ရုရှား-မြန်မာ နှစ်နိုင်ငံစစ်တပ်အကြား ကြီးမားတဲ့ အတိုင်းတာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က စနေနေ့မှာ ပြောတဲ့အကြောင်း ရုရှား TASS သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားနဲ့မြန်မာ နှစ်နိုင်ငံ စစ်ဘက်အကြား အပေါင်းလက္ခဏာဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကို မြင်ထားရကြောင်း၊ နှစ်နိုင်ငံ စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်ရေး ၂၀၁၆ သဘောတူညီချက်က ပိုပြီး တွန်းအားဖြစ်စေမှာဖြစ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စနေနေ့က တွေ့ဆုံစဉ်မှာ ရုရှားကာကွယ်ရေးဝန်ကြီး Shoigu က အဲဒီလိုပြောတာပါ။
ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့ပြီး သူတို့နှစ်ဦးရဲ့ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစစ်တပ်ကြား စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ အပါအဝင်၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ရေတပ်နှစ်ခုအကြား စစ်သင်္ဘောတွေ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်ရေးနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖို့တို့ကို ဆွေးနွေးခဲ့ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း သတင်းထုတ်ပြန်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ရဲ့အဆိုအရ ရုရှားနဲ့မြန်မာ နှစ်နိုင်ငံစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် ရုရှားဘက်က အဆင်သင့်ဖြစ်နေကြောင်း ပြောဆိုသလို နှစ်ဘက်စစ်တပ်ကြား ပုံမှန်အဆက်အသွယ်တွေ ရှိနေတယ်လို့လည်း Shoigu က ပြောပါတယ်။
မြန်မာနိုင်ငံကို အလေးထားတဲ့အနေနဲ့ ရုရှားစစ်သင်္ဘောတွေ မြန်မာနိုင်ငံဆိပ်ကမ်းထိ လာရောက်လည်ပတ်ဖို့ရှိသလို မြန်မာ စစ်သင်္ဘောတွေအနေနဲ့လည်း ရုရှာနိုင်ငံကို လာရောက်လည်ပတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီး Shoigu က ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တရပ်ကို ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နဲ့ ရုရှား ဒုကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး Alexander V. Fomin တို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း လုပ်ဆောင်ချက်အများအပြားရှိခဲ့ပြီးတော့ နောက်ထပ်ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ကြီးတွေလဲ ရှိထားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုတိုးလာဖို့ မျှော်လင့်တယ်လို့ပြောကြောင်း TASS သတင်းမှာဖော်ပြထားပါတယ်။ စနေနေ့မှာ စတင်ခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ရဲ့မြန်မာပြည် ခရီးစဉ်အတွင်း ကျဆုံးစစ်သည်တွေအတွက် လွမ်းသူ့ပန်းခွေချပါတယ်။