သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ခံ အနည်းဆုံး ၉ ဦးသေဆုံး​​​​​​​


TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု - နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၄။
TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု - နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၄။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကို မနေ့ညသန်းခေါင်အချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံးမြို့ခံ ၉ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတတယ်။ TNLA အဖွဲ့က မိုးကုတ်မြို့ကို သိမ်းယူပြီး ၄ လခန့်အကြာမှာ ပထမဆုံး လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့ခံတွေကလည်းအတည်ပြုကြပါတယ်။ မိုးကုတ်မြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်လေး တင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ TNLA က သိမ်းယူထားတဲ့ မိုးကုတ်မြို့ကို တနင်္လာနေ့ည သန်းခေါင်အချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့ခံတချို့ ထိခိုက်သေဆုံးခဲ့ကြတာပါ။ ဒီနေ့မွန်းလွဲပိုင်းအထိ ထိခိုက်သေဆုံးသူ အတည်ပြုနိုင်သူ ၉ ဦး ရှိတယ်လို့လည်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက VOA ကိုအခုလို ပြောပါတယ်။

“မနေ့က လေကြောင်းတိုက်ခိုက်မှုကို ပြန်ပြီးတော့မှ update လိုက်ချိန်မှာ အရပ်သား ၉ ဦး သေဆုံး သွားတယ်။ ၁၃ ဦးကတော့ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁၀ လုံးက ထိခိုက်ပျက်စီးသွားပါတယ်။”

မိုးကုတ်ဒေသခံတဦးကို ဒီကနေ့ မနက် ၁၀ နာရီလောက်အချိန်က မေးမြန်းရာမှာ မနေ့က နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်းနဲ့ မိုးကုတ်အရှေ့ပိုင်းက လူ ၂ ယောက်သေဆုံးကြောင်းသိရပေမဲ့ အနောက်ပိုင်းက သတင်းမရသေးကြောင်း ပြောပါတယ်။

“မနေ့ညက အရှေ့ပိုင်း လယ်ဦးပေါ့နော်။ မိုးမိတ်ဘက်ထွက်တဲ့လမ်း အထက်လယ်ဦး၊ ပရိတ်စင် အကျော် သံတံတားနားပေါ့။ အထိအခိုက်အသေအပျောက်က တာဝန်ရှိတဲ့သူတယောက် ပြောတာတော့ သေတာကတော့ ၂ ယောက်သေတယ်လို့ ပြောတယ်။ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ ပြောတယ်။ အိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်။ ၁၅ - ၂၀လောက်တော့ရှိမယ်။ အနောက်ပိုင်းရော ကြဲသွားတယ်ဗျ။ အနောက်ပိုင်းကတော့ မြို့ဦးလွင်နဲ့ လူးထလို့တော့ ကြားတယ်ဗျ။ အဲဒါ တော့ သေချာတော့ မသိသေးဘူး။ လေယာဉ်က ၂ ကြိမ်လာတယ်ဗျ။ ပေါင် ၅၀၀ သုံးလုံး ချသွားတယ်။အရှေ့ပိုင်းမှာ။ အနောက်ပိုင်းက ၂ နေရာပြောတယ်။ အနောက်ပိုင်းက ဘယ်လောက် ချသွားတယ် ဆိုတာ မပြောတတ်သေးဘူး။”

ညနေပိုင်းမှာ ဆက်သွယ်မေးမြန်းရာမှာတော့ မိုးကုတ်ဒေသခံက မိုးကုတ် အနောက်ပိုင်း လူးထဘက်မှာ ၃ ဦး သေဆုံးတယ်လို့ ထပ်မံ ကြားသိရကြောင်း ပြောပါတယ်။

အခြားဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာလည်း စုစုပေါင်း သေဆုံးသူ ၅ ဦးသာ ကြားသိ ရကြောင်း ပြောကြပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီက လတ်တလောသတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။

TNLA သိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်ခိုက်တာဖြစ်ပြီး နောက်ရက်တွေလည်း ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

မိုးကုတ်မြို့ဟာ မန္တလေးတိုင်းအတွင်းမှာ TNLA နဲ့ ပူးပေါင်းတပ်တွေက ပထမဆုံး တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) စတင်ပြီး ရက် ၃၀ မြောက် ဇူလိုင် ၂၄ ရက်မှာ မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်း အားလုံးကို အပြီးတိုင် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ စစ်ကောင်စီနဲ့TNLA အကြားမှာ နောင်ချိုမြို့နယ် တောင်ခမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ပြင်ဦးလွင်နဲ့ နောင်ချိုကြား ဂန့်ကော်နဲ့ ဘန့်ဘွေးရွာဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG