သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းထောက်သတ်ခံရမှုခိုင်လုံလျှင် ကန် အရေးယူမည်


အမေရီကန်သမ္မတ Donald Trump
အမေရီကန်သမ္မတ Donald Trump

ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းသမား Jamal Khashoggi ရဲ့ ကံကြမ္မာ သိပ်ပြီး ကောင်းပုံမရပဲ၊ အသတ်ခံလိုက်ရတာဖြစ်နိုင်တယ်လို့ အမေရီကန်သမ္မတ Donald Trump က စနေနေ့က ပြောလိုက်ပါတယ်။

ဆော်ဒီနိုင်ငံမှာ သြဇာအာဏာကြီးတဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်ရေးသားလေ့ရှိတဲ့ သတင်းထောက် Khashoggi ဟာ အောက်တိုဘာလ ၂ ရက်နေ့တုန်းက တူရကီမှာရှိတဲ့ ဆော်ဒီကောင်စီဝင်ရုံးထဲဝင်ပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

သူ့အတွက် ကနဦးမျှော်လင့်ချက်ကတော့ အသတ်ခံရတာမျိုးမဟုတ်ပါစေနဲ့လို့ ပြောရပေမယ့်၊ ကြားရသလောက် ဒီ မျှော်လင့်ချက်သိပ်ပြီး အရာရောက်ပုံမရဘူးလို့ သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ပြောပါတယ်။ ဆော်ဒီ သတင်းသမား Jamal Khashoggi သတ်ခံရတယ်ဆိုတဲ့ ခိုင်လုံချက်ရလို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆော်ဒီကို လက်နက်ရောင်းချမှုတွေ ရပ်ရင် ဒါဟာ ကိုယ့်ကိုကိုယ် အပြစ်ပေးရာကျတယ်ဆိုပြီး သမ္မတ Trump က ပြောပါတယ် ။ တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝင်ရုံးထဲမှာ သတင်းထောက် Jamal Khashoggi သတ်မှတ်ခံရတယ်ဆိုတာ အတည်ပြုနိုင်ရင်၊ ဆော်ဒီအာရေဗီးယားနိုင်ငံကို ပြင်းထန်တဲ့အရေးယူအပြစ်ပေးမှုလုပ်မယ်လို့ အမေရိကန်သမ္မတ Donald Trump က သတိပေးထားတာတော့ ရှိပါတယ်။

သတင်းထောက် Khashoggi ကို သတ်ဖြတ်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bini Salman က အမိန့်ပေးခဲ့တာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်သေးပေမယ့်၊ ဒါကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်မယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။ ဒါတကယ်မှန်ရင်တော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတော့်ကို စိတ်ပျက် ဒေါသဖြစ်မိမယ်လို့လည်း ဆိုပါတယ်။ khashoggi ဟာ သူပတ်ထားတဲ့ Appale လက်ပတ်နာရီကတဆင့် သူ့ သေဆုံးမှုကို မှတ်တမ်ပြုကောင်း ပြုထားနိုင်မယ်လို့လည်း သတင်းမီဒီယာတွေက ခန့်မှန်းရေးနေပါတယ်။ သူ သံရုံးထဲဝင်ချိန်မှာ အဲဒီနာရီကတဆင့် အသံဖမ်းထားနိုင်တယ်လို့ တွက်ဆကြတာပါ။ Khashoggi ဟာ လက်ထပ်ဖို့အတွက် လိုအပ်တဲ့ အထောက်အထားရယူဖို့ တူရကီမှာရှိတဲ့ ဆော်ဒီကောင်စစ်ဝင်ရုံးကို အောက်တိုဘာလ ၂ ရက်နေ့က ဝင်ရောက်သွားခဲ့တာပါ။

သူပတ်ထားတဲ့ Apple လက်ပတ်နာရီဟာ iCloud နဲ့ရော သူလက်ထပ်မယ့်အမျိုးသမီးနဲ့အတူကျန်ခဲ့တဲ့ လက်ကိုင်ဖုံးနဲပပါ ချိတ်ဆက်ထားတာပါ။ သူ သံရုံးက ပြန်ထွက်လာမှာကိ ုစောင့်နေပေမယ့်လို့ နောက်ဆုံးအချိန်အထိ ပြန်မထွက်လာခဲ့ဘူးလို့ သူ့လက်ထပ်မယ့်အမျိုးသမီးက ပြောပါတယ်။ အဲဒီနာရီမှာ သူ့ ညှင်းပမ်းနှိပ်စက်ခံရတာ သူဘယ်လိုသတ်ခံရတာတွေကို မှတ်တမ်းလုပ်ထားနိုင်မယ်လို့ ယူဆနေကြပါတယ်။ Khashoggi ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး၊ The Washington Post မှာ ဆော်ဒီနိုင်ငံနဲ့ပတ်သက်လို့ ဝေဖန်မှတ်ချက်ရေးသားနေသူဖြစ်ပါတယ်။ Khashoggi ဟာ ကောင်စစ်ဝင်ရုံးထဲမှာသတ်ခံရတယ်ဆိုတာကို ဗွီဒီယိုအထောက်အထားရှိတယ်လို့ တူရကီအစိုး၇ကနေ အမေရိကန်တာဝန်ရှိသူတွေကို အကြောင်းကြားတယ်လို့ ဝါရှင်တန်ပို့စ်က ပြီးခဲ့တဲ့အပတ်က ရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း Khashoggi ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး သူတို့နဲ့ဘာမှ မဆိုင်ဘူးလို့ ဆော်ဒီတာဝန်ရှိသူတွေက ငြင်းပါတယ်။ သူဟာ သံရုံးထဲဝင်ပြီး မကြာခင်မှာ ပြန်ထွက်သွားတယ်လို့ ဆော်ဒီဖက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG