သုံးရလွယ်ကူစေသည့် Link များ

ကန့်ဘလူမြို့နယ်အတွင်း စစ်ရှောင်တဦး မိုးကြိုးထိမှန် သေဆုံး


ကန့်ဘလူမြို့နယ် ချပ်ကုန်းကျေးရွာပြည်သူတွေ စစ်ရှောင်နေရ (ဓာတ်ပုံ၊ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူမြို့နယ် ချပ်ကုန်းကျေးရွာပြည်သူတွေ စစ်ရှောင်နေရ (ဓာတ်ပုံ၊ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ တဲကို မိုးကြိုးထိမှန်ပြီး အသက် ၃၀ ဝန်းကျင် စစ်ရှောင် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးသက်လေပြင်းကြောင့် စစ်ရှောင်တဲ ၁၀၀ ကျော် အမိုးတွေ ပျက်စီးကုန်တဲ့အတွက် ပြန်လည်ပြုပြင်နိုင်ဖို့ ကြိုးစားနေကြရတယ်လို့လည်း စစ်ရှောင် ကူညီပေးနေကြသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ်၊ ဇီးကနား ကျေးရွာအုပ်စုက ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်လေ့ရှိတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေထဲမှာ မနေရဲကြဘဲ တောထဲမှာပဲ တဲအိမ်ကလေးတွေဆောက်နေကြပြီး စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်တဲ့အတွက် ချပ်ကုန်းကျေးရွာက စစ်ရှောင်တွေနေထိုင်တဲ့တဲကို မိုးကြိုးထိမှန်တာမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံ တစ်ဦးက ခုလိုပြောပါတယ်။

“ညနေပိုင်းမှာ မိုးသက်လေပြင်း ကျပြီးတော့မှ ချပ်ကုန်းကျေးရွာပေါ့ဗျာ၊ ဇီးကနားအုပ်စု ရွာတွင်းတော့မဟုတ်ဘူး၊ စစ်ရှောင် တဲတွေဗျ။ မိုးကြိုးပစ်ပြီးတော့မှ လောင်မီးချတာပေါ့။ အသက် ၃၀ ဝန်းကျင် တစ်ယောက် သေဆုံးသွားတယ်။ ဆုံးသွားတဲ့သူကတော့ မောင်နော်မိုင်းတဲ့ဗျ။ အိမ်ကလည်း အကုန်ပြာကျသွားတယ်ဗျ၊ အဲ့ဒါက မိုးရွာလေ (မီး) တောက်လေဖြစ်တာလေ။”

ဇီးကနားကျေးရွာအုပ်စုက ရွာ ၄ ရွာစလုံးဟာ ရွာထဲမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ရွာထဲမှာ မနေရဲကြဘဲ တောထဲမှာပဲ စစ်ဘေးရှောင်နေကြတာ အတော့်ကို ကြာနေကြပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ သက်ကယ်မိုးတဲတွေ အလုံး ၁၀၀ ကျော်လောက် ခေါင်မိုးလန်တာတွေနဲ့ ပြိုပျက်တာတချို့ ရှိခဲ့တဲ့အတွက် ပြန်လည်ပြုပြင်နိုင်ဖို့ ကြိုးစားနေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

“ကျွန်တော်တို့ ဇီးကနား အုပ်စု ကျေးရွာတွေကတော့ အကုန်လုံး ရွာပြင်မှာချည်းပဲ ထွက်နေကြရတာပေါ့ဗျ။ တော်တော်များများဗျ။ အိမ် အလုံး ၁၀၀ ကျော်လောက်ပျက်တယ်ဗျ။ အဲ့ဒါကို အခုပြန်ပြီးတော့မှ ကျွန်တော်ကိုယ်တိုင် အဲ့ဒီမှာ စားနပ်ရိက္ခာပိုင်းရော၊ အမိုးအကာပိုင်းရော အကုန် ကူညီနေရတာ။ အခုသက်ကယ် ရှာနေရတယ်ဗျ။ ရနိုင်တဲ့ နေရာတွေကနေပြီးတော့ ပြန်ပြီးတော့ မိုးပေးနိုင်ဖို့ရာ။ သက်ကယ်ကလည်း ၄၀,၀၀၀(စျေး) လောက် ဖြစ်နေတာဆိုတော့လေ။”

ဇီးကနားအုပ်စု အပါအဝင် ကန့်ဘလူတောင်ခြမ်းက ကျေးရွာတွေကို မေလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းလေးကြောင်းနဲ့ အင်အား အလုံးအရင်းသုံးပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ နေရာတွေ တနေရာပြီး တနေရာ ရွေ့ပြောင်း စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလဆန်းပိုင်းကနေ အခု မေလလယ်အထိ ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ အမြဲမပြတ် နယ်မြေရှင်းလင်းရေး ဝင်နေတာကြောင့် စစ်ဘေးရှောင် အရေအတွက်က တဖြည်းဖြည်း ပိုတိုးလာနေတာပါ။

ကန့်ဘလူတောင်ခြမ်းမှာ ဇီးကနားကျေးရွာအုပ်စု အပါအဝင် ကျေးရွာပေါင်း ၈၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရပြီး ကန့်ဘလူမြို့နယ် တခုလုံးမှာ စစ်ဘေးရှောင် အရေအတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေကြတဲ့ အဖွဲ့အစဉ်းတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG