သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ဆော်ဒီသတင်းထောက်အရေး ကန် စိုးရိမ်


Jamal Khashoggi ပျောက်ဆုံးနေသည့်အပေါ် ဝါရှင်တန်မြို့တော်ရှိ ဆော်ဒီသံရုံးအပြင်ဘက်တွင် ဆန္ဒပြ ကန့်ကွက်နေသူများ။ ၁၀ အောက်တိုဘာ ၂၀၁၈။
Jamal Khashoggi ပျောက်ဆုံးနေသည့်အပေါ် ဝါရှင်တန်မြို့တော်ရှိ ဆော်ဒီသံရုံးအပြင်ဘက်တွင် ဆန္ဒပြ ကန့်ကွက်နေသူများ။ ၁၀ အောက်တိုဘာ ၂၀၁၈။

တူရကီနိုင်ငံ Istanbul မြို့က ဆော်ဒီအာရေဗျ ကောင်စစ်ရုံးမှာ ထူးဆန်းစွာပျောက်ဆုံးနေ တဲ့ ဆော်ဒီအာရေဗျ သတင်းထောက် Jamal Khashoggi နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Donald Trump က ဒီကိစ္စအတွက် သိပ်ကိုစိုးရိမ်ကြောင်းနဲ့ အမှုမှန်ပေါ်တဲ့အထိ လုပ်ဆောင် သွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ တူရကီအာဏာပိုင်တွေ က ဆော်ဒီ ကောင်စစ်ရုံးမှာ အသတ်ခံရတယ်လို့ ကောက်ချက်ချထားတဲ့ ပျောက်ဆုံးနေတဲ့ သတင်းထောက်နဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေနေကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါ တယ်။

အမေရိကန်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ဆော်ဒီအာရေဗျ သတင်းထောက် Jamal Khashoggi ဟာ သူလက်ထပ်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေယူဖို့ တူရကီနိုင်ငံ Istanbul က ဆော်ဒီအာရေဗျ ကောင်စစ်ရုံးကို သွားရောက်ခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသတ်ခံခဲ့ရတယ်လို့ တူရကီ အရာရှိတွေက ကောက်ချက်ချ ပြောဆိုပါတယ်။ ဆော်ဒီအရာရှိတွေကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုထားတာပါ။

“ဒီကိစ္စကိုကြည့်ရင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အရေးကိစ္စအားလုံးကို ကိုင်တွယ်နေတဲ့ အိမ်ရှေ့ မင်းသား Mohammad bin Salman ဘာသတင်းစကား ပါးချင်တယ်ဆိုတာက သိပ်ရှင်းပါတယ်။

အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့က ကောင်စစ်ရုံးရှေ့မှာ စောင့်နေတဲ့ Khashoggi နဲ့ လက်ထပ်မယ့်သူ တူရကီနိုင်ငံသူ Hatice Cengiz ကတော့ အဲဒီအဆောက်အဦးထဲက Khashoggi ပြန်ထွက်မလာတော့ဘူးလို့ ပြောပါတယ်။

Jamal Khashoggi ဟာ နာမည်ကြီး ဆော်ဒီစာရေးဆရာတဦးဖြစ်ပါတယ်။ သူဟာ Washington Post သတင်းစာမှာ ဆောင်းပါးတွေ ရေးနေသူတဦးဖြစ်ပြီး ဆော်ဒီ အိမ်ရှေ့မင်းသား Muhammad bin Salman ကို အာဏာရှင်အဖြစ်နဲ့ရော ယီမင်စစ်ပွဲမှာ ဝင်စွက်ဖက်သူအဖြစ်ပါ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ မနှစ်က ဆော်ဒီအာဏာပိုင်တွေက အတိုက်အခံတွေကို ခြေမှုန်းချိန်မှာ အသက် ၅၉ နှစ်အရွယ် ဆော်ဒီနိုင်ငံသား Khashoggi ဟာ နေရပ်ရင်းမှာ အသက်အန္တရာယ် စိုးရိမ်တဲ့အတွက် အမေရိကန်နိုင်ငံကို လာရောက်ပြီး ခိုလှုံခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ဆီ Hatice က စာတစောင် ရေးသားပြီး အဖြစ်မှန်ကိုသိရအောင ်အကူအညီပေးဖို့တောင်းခံခဲ့ပါတယ်။ သမ္မတ Trump က Khashoggi ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး သူစိုးရိမ်ကြောင်းနဲ့ အမှုမှန်ပေါ်တဲ့ အထိ လုပ်ဆောင်သွားမှာဖြစ်သလို Hatice နဲ့ပါ တွေ့ဆုံမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ဒီကိစ္စအတွက် ကျနော် တကယ် စိတ်ပူပါတယ်။ ကျနော်တို့ ဇနီးမောင်နှံ သူ့အမျိုးသမီးနဲ့ တယ်လီဖုန်း ပြောရပါတယ်။ သူ့အမျိုးသမီးက ကျနော့်ဇနီးနဲ့ ကျနော့်ဆီ စာတစောင်ရေး ခဲ့တာပါ။ အခု သူနဲ့ ကျနော်တို့ အဆက်အသွယ်ရပါပြီ။ သူ့ကို အိမ်ဖြူတော်ကို ခေါ်တွေ့ ချင်ပါတယ်။ အခြေအနေက စိတ်မကောင်းစရာပါ။ သိပ်ကို ဆိုးတဲ့အခြေအနေမို့ အမှုမှန်ပေါ်တဲ့အထိ လုပ်ချင်ပါတယ်။”

Trump အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိတွေဟာ ဒီသတင်းထောက်ကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ ပြောဆိုခဲ့တယ်လို့ သမ္မတအိမ်ဖြူက ဗုဒ္ဓဟူး နေ့မှာ ပြောပါတယ်။ အင်္ဂါနေ့က အမျိုးသားလုံခြုံရေးအကြံပေး John Bolton နဲ့ Trump အစိုးရ အဖွဲ့ အကြီးတန်းအကြံပေး Jared Kushner တို့ မင်းသား Salman နဲ့ ပြောဆိုခဲ့သလို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး ဆော်ဒီခေါင်းဆောင်ကို ထပ်ပြီး အချက်အလက်တွေ တောင်းဆိုခဲ့တာပါ။

အမေရိကန်အစိုးရက အမှုကိုဆက်ပြီး စောင့်ကြည့်နေတယ်လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က ပြောပေမယ့် မင်းသား Salman ဆီက ဘာသတင်းအချက်လက်တွေ ရတယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

သမ္မတ Trump ကတော့ Khashoggi ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုဖေါ်ထုတ်သွားမယ်လို့ ပြောပါတယ်။

“ဘယ်သူလုပ်ဆောင်တယ် ဆိုတာကို သိရအောင် ကျနော်တို့ လုပ်မှာပါ။ ကောင်စစ်ရုံးထဲ သူဝင်သွားတာကို မြင်လိုက်ကြပေမယ့် ပြန်ထွက်လာတာကို မတွေ့ရဘူးလို့ သူတို့ သိထားကြတာပါ။ ဒါကို ကျနော်တို့ သေသေချာချာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကိုကြောက်စရာကောင်းတဲ့ ကိစ္စပါ။”

Khashoggi ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြတဲ့အတွက် ဒါကိုသိအောင် လုပ်ဆောင်မှာဖြစ်သလို ဒီလိုအဖြစ်မျိုး သတင်းထောက်တွေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အဖြစ်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က Iatanbul လေဆိပ်ကို ဆော်ဒီနိုင်ငံသား ၁၅ ယောက် လေယာဉ် ခရီးစဉ် ၂ ခုနဲ့ ရောက်လာခဲ့ပြီး သူတို့တွေဟာ Khashoggi နဲ့ အတူ ကောင်စစ်ရုံးမှာ ရှိနေတယ်လို့ တူရကီရဲတွေက ပြောပါတယ်။ Khashoggi ကောင်စစ်ရုံးထဲဝင်သွားအပြီး ၂ နာရီလောက် အကြာမှာ သံတမန်နံပါတ်ပြားနဲ့ ကား ၂ စီး ကောင်စစ်ရုံးကနေ ထွက်သွားပြီး ဆော်ဒီကောင်စစ်ဝန် နေအိမ်ဘက် ဦးတည်သွားခဲ့တာကို ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

Khashoggi ကို ဆော်ဒီအာဏာပိုင်တွေက သတ်ပစ်ခဲ့တယ်လို့ တူရကီက ကောက်ချက်ချ စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး Australia နိုင်ငံ၊ New South Wales တက္ကသိုလ်က အရှေ့အလယ်ပိုင်းဆိုင်ရာ ပါမောက္ခ Anthony Billingsley က ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီကိစ္စကိုကြည့်ရင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အရေးကိစ္စအားလုံးကို ကိုင်တွယ်နေတဲ့ အိမ်ရှေ့မင်းသား Mohammad bin Salman ဘာသတင်းစကား ပါးချင်တယ်ဆိုတာက သိပ်ရှင်းပါတယ်။ သူ့ကို စိန်ခေါ်ချင်တဲ့သူ၊ လွတ်မြောက်ရေးအတွက် ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် လုပ်ချင်သူ ဘယ်သူဖြစ်ဖြစ် ဒီလိုလုပ်ရင် ဒါမျိုးဖြစ်သွားမယ်၊ ဘယ်တော့မှ ရှောင်ပြေးလို့ မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပါ။”

ဆော်ဒီအာရေဗျ အစိုးရကတော့ တူရကီစုံစမ်းရေးမှူးတွေ ဆော်ဒီကောင်စစ်ရုံးထဲ ဝင်ရောက်ရှာဖွေဖို့လည်း ခွင့်ပြုထားတာဖြစ်သလို Khashoggi ဟာ ကောင်စစ်ရုံးထဲ ရောက်လာပြီးပြီးချင်း ပြန်ထွက်သွားတယ်လို့ ဆက်ပြီးပြောဆိုနေတာပါ။ ဒါပေမယ့် Khashoggi ဘယ်အချိန် ဘယ်နေရာကနေ ပြန်ထွက်သွားတယ်ဆိုတာကို ကောင်စစ်ရုံးက သက်သေပြဖို့ Hatice ကလိုလားသလို Khashoggi အသက်ရှင်လျက် ရှိအုံးမယ်လို့ပါ ယုံကြည်နေတာပါ။ ဒါပေမယ့် အချိန်တွေကြာလာလေ မျှော်လင့်ချက်တွေ မှေးမှိန်လေ ဖြစ်လာနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG