တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက အပြင်အထန် ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာသေးခင်ကပဲ ဖယ်ခုံမြို့ကို ရောက်ရှိလပြီး စစ်အင်အားဖြည့်တင်းနေသလို၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကရင်နီတိုင်းရင်းသားတွေရှိရာ ဒေသက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ ဖယ်ခုံမြို့ပေါ်ကို ရောက်ရှိလာပါပြီ။ ဖယ်ခုံမြို့ကနေ တဆင့် မိုးဗြဲမြို့ဘက်ကို အင်အားဖြည့်တင်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က ဗွီအိုအေကို ပြောပါတယ်။
“ပင်လောင်းကနေပြီးတော့ ဖယ်ခုံမြို့ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒီဖယ်ခုံမြို့ကို ဒါ ရောက်ရှိသွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဖယ်ခုံမြို့ဘေးပတ်ဝန်းကျင်မှာတော့ ဒီရက်ပိုင်းတွေမှာတော့ တိုက်ပွဲကြီးကြီးမားမားမရှိပါဘူး။ စစ်ကောင်စီဘက်က ဒီဖယ်ခုံကနေ မိုးဗြဲဖက်ကို အင်အားတွေ ဖြည့်တင်းနေပါတယ်ပေါ့။ ဆိုတော့ ဖယ်ခုံ-မိုးဗြဲလမ်းကြောင်းမှာလည်း ဒါစစ်ကောင်စီဘက်က လှုပ်ရှားပြီးတော့မှ စစ်ကြောင်းထိုးအင်အားဖြည့်နေတာတွေ ရှိပါတယ်၊ လတ်တလောကတော့ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။”
စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းနဲ့ မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က ပြောပါတယ်။
“စစ်ကောင်စီသည် ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးကတော့ အဓိက သူတို့ဆုံးရှုံးသွားတဲ့ စခန်းတွေကို ပြန်သိမ်းနိုင်ဖို့ သူတို့ ဆုံးရှုံးသွားတဲ့ ဒီနယ်မြေတွေကို ပြန်ပြီးတော့ ထိန်းချုပ်နိုင်ဖို့လို့ ယူဆပါတယ်။ ဥပမာ ဒီပင်လောင်းကနေ ဖယ်ခုံတကျောမှာရှိတဲ့ သူတို့အထိုင်ချခဲ့တဲ့နေရာတွေကို ဒါပြန်လည်သိမ်းပိုက်နိုင်ဖို့ ဖြစ်တယ်။ နောက်ပြီးတော့ မိုးဗြဲမြို့ပေါ့နော် (၄၂၂) တပ်ကလွယ်လို့ မိုးဗြဲမြို့ကိုလည်း သူတို့လက်လွှတ်လိုက်ရတာဖြစ်တဲ့အတွက် မိုးဗြဲမြို့ ကိုလည်း ဒါသူတို့ပြန်ထိန်းချုပ်ချင်တဲ့ သဘောမှာ ရှိတယ်။”
မိုးဗြဲမြို့မှာရှိတဲ့ ဗျူဟာကျတဲ့ တပ်စခန်း၊ ကုန်းစခန်းတွေ စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို ကရင်နီဒေသထဲမှာ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ နယ်မြေဒေသတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက် လုပ်လာနေပြီး အခုချိန်မှာ စပါးရိတ်သိမ်းချိန်ဖြစ်တာမို့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြပါတယ်။
တနင်္လာနေ့တုန်းက ဖယ်ခုံမြို့နယ်အနောက်ပိုင်း လအိကျေးရွာ ဘန်ကောက်စစ်ရှောင်စခန်းကို လေယာဉ်ဗုံးကြဲခံရလို့ အမျိုးသမီး ၁ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးဘုရားကျောင်းဆောင်နဲ့ နေအိမ် တချို့ ပျက်စီးသွားတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က ပြောပါတယ်။
“ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဒုတိယအကြိမ်ဗုံးကြဲတဲ့အတွက် ပြည်သူ တဦး သေဆုံးခဲ့ရတယ်နော်၊ နောက်ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ အဲ့တော့ စစ်ကောင်စီက ဘန်ကောက်စစ်ရှောင်စခန်းကိုပဲ ဒါပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လာရောက်တိုက်ခိုက်ခဲ့တာပေါ့နော်၊ အဲ့မှာ ပျက်စီးကတော့ နေအိမ် ၁၂ လုံးပျက်စီးတယ်။ ပြီးတော့ ခရစ်ယာန်ဘုရားကျောင်းဆောင် တဆောင်ပျက်စီးပါတယ်။”
ဘန်ကောက်စစ်ရှောင်စခန်း လေယာဉ်ဗုံးကြဲခံရလို့ အရပ်သားတွေ ထိခိုက်သေကြေရတဲ့ အခြေအနေကို ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားကလည်း ဗွီအိုအေကို အတည်ပြုပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အခုနိုဝင်ဘာလထဲမှာ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်မှာတော့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ဦး သေဆုံး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ မြေပြင်မှာ လှုပ်ရှားနေတဲ့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
“ဒီနိုဝင်ဘာလထဲမှာ ကျနော်တို့ မှတ်မိသလောက်ပေါ့နော်၊ လက်နက်ကြီးကြောင့် နိုးကိုးဘက်မှာက ၄ဦးသေတယ်၊ နောက်ပြီးတော့မှ ဖယ်ခုံအရှေ့ဘက်ခြမ်းမှာက လေယာဉ်ဗုံးကြဲတာ ၂ဦးသေတယ်။ ၆ဦးပေါ့နော်၊ အခု နောက် ၁ဦးအပါအဝင်ဆိုတော့ ၇ဦးပေါ့နော်။ ထိခိုက်ဒဏ်ရာက အဲ့မှာ ၉ ဦးရယ် အခု နောက်ထပ် ၂ဦးဆိုတော့ ၁၁ ဦးလောက်ရှိတယ်ပေါ့နော်၊ နေအိမ်ကတော့ ၂၀ ကျော်၊ ၂၀ ဝန်းကျင်ကတော့ ပျက်စီးပါတယ်။”
အလားတူ လအိကျေးရွာ ဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ ကြဲချ တိုက်ခိုက်တာကြောင့် ကလေးငယ် ၇ ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့က အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ လအိကျေးရွာ ဆေးရုံကို ပေါင် ၅၀၀ ဗုံးနဲ့ ၄ကြိမ် လာရောက်ကြဲချခဲ့လို့ ဆေးရုံဝန်ထမ်း အပါအဝင် အရပ်သား ၃ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့ပါတယ်။
လတ်တလော ဖယ်ခုံက စစ်ရေးအခြေအနေနဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို လေယာဉ်ဗုံးကြဲတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအေအိုက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံပြောဆိုတာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။
Forum