမ်းတွေကို မဟာမင်းကြီးက ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာတွေအပေါ် ကျယ်ပြန့်ပြီး စနစ်တကျ ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အတွက် အဲဒီလို ချိုးဖောက်မှု ပုံစံတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ခြေ အလားအလာ ရှိတဲ့အကြောင်း မဟာမင်းကြီးက ပြောပါတယ်။

ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်ကတော့ - မြန်မာနိုင်ငံဟာ လူနည်းစုတွေအပေါ် စနစ်တကျ အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်၊ လူနည်းစုတွေကို ဘေးဖယ်ထားဖို့အတွက် ပေါ်လစီတွေ စနစ်တကျ ချမှတ်ကျင့်သုံးနေတယ်ဆိုတာနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သက်ရောက်စေတယ်၊ စစ်ရာဇဝတ်မှု စတဲ့ စကားလုံး အသုံးနှုန်းတွေ သုံးစွဲခြင်းဟာ တိုင်းပြည်အတွင်း တကယ်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး မြန်မာကိုယ်စားလှယ်ဘက်က ပြန်လည် ချေပခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ အဲဒီလို ပေါ်လစီတွေ ချမှတ် ကျင့်သုံးနေခြင်း မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် လူ့အခွင့်အရေး ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေက ကြိုဆိုလိုက်ကြပေမယ့်လည်း ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားလိုက်ကြပါတယ်။

ဗြိတိန်နိုင်ငံကကိုယ်စားလှယ်ကတော့ - မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားတိုင်းရင်းသားလူမျိုးစုတွေ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ လူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ကိုယ်စားလှယ်ကတော့ - မြန်မာအစိုးရအနေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေအရေး ကိုင်တွယ် ဖြေရှင်းလာမှုအပေါ် ထိုင်းအစိုးရအနေနဲ့ ကြိုဆိုကြောင်းနဲ့ ဒီကိစ္စမှာ လိုတဲ့အကူအညီတွေကို ပေးသွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး နိုင်ငံတကာက ဆက်လက် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG