သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္မရွာနား ကားတစီးကို ပစ်ခတ်ခဲ့လို့ စစ်ကောင်စီရှင်းလင်း


ကမ္မရွာအနီး ကားတစီးပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရပြောဆို (ဇွန် ၂၁၊ ၂၀၂၄)
ကမ္မရွာအနီး ကားတစီးပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရပြောဆို (ဇွန် ၂၁၊ ၂၀၂၄)

ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်စီးနင်းလာတဲ့ကား ပစ်ခတ်ခံရတဲ့ နေရာမှာ ကားတစီးကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံနဲ့ ရှင်းပြခဲ့တာမှာ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေစဉ် ကားတစီးကို ပစ်ခတ်ခဲ့မိတာဖြစ်တယ်လို့ ပြောပါတယ်။

ပစ်ခတ်မိတဲ့ကားပေါ်မှာ သံဃာတော်တွေ ပါသလားဆိုတာကို တိတိကျကျ မပြောပေမဲ့ သံဃာတော်တွေစီးလာတဲ့ ကားပစ်ခံရတဲ့နေရာမှာ စစ်တပ်က ပစ်ခတ်ခဲ့ပုံကို ရှင်းလင်းပြောထားပါတယ်။ ဇွန်လ ၁၈ ရက်နေ့ညနေပိုင်းမှာ သူ့အဆို PDF အမည်ခံ ၅ ယောက်ဟာ ကံမရွာနားက မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့လို့ ရဲတယောက်နဲ့ ဒေသခံတယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောက်တရက်ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းကလည်း အဝေးပြေးကားတစီးကို ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့လို့ လုံခြုံရေးအဖွဲ့ဝင်တွေ ၂ ဖွဲ့ခွဲ လိုက်လံရှာဖွေခဲ့တာမှာ တဖွဲ့က ပန်းချီကမ္မရွာဘုရားအနီး လမ်းပေါ်မှာ ကားတစီးကိုတွေ့လို့ ရပ်ခိုင်းခဲ့ပေမဲ့ မရပ်ပေးလို့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ကမ္မရွာဘက်က မောင်းလာတဲ့ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အော်ဟစ်လက်ပြပြီး ရပ်ခိုင်းခဲ့သလို မိုးပေါ် ပစ်ခတ် တားခဲ့တယ်လို့လည်း ဆိုပါတယ်။ ကားက မရပ်ဘဲ ကျော်သွားတဲ့အတွက် နောက်ကလိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်းချက်ထဲမှာ ပြောထားပါတယ်။ ဒီဖြစ်ရပ်ကို အသေးစိတ် ထပ်မံ စစ်ဆေးသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီနေ့က စစ်တပ်ရဲ့ ပစ်ခတ်မှုခံခဲ့ရတဲ့ ကားမှာ စီးနင်းလိုက်ပါလာတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ သေနတ်ထိမှန် ပျံလွန်တော်မူခဲ့ပါတယ်။ ပရိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားတဲ့ ဆရာတော်တပါးကို ဆုံးရှုံးရတဲ့အပေါ်များစွာ ဝမ်းနည်းတယ်လို့ စစ်ကောင်စီ ပြောခွင့်ရကပြောပေမဲ့ တောင်းပန်ခြင်းတော့ မရှိပါဘူး။

Forum

XS
SM
MD
LG