သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းရန်လိုတိုက်ခိုက်” ရုရှားသမ္မတပူတင်


ယူကရိန်းနဲ့နယ်ချင်းကပ်နေတဲ့ Kursk ခရိုင် Sudzha မြို့မှာ ယူကရိန်းက အမြောက်နဲ့ပစ်လို့ပျက်စီးသွားတဲ့ လူနေအိမ်တွေဆိုပြီး Kursk ယာယီအုပ်ချုပ်ရေးမှူးရဲ့ တယ်လီဂရမ်မှာတင်ထားတဲ့ပုံ။ (သြဂုတ် ၆၊ ၂၀၂၄)
ယူကရိန်းနဲ့နယ်ချင်းကပ်နေတဲ့ Kursk ခရိုင် Sudzha မြို့မှာ ယူကရိန်းက အမြောက်နဲ့ပစ်လို့ပျက်စီးသွားတဲ့ လူနေအိမ်တွေဆိုပြီး Kursk ယာယီအုပ်ချုပ်ရေးမှူးရဲ့ တယ်လီဂရမ်မှာတင်ထားတဲ့ပုံ။ (သြဂုတ် ၆၊ ၂၀၂၄)

ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းဘက်က ကြီးကြီးမားမား ရန်လိုတိုက်ခိုက်ခဲ့တယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောပါတယ်။ ယူကရိန်းနဲ့ နယ်ချင်းစပ်နေတဲ့ ရုရှားအနောက်တောင်ပိုင်းက Kursk ဒေသကို နှစ်ရက်မြောက်အဖြစ် ယူကရိန်းတပ်တွေက စစ်ဘက်အရပ်ဘက်မခွဲဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားခေါင်းဆောင်က သူ့ဝန်ကြီးအဖွဲ့ကို ပြောလိုက်တာပါ။

ဒါပေမယ့်လည်း Kursk ဒေသ အနောက်ခြမ်းနယ်စပ်မှာတွေ့ရတဲ့ အပျက်အစီးတွေနဲ့ စွန့်ပစ်ထားတဲ့ သံချပ်ကာကားတွေ တည်ရှိမှုကိုကြည့်တဲ့အခါမှာ ယူကရိန်းတပ်တွေ ဟုတ်မဟုတ်ဆိုတာ အတည်မပြုနိုင်ဘူးလို့ အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျူက ပြောပါတယ်။ ယူကရိန်းက စီးနင်းတိုက်ခိုက်ပြီးနောက် မြင်ရတဲ့ပုံဆိုပြီး ရုရှားစစ်ဘက်ဘလော့ဂါတွေ ဖြန့်ဝေနေတဲ့ အဲဒီ ဓါတ်ပုံကို အဲဒီ့အဖွဲ့က သံသယရှိပါတယ်။

အပျက်အစီးအတော်များများကိုကြည့်ရင် ယူကရိန်းဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပုံရပြီး မြေပြင်စစ်ဆင်ရေး လုပ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ အဲဒီအဖွဲ့ နေ့စဉ်အစီရင်ခံစာမှာဖော်ပြပါတယ်။

Kursk ဒေသ ယာယီအုပ်ချုပ်ရေးမှူးကတော့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေအတွက် သွေးလှူဒါန်းကြဖို့ ဒေသခံတွေကို တိုက်တွန်းနေပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေကို သူရဲကောင်းပီပီသသ ခုခံတိုက်ခိုက်နေကြတယ်လို့လည်း အဲဒီ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရုရှားကာကွယ်ရေးဌာနရဲ့ ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တင့်ကား ၁၁ စင်း၊ သံချပ်ကာယာဉ် ၂၀ ကျော်နဲ့ ယူကရိန်းစစ်သည် ၃၀၀ ကျော်ဟာ ရုရှားထဲ ဝင်ရောက်တိုက်ခိုက်ပေမယ့် အပြင်းအထန် ထိခိုက်ဆုံးရှုံးသွားကြတယ်လို့ ဆိုပါတယ်။ ရုရှားစစ်တပ်က လက်နက်ကြီးတွေ၊ စစ်လေယာဉ်တွေသုံးပြီး ရန်သူယူကရိန်းတပ်ကို ရုရှားပိုင်နက်အတွင်းပိုင်းထဲ အဝင်မခံခဲ့ဘူးလို့လည်း ပြောပါတယ်။ ယူကရိန်းတာဝန်ရှိသူတွေဘက်ကတော့ ရုရှားခုလို ပြောဆိုတာကို တုံ့ပြန်ဖို့ ငြင်းဆန်ပါတယ်။

Forum

XS
SM
MD
LG