သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်


မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃

"မိုခါ" မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခြေခံပညာသင် ကျောင်းတွေကို အစိုးရစာသင်နှစ်အတိုင်း ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုမှာတော့ စာသင်ကျောင်း တော်တော်များများ ပျက်စီးသွားပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့တုန်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့ပြီး အခုချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ အခြေအနေပါ။ ပျက်စီးခဲ့တဲ့ အထဲမှာ စာသင်ကျောင်းတွေလည်း ပါဝင်ပြီး၊ အခုစာသင်နှစ် ပထမဆုံးရက်ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောပါတယ်။
"ကျနော်တို့ကတော့ ရက်အပြောင်းအလဲတော့ မရှိဘူးဗျ။ ကျနော်တို့က ပုံမှန်အတိုင်းပဲ။ ဒီနေ့ဆိုရင် ၂၀၂၃ - ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပထမနေ့ပေါ့နော်။ ပုံမှန်အတိုင်းပဲ ကျောင်းသားတွေကို စတင်ပြီးတော့ ကျနော်တို့ လက်ခံနေပါပြီ။"
မုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနဲ့ ကျောက်တော်၊ ဘူးသီးတောင် အပါအဝင် မြောက်ဦး မြို့နယ်မှာရှိတဲ့ စာသင်ကျောင်း အဆောက်အအုံတွေ တော်တော်လေးပျက်စီးခဲ့ပြီး၊ တချို့ကျောင်းတွေကတော့ ခေါင်မိုးလန်တာလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တခြားပြည်နယ်နဲ့ တိုင်းဒေသတွေမှာရှိတဲ့ အခြေခံပညာသင် ကျောင်းတွေလိုပဲ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး ကျောင်းအပ်လက်ခံခဲ့တယ်လို့ ဦးဘထွီးစိန်က ပြောပါတယ်။
"ပျက်စီးတဲ့ ကျောင်းတွေကိုတော့ အများအားဖြင့် အထက်တန်းပိုင်းကို ဦးစားပေးပြီးတော့ အထက်တန်းကျောင်းခွဲတွေမှာ ဖွင့်သွားမယ်ပေါ့။ ကျန်တဲ့ မြို့နယ်တွေမှာကျတော့ အပျက်အစီး မရှိတဲ့အတွက် ပုံမှန်အတိုင်း ကျောင်းဖွင့်ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်ဗျ။ ဒီနေ့ဆိုရင် ရခိုင်ပြည်နယ် တပြည်နယ်လုံးမှာ KG ကနေ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၅,၇၂၅ ဦး ကျနော်တို့ လက်ခံထားပါတယ်ဗျ။ ဒီနေ့ ပထမဆုံး ကျောင်းအပ်လက်ခံတဲ့နေ့ စာရင်းပါဗျ။"
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်တော်မြို့၊ မေ ၁၄၊ ၂၀၂၃
၂၀၂၃ - ၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံနေပြီး ပထမဆုံးနေ့မှာတင် ကျောင်းအပ်သူ ၃ သောင်းကျော် ရှိတယ်လို့ ပြောပါတယ်။ ပျက်စီးမှုကြီးမားတဲ့ စာသင်ကျောင်း အဆောက်အအုံတွေကိုတော့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး၊ တချို့ကျောင်းတွေကို ဒေသခံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
"မြေပုံကနေစလို့ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်ပိုင်းမှာတော့ နည်းနည်းပဲ အမိုးလန်တဲ့ ကျောင်းတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေး ဌာနရယ်၊ အာဏာပိုင် အဖွဲ့တွေနဲ့ အမိအဖတွေနဲ့ ပူးပေါင်းပြီးတော့မှ အမိုးလန်တာတွေကို ဆောင်ရွက်ပြီးတော့ ဒီ ၁ ရက်၊ ၂ ရက် အတွင်းမှာ ပြီးသွားမှာပါ။ ဒီဘက်ပိုင်း မြို့နယ်တွေကျတော့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်တိုင် ကြီးကြပ်ပြီးတော့မှ ဆောင်ရွက်နေတယ်ဗျ။ ကုမ္ပဏီတွေနဲ့ ကျောင်းတွေမှာ အမိုးတွေကို ဆောင်ရွက်နေပါတယ်။ ပျက်စီးမှုအနည်းဆုံး ကျောင်းဆောင်တွေကို အရင်မိုးပြီးတော့မှ ကျောင်းဖွင့်ပြီး သင်ကြားနိုင်အောင် ကြိုးစားနေပါတယ်ဗျ။"
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ သေဆုံးသူစုစုပေါင်း ၁၄၈ ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ အချိန်မှာ နေစရာမရှိတော့တဲ့သူတွေနဲ့ စားသောက်ဖို့ အခက်ကြုံနေရသူတွေလည်း တော်တော်များနေပါတယ်။ ပညာရေးဘက်ကတော့ ကျောင်းပြန်ဖွင့်ဖို့ ရက်သတ္တပတ် အလိုလောက်သာ ကျန်တော့ပေမယ့် အခုနှစ် စာသင်နှစ်အတိုင်း ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ကို ပြင်ဆင်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG