သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် အကူညီတွေပေးအပ်


This image provided by World Food Program shows relief food commodities being stockpiled at WFP warehouses in Rakhine State, Myanmar.
This image provided by World Food Program shows relief food commodities being stockpiled at WFP warehouses in Rakhine State, Myanmar.

မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် အကူညီတွေပေးအပ်

မိုခါမုန်တိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ကရော ဒေသတွင်းနိုင်ငံတွေကပါ ကူညီထောက်ပံ့မှုတွေ ပေးနေကြပါတယ်။ အာဆီယံကပေးမယ့် ကူညီထောက်ပံ့ရေးပစ္စည်းတွေကတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိပါတယ်။ ဒါဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာရှိတဲ့ အာဆီယံရဲ့ သဘာဝဘေးဒဏ် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ထောက်ပို့ ဂိုဒေါင်တွေမှာထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ပြောပါတယ်။

မေလ ၂၂ ဒါမှမဟုတ် ၂၃ ရက်နေ့ကျရင်လည်း အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေက လူသားချင်း စာနာအကူအညီပေးရေး စစ်လေယာဉ်နဲ့ အကူအညီတွေ ထပ်ပြီး ပို့ပေးဖို့ရှိကြောင်းလည်း ဒေသတွင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။


လူသားချင်းစာနာမှု အကူအညီဆိုင်ရာ အာဆီယံညှိနှိုင်းရေးရုံး အမှုဆောင်ညွန်ကြားရေးမှူး၊ အရေးပေါ် တုံ့ပြန်ရေးနဲ့ သုံးသပ်ရေးအဖွဲ့က အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံ ကိုယ်စားလှယ်တွေ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံမှာ ရောက်နေကြပြီး အရေးပေါ် လိုအပ်ချက်တွေကို လေ့လာဆန်းစစ် နေကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန် တရုတ်သံရုံးကလည်း ဆိုင်ကလုံး မိုခါ ဒဏ်ခံရသူတွေအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့လှူဒါန်းခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ပေးပို့တဲ့ ပစ္စည်းတွေထဲမှာ ခေါက်ဆွဲခြောက်တွေ၊ ဘီစကစ်တွေနဲ့ သောက်ရေသန့်တွေ ပါဝင်ကြောင်း ပြောပါတယ်။ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အိန္ဒိယက ရေတပ်သင်္ဘော ၃ စင်း နဲ့ အရေးပေါ်ကူညီရေး ဆေးဝါးနဲ့ တခြား အထောက်အကူပစ္စည်းတွေ ပေးပို့ခဲ့တာပါ။

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ရခိုင်ပြည်နယ် စစ်တွေက မုန်တိုင်းရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေကြတဲ့ ဒုက္ခသည် ၆၀၀၀ လောက်အတွက် အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ဖြန့်ဖြူးပေးခဲ့တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့တွေဟာ ဒေသတွင်းလိုအပ်သူတွေအတွက် အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ကို စောင်းဆိုင်းနေဆဲပဲ လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG