သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မုန်တိုင်းဘေး ကူညီသူ စာရေးဆရာ ဝေဟင်အောင် ဖမ်းဆီးခံရ


စာရေးဆရာ ဝေဟင်အောင်
စာရေးဆရာ ဝေဟင်အောင်

ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် ၅ဦးကို စစ်ဆေးမှုတွေပြီးရင် ပြန်လည်လွှတ်ပေးသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ သူ့ကို ဖမ်းဆီးစဥ်မှာ သူနဲ့အတူ စစ်ကောင်စီက တရားမဝင် သတင်းဌာနအဖြစ် ကြေညာခြင်းခံထားရတဲ့သူတွေ ပါလာတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို အခြေခံပြီး တင်ပြပေးထားပါတယ်။

ဆိုင်ကလုန်း မိုခါ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေကို ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် လူ ၅ဦးကို မေလ ၂၃ ရက်၊ မနေ့ညနေက စစ်ကောင်စီက ဖမ်းဆီးလိုက်တာပါ။ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတွေဆီကို ကူညီထောက်ပံ့ဖို့အသွား စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ကျောက်တန်း စစ်ဆေးရေးဂိတ် အလွန်မှာ ဖမ်းဆီးခဲ့တာပါ။

စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်ဆေးမှုတွေပြီးရင် ပြန်လည်လွှတ်ပေးသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ အစောပိုင်းမှာ ဗွီအိုအေကို ပြောပါတယ်။ ကိုဝေဟင်အောင်တို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးရတာနဲ့ပတ်သတ်လို့ စစ်ကောင်စီပြောခွင့်ရက ခုလိုပြောပါတယ်။

“ကိုဝေဟင်အောင်၊ သူ့သမီးနဲ့ သူ့တပည့်တွေက ရခိုင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်နေသူတွေပါ။ သူတို့တွေ ပုဏ္ဏားကျွန်းအသွားမှာ ရန်ကုန်ကလာတဲ့ ပရဟိတအဖွဲ့ပေါ့၊ ဒီအဖွဲ့အစည်းတောင် ကိုယ်တိုင် သိချင်မှသိပါလိမ့်မယ်၊ ဒီအဖွဲ့မှာပါလာတဲ့ ဒီအဖွဲ့အစည်း အမည်ခံပါလာတဲ့ ၂ယောက်ရှိပါတယ်။ အဲဒီပါလာတဲ့ ၂ယောက်ဟာ ကျနော်တို့နိုင်ငံမှာ တရားမဝင် သတင်းဌာနအနေနဲ့ ကြေညာခြင်းခံရတဲ့ မီဒီယာတခုက ဖြစ်ပါတယ်။ ခုလောလောဆယ် ကနဦး မေးမြန်းချက်တွေအရ သူတို့ကို အသုံးချဆောင်ရွက်သွားတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့အနေနဲ့က ကိုဝေဟင်အောင်၊ သူ့သမီးနဲ့ သူ့တပည့်ကိုက မေးမြန်းပြီးတာနဲ့ ပြန်လွှတ်ဖို့ အစီအစဉ်ရှိတယ်။”

မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃

မနေ့ကဖမ်းဆီးခံရသူတွေက ကိုဝေဟင်အောင်၊ သူ့သမီး၊ သူ့တပည့်နဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ဗိုလ်စိန် ပရဟိတအဖွဲ့က နှစ်ယောက် စုစုပေါင်း ၅ယောက်ပါ။ ရန်ကုန်တိုင်းကလာတဲ့ ဗိုလ်စိန်ပရဟိတအဖွဲ့ဝင် ၂ဦးဟာ စစ်ကောင်စီ ပိတ်သိမ်းထားတဲ့ မီဒီယာတိုက်က သတင်းထောက်တွေ ဖြစ်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုပေမယ့် သူတို့တွေဟာ ဘယ်မီဒီယာတိုက်ကလဲဆိုတာတော့ စစ်ကောင်စီ ပြောခွင့်ရက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ သူတို့ကို ဖမ်းဆီးရတာနဲ့ပတ်သတ်လို့ ရှင်းရှင်းလင်းလင်းဖြေဖို့ကိုလည်း ငြင်းဆိုပါတယ်။ လက်ရှိ သူတို့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရက အခုလို ဆက်ပြောပါတယ်။

“ရန်ကုန်ကလာတဲ့ ၂ယောက်ကိုတော့ ကျနော်တို့ ဆက်လက် စစ်ဆေးမေးမြန်းဖို့ ရှိတယ်။ ကျနော်တို့အနေနဲ့ ပရဟိတ အဖွဲ့တွေ NGO ၊ INGO တွေနဲ့ ပူးပေါင်းလုပ်နေတယ်။ ဆောင်ရွက်နေတာမှာ ဒီဟာကို အသုံးချပြီး တချို့သော တရားမဝင် အဖွဲ့အစည်းအနေနဲ့ သူတို့ကို အသုံးချတာတွေရှိတယ်။ ဒါတွေကို သတိပြုဖို့လိုတယ်လို့ ကျနော် သတိပေးချင်တယ်။”

နီးစပ်သူတချို့ရဲ့အဆိုအရ ကိုဝေဟင်အောင်၊ သူ့သမီးနဲ့ တပည့်အပါအဝင် ၃ဦးကို ပြန်လွတ်လာပြီလို့ ကြားသိရပေမယ့် ဒီကိစ္စကို ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ သူနဲ့အတူ ဖမ်းခံထားရတဲ့ ကျန်လူ ၂ယောက်ကတော့ အခုချိန် ပြန်လွတ်မလာသေးဘူးလို့ နောက်ဆုံး စုံစမ်း သိရှိရပါတယ်။ သူတို့ကို စစ်တွေမြို့က ထောက်လှမ်းရေး ၁၀ ရုံးမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့် မရသေးဘူးလို့ ဆိုပါတယ်။

စာရေးဆရာ ဝေဟင်အောင်ဟာ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဖြစ်ပြီးကတည်းက ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ စတဲ့ မြို့နယ်တွေနဲ့ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ကျေးရွာတွေမှာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ ကိုဝေဟင်အောင်ဟာ မိုခါ မုန်တိုင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်တဲ့သူတွေထဲမှာ ပထမဆုံး ဖမ်းဆီးခံရသူလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်ကို အခုလို ဖမ်းဆီးခံရတဲ့အတွက် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေကြတဲ့ ပရဟိတသမားတွေအကြားမှာ စိုးရိမ်စိတ်တွေ ရှိလာသလို ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG