မြန်မာနိုင်ငံမှာ မိုခါ မုန်တိုင်းဒဏ် ခံရတဲ့ပြည်သူတွေလိုအပ်တဲ့ ပစ္စည်းတွေကို ပို့ဆောင်နေပြီဖြစ်ပေမဲ့ ခွင့်ပြုချက်လိုအပ်တဲ့အတွက် စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မွာ ပြောသွားပါတယ်။
နေစရာ အဆောက်အအုံတွေ၊ အများသုံး အခြေခံအဆောက်အအုံတွေ နဲ့ ပြည်သူလူထု ရေရရှိရေး စနစ်တွေ ပျက်စီးသွားကြပြီး၊ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ သောက်ရေသန့်ရရှိရေးက ခက်ခဲနေပြီး၊ ဝမ်းပျက်ဝမ်းလျှောလို ကူးစက်ရောဂါတွေကူးစက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးသွားကြသလို၊ ကျောင်းတွေလည်း ပျက်စီးသွားကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
သဘာဝ ဘေးအန္တရာယ်ကြောင့် အသေအပျောက်နှုန်းက တင်ကြို သတိပေးစနစ်တွေကြောင့် ကျဆင်းလာတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး WMO ရဲ့ အကြီးအကဲ Petteri Taalas ကလည်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ မိုခါမုန်တိုင်းကို ဥပမာပေး ပြောသွားပါတယ်။ စစ်ကောင်စီက သေဆုံးသူ ၁၄၅ ယောက် ရှိတယ်လို့ဆိုပါတယ်။ အရင်တုန်းကလိုသာဆိုရင် အလားတူသဘာဝ ဘေးအန္တရာယ်တွေကြောင့် လူတွေ သောင်းချီ ၊သိန်းချီ သေဆုံးရတာ ဖြစ်တယ်လို့ Petteri Taalas က ထောက်ပြပါတယ်။ သက္ကရာဇ် ၂၀၂၇ ခုနှစ်မှာ နိုင်ငံတိုင်း တင်ကြိုသတိပေးစနစ်ရှိမယ့် စီမံကိန်းတစ်ရပ်ကို ကုလသမမဂ္ဂက ချမှတ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း WMO ရဲ့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။