သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒုက္ခသည်တွေကို WFP စတင်ကူညီ 


ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) (မေ ၁၈၊ ၂၀၂၃)
ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) (မေ ၁၈၊ ၂၀၂၃)

မြန်မာနိုင်ငံက မိုခါမုန်တိုင်းဒဏ် အဆိုးဆုံးခံထားရတဲ့ နေရာတွေဆီကို WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အကူအညီတွေ စတင်ပေးဝေနေပြီလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ အကူအညီတွေ စတင်ပို့ပေးနေပြီလို့ အာရှနဲ့ ပစိတ်ဖိတ်ဆိုင်ရာ WFP ရဲ့ Twitter မှာလည်း ရေးသားထားပါတယ်။ မုန်တိုင်းလမ်းကြောင်းတလျှောက်က လူပေါင်း ၈ သိန်းလောက်အကူအညီလိုအပ်နေကြတယ်လို့ ပြောပါတယ်။ ၃.၂ သန်းကတော့ အလွန်အမင်းအကူအညီ လိုအပ်နိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းကြောင်း ဌာနေတာဝန်ခံ Stephen Anderson ပြောကြားချက်ကို WFP ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

UK နိုင်ငံကလည်း မြန်မာနိုင်ငံက မုန်တိုင်းသင့်ဒေသတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ စတာလင်ပေါင် ၂ သန်း ကူညီ ထောက်ပံ့ပေးမယ့်အကြောင်း ဒီကနေ့ ကြေညာပါတယ်။ မုန်တိုင်းကြောင့် အမိုးအကာနဲ့ သောက်သုံးရေမရှိ နေထိုင်နေကြရသူ ထောင်ပေါင်းများစွာကို ကူညီပေးမှာ ဖြစ်ပြီး မုန်တိုင်းသင့်ဒေသတွေမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး အရေးပေါ် အကူအညီတွေ အမြန်ဆုံး ဖြန့်ဝေပေးနိုင်အောင် လုပ်သွားမယ့်အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတချို့ကတော့ မုန်တိုင်းအပြင်းအထန် တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးနဲ့ လမ်းပန်းအခက်အခဲတွေ ကြုံနေရပြီး အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ရေး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ စောင့်နေရတယ်လို့ ပြောဆိုထားပါတယ်။

ဒီအတောအတွင်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အိန္ဒိယ ရေတပ်သင်္ဘော ၃ စင်း မနေ့က အရေးပေါ်ကူညီရေး ဆေးဝါးနဲ့ တခြား အထောက်အကူ ပစ္စည်းတွေနဲ့အတူ ရန်ုကုန်မြို့ကို ဆိုက်ရောက်တဲ့အကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ လိုအပ်တဲ့ နေရာတွေကို ဒီအကူအညီတွေ ရောက်သွားပြီလားဆိုတာတော့ သေချာမသိရသေးသလို၊ မုန်တိုင်းသင့်ဒေသတွေက ပြည်သူ အများစု ကတော့ လိုအပ်တဲ့ အကူအညီတွေ မရသေးတဲ့အကြောင်း ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) (မေ ၁၈၊ ၂၀၂၃)
ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) (မေ ၁၈၊ ၂၀၂၃)

ဒီလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နည် တခုတည်းမှာတင် သေဆုံးသူ ၁၄၅ ဦးရှိသွားပြီလို့ မြန်မာစစ်ကောင်စီရဲ့ မေလ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ မေလ ၁၇ ရက်နေ့အထိ သေဆုံးသူ ၄၈ ဦးသာ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်းနဲ့ မြေပုံမြို့နယ်တွေမှာ ဒေသခံ ၆ ဦးနဲ့ IDP ဒုက္ခသည်စခန်းက ၉၁ ဦး ထပ်မံ သေဆုံးတာ တွေ့ရတဲ့အတွက် ဒီကနေ့မှာတော့ သေဆုံးသူ ၁၄၀ ကျော် သွားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် စစ်တွေမြို့နဲ့ အနီးတဝိုက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာ သေဆုံးသူ ၄၀၀ လောက်အထိ ရှိတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပြောဆိုခဲ့တာတွေ ရှိသလို၊ ဒီလို ပြောဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတာကြောင့် ခုလို ထုတ်ပြန်တာလို့လည်း မြန်မာစစ်ကောင်စီက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG