သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး စိန်ခေါ်မှု အရပ်ဖက်အဖွဲ့တွေ သတိပေး


မိုခါမုန်တိုင်းဝင်ပြီးနောက် မြောက်ဦးမှာလည်း အပျက်အစီးတွေများခဲ့ပါတယ်
မိုခါမုန်တိုင်းဝင်ပြီးနောက် မြောက်ဦးမှာလည်း အပျက်အစီးတွေများခဲ့ပါတယ်

မုန်တိုင်းသင့်ဒေသတွေမှာ အလှူရှင်တွေရဲ့ အထောက်အပံ့တွေ အလေအလွင့်မဖြစ်ဖို့နဲ့ အကျင့်ပျက်ချစားမှုတွေ အဆင့်တိုင်းမှာ ကင်းရှင်းဖို့လိုကြောင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေ မြေပြင်ဆင်းဖို့ ခွင့်ပြုချက်မရသေးတာက အဓိက အခက်အခဲ ဖြစ်နေပါတယ်။ အဘက်ဘက်က စိန်ခေါ်မှုတွေကြောင့် ပြန်လည်ထူထောင်ရေးမှာ အချိန်ကြာသွားမှာကို အရပ်ဘက်အဖွဲ့တွေက စိုးရိမ်နေကြတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုရန်နိုင်က ပြောပြမှာပါ။

မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ စီးဝင်လာနိုင်ပေမဲ့ အကျင့်ပျက်ချစားမှုတွေကို မထိန်းနိုင်ဘူး ဆိုရင်တော့ ပြန်လည်ထူထောင်ရေးက ကြာလိမ့်မယ်လို့ အရပ်ဘက် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ အလှူပစ္စည်းနဲ့ ငွေကြေးတွေကို ချစားမှုတွေမဖြစ်အောင် တားဆီးဖို့ကတော့ Non State Actors လို့ခေါ်တဲ့ NGO တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ငွေရေးကြေးရေး အဖွဲ့အစည်းတွေက အဓိကကျနေတာပါ။ ဒါနဲ့ပတ်သက်လို့ စစ်တွေမြို့မှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီပေးနေတဲ့ ဦးသိန်းဝေက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ Local authorities (ဒေသအာဏာပိုင်တွေ) က Corruption (အကျင့်ပျက်ချစားတာ) အရမ်းများတာပဲ။ သူတို့နဲ့ နီးစပ်တဲ့သူတွေ တကယ့်ကို ရသင့်ရထိုက်တဲ့သူတွေကမရဘူး။ ရတဲ့သူတွေက အဲဒီပစ္စည်းတွေရတာ စားစရာမရှိ၊ သောက်စရာမရှိဆိုတော့ အဲဒီဟာတွေအားလုံး (အလှူပစ္စည်းတွေ) လုပ်ငန်းရှင်တွေဆီ (ရောင်းလိုက်ရ) ရောက်သွားတဲ့သဘော ရှိတယ်ပေါ့နော်။ အဲဒီတော့ ဘာမှမထူးဘူး။"

နိုင်ငံတကာ NGO တွေအနေနဲ့ ပရော့ဂျက်တခုကို လုပ်တဲ့အခါမှာ ကနဦးလိုအပ်ချက်ဆန်းစစ်မှု Need assessment ကနေ ပရောဂျက်တခုလုံးမှာ မြေပြင်နဲ့ တသားတည်းမကျတဲ့ လုပ်ဆောင်မှုတွေ၊ အပေါ်ယံ အစီရင်ခံတင်ပြချက်တွေ ကင်းရှင်းဖို့ အရပ်ဘက်အဖွဲ့တွေက အကြံပြုပါတယ်။ ငါးဖမ်းပိုက်တွေပေးတာ၊ လှေတွေပေးတာ၊ တာတမံတွေ ဆယ်ပေးတာ ဒါတွေက စီမံခန့်ခွဲမှု အားနည်းရင်၊ အားစိုက်ထုတ်မှုမရှိရင် ရုပ်ပြအဆင့်မှာပဲ ရပ်တန့်နေလိမ့်မယ်လို့ သူတို့က အကြံပြုကြတာပါ။

အခုဆိုရင် အလှူပစ္စည်းတွေ ရသင့်၊ ရထိုက်သူတွေဆီရောက်ဖို့ ပြန်လည်ထူထောင်ရေး ကော်မတီကို ရခိုင်က နေရာအနှံ့မှာ ခပ်မြန်မြန် ဖွဲ့စည်းနေပါတယ်။ အလှူရှင်နဲ့ လိုအပ်သူကြားမှာ ကြားခံအဖွဲ့တခုအနေနဲ့ သူတို့က ဆောင်ရွက်ကြမှာပါ။ ဒါက အကျင့်ပျက် ချစားတာတွေကို တနည်းတဖုံ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဦးသိန်းဝေက ပြောပါတယ်။

"အဲဒီ ပြန်လည်ထူထောင်ရေး ကော်မတီတွေကို တောက်လျှောက် ဒီတရက်နှစ်ရက် အတောအတွင်းမှာ နယ်ပယ်ပေါင်းစုံ ရခိုင်ပြည်နယ်မှာ အုပ်လိုက်တွေ ဖွဲ့နေတယ်။ သူတို့က စာရင်းတွေလုပ်တယ်၊ အမှန်တကယ် ဘယ်သူကရသင့်လဲ ပြန်လည်ထူထောင်နိုင်တဲ့ အဆင့်ရှိအောင်၊ ရလာတဲ့ ပစ္စည်းပဲဖြစ်ဖြစ် ပိုက်ဆံပဲဖြစ်ဖြစ် တတ်နိုင်တဲ့သူတွေက နည်းနည်း နောက်ဆုတ်ပေးကြပါ၊ တကယ့်လိုအပ်တဲ့သူတွေ ယူကြပါဆိုပြီး ULA/AA ကနေ ရွာတွေမှာဆင်းပြီး စည်းရုံးတာတွေရှိတယ် အခု။"

အခုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မုန်တိုင်းသင့်ဒေသတွေဆီသွားဖို့ ခွင့်ပြုချက် မရသေးပါဘူး။ အဓိကလိုအပ်နေတဲ့ ပလပ်စတစ် မိုးကာစတွေတောင် မပေးပို့နိုင်သေးလို့ အများစုဟာ အကာအကွယ်မဲ့ နေထိုင်နေရပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Pierre Peron ကတော့ သူတို့အနေနဲ့ မုန်တိုင်းသင့် ပြည်သူတွေဆီ လွတ်လွတ်လပ်လပ် သွားလာခွင့်ရဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ မုတ်သုန်မတိုင်ခင် အရေးပေါ် အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့က အရေးကြီးတယ်လို့ သူကပြောခဲ့တာပါ။

မြောက်ဦးမြို့မှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရောက်နေပေမဲ့ လှုပ်ရှားဆောင်ရွက်တာ မရှိသေးကြောင်း ဒေသခံ ဦးကျော်ဇောဝေက ဗွီအိုအေကို ပြောပါတယ်။

မိုခါမုန်တိုင်းဝင်ပြီးနောက် မြောက်ဦးမှာလည်း အပျက်အစီးတွေများခဲ့ပါတယ်
မိုခါမုန်တိုင်းဝင်ပြီးနောက် မြောက်ဦးမှာလည်း အပျက်အစီးတွေများခဲ့ပါတယ်

"ဝင်လို့မရတာက တာဝန်ရှိတဲ့ အစိုးရပိုင်းနဲ့ ဆိုင်လိမ့်မယ်ထင်တယ်ဗျ။ လောလောဆယ်တော့ ICRC တို့လည်းရှိနေတယ်။ ဒါပေမဲ့ ICRC တို့လည်း အလုပ်လုပ်တာတော့ လောလောဆယ် မတွေ့သေးဘူး။ နိုင်ငံခြားသားတို့ ဘာတို့ကအစ ဒီမှာ ကားတွေနဲ့ သွားလာနေတာတော့ တွေ့တယ်။ ဒါပေမဲ့ အခုလက်ရှိ မုန်တိုင်းဒဏ်တွေကိုတော့ လိုက်ပြီး (ကူညီတာ) မရှိသေးဘူး။ ဌာနဆိုင်ရာ လျှပ်စစ်ဌာနကလည်း ကြိုးတွေဘာတွေ ဘာမှ လိုက်မသိမ်း နိုင်သေးဘူး။ တိုင်တွေကျိုးတာ မထူထောင်နိုင်သေးဘူး။ ဆက်သွယ်ရေးက ဖုန်းလိုင်းပေါ့ဗျာ၊ ဖုန်းကြိုးတွေလမ်းပေါ် ပြန့်ကျဲနေတယ် မသိမ်းနိုင်သေးဘူး။ ဌာနဆိုင်ရာကပဲ အလုပ်မလုပ်တာလား မသိဘူးပေါ့ဗျာ။"

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ ရခိုင်က မုန်တိုင်းသင့် ပြည်သူတွေအတွက် ကျပ်သိန်းတထောင်ကို ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကတဆင့် လှူတန်းထားပါတယ်။ ဆိုင်ကလုန်း မိုခါကြောင့် သေဆုံးရတဲ့အရေအတွက်ဟာ ဒီနေ့ မေလ ၁၇ရက်အထိဆိုရင် ၄၈ဦး ရှိသွားပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရဆိုရင်တော့ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးနဲ့ ရှမ်းမှာ သေဆုံးတဲ့အရေအတွက်ဟာ ၄၉၉ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG