သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူသားချင်းစာနာမှုတုံ့ပြန်ရေး ဒေါ်လာ ၇၆၄ သန်းလိုအပ်


ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က နေအိမ်တွေ ပျက်စီးသွားပုံ၊ (မေ ၁၇၊ ၂၀၂၃)
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က နေအိမ်တွေ ပျက်စီးသွားပုံ၊ (မေ ၁၇၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၄.၅ သန်းအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး လူသားချင်းဆိုင်ရာ အကူအညီတွေအတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်းလိုအပ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ပဋိပက္ခတွေကြောင့် လူမှုရေး၊ စီးပွားရေး အကြပ်အတည်းတွေဖြစ်ပေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဆင်းရဲမွဲတေမှုအောက်ရောက်ရှိခဲ့ပါတယ်။ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ နှစ်ဆန်းပိုင်း အထိ ၁.၅ သန်းထိရှိလာတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းကဖေါ်ပြထားပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေ မုန်တိုင်းဒဏ်သင့်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ရသေ့တောင်မြို့တွေအပါအဝင် မြို့ရွာအတော်များများမှာ အိုးအိမ်တွေ၊ လမ်းတံတားနဲ့အခြေခံအဆောက်အဦးတွေပျက်စီးခဲ့ရတယ်လို့ UNOCHA ကဖေါ်ပြထားပါတယ်။

UNOCHA နဲ့မဟာမိတ်အဖွဲ့တွေက ကူညီကယ်ဆယ်ရေးတုံ့ပြန်ဆောင်ရွက်ဖို့ပြင်ဆင်နေပြီး အကူအညီတောင်းခံထားတဲ့ရံပုံငွေရရှိတာနဲ့ စတင်ဆောင်ရွက်မှာဖြစ်တယ်လို့လည်းဖေါ်ပြထားပါတယ်။ အရေးပေါ်အနေနဲ့ ယာယီနေထိုင်ဖို့ အမိုးအကာတွေ၊ သောက်သုံးရေနဲ့ အစားစာတွေလိုအပ်နေသလို ရေနစ်မြုပ်ခဲ့တဲ့ မြေနိမ့်ပိုင်းတွေမှာ ဝမ်းရောဂါအပြင် ရေမှာပေါက်ဖွားတဲ့ ကူးစက်ရောဂါတွေကို စိုးရိမ်နေရတယ်လို့လည်းဖေါ်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ချင်းပြည်နယ်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး အပါအဝင်နေရာအတော်များများမှာ မိုးကြီးရေလျှံခဲ့ပါတယ်။ လောလောဆယ် အရေးပေါ် အကူအညီ ဒေါ်လာ ၇၆၄ သန်း တောင်းဆိုထားပေမယ့်လည်း ၁၀ ရာနှုန်းပဲရရှိသေးတယ်လို့ UNOCHA က ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG