သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းမြို့နဲ့ကနီမှာ ဒေသခံတွေ ရေဘေးကြုံတွေ့ 


စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေလျှံပြီး ကျေးရွာတွေနဲ့စိုက်ခင်းတွေ ရေမြုပ်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၁၁၊ ၂၀၂၄/Photo: PAN)
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေလျှံပြီး ကျေးရွာတွေနဲ့စိုက်ခင်းတွေ ရေမြုပ်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၁၁၊ ၂၀၂၄/Photo: PAN)

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် ကျေးရွာတွေထဲ ရေတွေဝင်ပြီး ဒေသခံတွေရေဘေးကြုံနေရပါတယ်။ စစ်ကိုင်းမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာရှိနေပြီး နေအိမ် ၃၀၀ ကျော် ရေဘေးသင့်နေပါတယ်။ စစ်ကိုင်းတိုင်းထဲက ရေဘေးအခြေအနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လ ၇ ရက်နေ့ကတည်းက စိုးရိမ်ရေမှတ်အထက်မှာရှိနေပြီး စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေထဲ မြစ်ရေဝင်နေပါတယ်။ အခု ဇူလိုင် ၁၁ ရက်မှာတော့ အရင်နေ့တွေကထက် ရေပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ရေတွေဝင်ရောက်လာတာကြောင့် ပဲ ၊ နှမ်း ၊ ပျိုးခင်းတွေ ပျက်စီးကုန်ကြောင်း ဒေသခံတွေကပြောပါတယ်။ ကနီမြို့နယ်ထဲက ကျေးရွာတွေ ရေဘေးသင့်တဲ့အခြေအနေကို ကနီဒေသခံ ပြည့်အောင်နိုင်က အခုလိုပြောပါတယ်။

"ဒီနှစ်က ရေတိုးတာ များတာပေါ့ဗျာ။ စိုက်ခင်းတွေက နှမ်းပျိုးထောင်ထားတဲ့ဟာတွေ၊ မြေပဲခင်းတွေ၊ ပဲစင်းငုံအခင်းတွေထဲကို ရေတွေကဝင်တာ။ ဝင်တာဆိုတော့ ပျက်စီးတာပေါ့။ ချင်းတွင်းမြစ်ကမ်း ဘေးဝဲယာမှာရှိတဲ့ စိုက်ခင်းတွေက ပိုပြီးဆိုးတာပေါ့။ မြစ်ဘေးနားက နေရာတွေက ပိုခံစားရတာ။ ရေမဝင်တာက ၄ နှစ်လောက်ရှိပြီ။ ဒီနှစ်က ဝုန်းဒိုင်းဆိုပြီးဝင်တာ ရေတိုးကြမ်းတယ်လို့ ပြောရမှာပေါ့။"

ချင်းတွင်းမြစ်ကမ်းဘေးက ကင်းရွာမှာလည်း ရွာထဲထိရေတွေဝင်ရောက်လာတဲ့အတွက် နေအိမ်တွေ နစ်မြုပ်နေပြီး ဒေသခံတွေ အခက်ကြုံနေရပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာလည်း ဧရာဝတီမြစ်ရေမြင့်တက်နေတာကြောင့် နေအိမ် ၃၀၀ ကျော် ရေဘေးသင့်တဲ့ဒဏ်ခံနေရပါတယ်။ ဧရာဝတီမြစ်ဘေးနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေတွေဝင်ရောက်နေတာဖြစ်ပြီး တာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင်တာတွေအပြင် ရေဘေးလွတ်တဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးနေရပါတယ်။

အခုလို မြစ်ကမ်းဘေးက ကျေးရွာတွေမှာ နှစ်စဥ် ပုံမှန်မြစ်ရေဝင်ရောက်လေ့ရှိပေမယ့် ဒီနှစ်မှာ ရေအနည်းငယ်ပိုတက်တယ်လို့ စစ်ကိုင်းမြို့ မြစ်ရေအခြေအနေကို စစ်ကိုင်းမြို့ မီးသတ်တာဝန်ရှိသူတဦးကအခုလို ပြောပါတယ်။

"ကျနော်တို့ ရွှေ့တာတော့ သောတပန် ထားဝယ်ဈေး ပန်းပဲတန်း တို့က ရွှေ့တာပေါ့။ သူတို့က ကုန်းတက်အဖွဲ့တွေနဲ့ပေါင်းပြီးတော့ သူတို့နေတဲ့နေရာတွေကနေ ကုန်းပေါ်တက်နေကြတာပေါ့။ အိမ်ထောင်စုက ၃၅၀ ကျော်ကျော် ဒါမနေ့က ကောက်တဲ့ဟာပေါ့။ အခုဟာက စိုးရိမ်အမှတ်ထက် ၁,၁၉၂ ဆိုတော့ ၁,၂၀၀ နီးပါးလောက်ရောက်တာပေါ့။ ၁,၂၀၀ နီးပါးဆိုတော့ မနှစ်ကထက် ကျနော်ရောက်တဲ့ ၄ နှစ်အတွင်း ဒီကောင် အများဆုံးဖြစ်မှာပေါ့။ မင်းကွန်းသွားတဲ့လမ်း မြစ်ဘက်ခြမ်းက အိမ်တွေကတော့ အိမ်အောက်ပိုင်းတွေအကုန်မြုပ်တယ်။ ဒါနှစ်စဉ် မြုပ်နေကျဟာတွေ ဒီနှစ်တော့ နည်းနည်းပိုသွားတာပေါ့။ တပေ၊ တပေခွဲလောက်ပိုတာပေါ့။ သန္ဓေအရံ တပ်စု တစု ၃၅ ယောက်ပေါ့။ ကျနော်တို့ ပဲ့ထောင် ဖိုက်ဘာလှေက ၃ စီးရှိတယ်။ ကယ်ဆယ်ရေးလှေက ၂ စီးရှိတယ်ပေါ့။ အဲ့ ၅ စီးကို အဆင်သင့်ပြင်ဆင်ထားတယ်။ ရေဝင်နိုင်တဲ့ ကမ်းနားလမ်းဆိုရင် နဂိုရေနည်းတုန်းက အောက်ကိုဆင်းတဲ့လမ်းတွေရှိတယ်လေ။ အဲ့လမ်းကို သဲအိတ်တွေကာတာ သဲအိတ်တွေဖို့တာ တောက်လျှောက်လုပ်နေတယ်။"

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်မှာရှိနေပြီး မင်းကင်း၊ မုံရွာ၊ မန္တလေး၊ မြစ်ငယ်၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး စတဲ့ မြို့နယ်တွေရဲ့ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အထူးသတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

ဇွန်နဲ့ ဇူလိုင်လတွေဟာ မြန်မာနိုင်ငံမှာ မိုးလယ်ကာလဖြစ်ပြီး မိုးရွာသွန်းနှုန်းစိတ်တာကြောင့် မြစ်ရေကြီးမြင့်တာတွေဖြစ်တတ်ပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အခါ မိုးရေချိန်လက်မများလာတာကြောင့် မြစ်ရေတိုးလာသလို အကျလည်းနှေးနေတာဖြစ်တယ်လို့ မိုးဇလတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG