သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဧရာဝတီရွေးယူရေး ဆွေးနွေးအဖြေရှာ


(သတင်းဓါတ်ပုံ - Save the Irrawaddy by offering compensation)

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနဲ့ မြန်မာပြည်သူတွေက အလျော်ပေးပြီး တရုတ်ဆီကနေ ဧရာဝတီကို ပြန်ရွေးယူကြဖို့ ဆိုတဲ့ လှုပ်ရှားမှုတရပ်အဖြစ် စာပေအနုပညာရှင်တွေ၊ သဘာဝထိန်းသိမ်းရေးလှုပ်ရှားသူ ပညာရှင်တွေပါပါဝင်တဲ့ မြန်မာပြည်သူတွေက ဒီကနေ့ စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ပြန်တည်ဆောက်နိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာချိန်မှာပဲ အခုလို “ဧရာဝတီကို ပြန်ရွေးယူကြမယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီ စီမံကိန်း ဘယ်လိုရပ်တန့် နိုင်မလဲဆိုတဲ့ အဖြေကို ဝိုင်းဆွေးနွေးခဲ့ကြတာပါ။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒုတိယအကြိမ်မြောက် ပိုးလမ်းမ စီမံကိန်းဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမှာ ဧပြီလ ၂၅ ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိစ္စ ထည့်သွင်းဆွေးနွေးနိုင်ခြေရှိသလို အရင်အစိုးရ လက်ထက်က ခေတ္တ ရပ်တန့်ထားတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည် တည်ဆောက်နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ် လာနေပါတယ်။ ဒါကြောင့် မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး အဓိက ဦးတည်ပြီး ဧရာဝတီကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ စုပေါင်းဆွေးနွေး တောင်းဆိုပွဲတရပ် ရန်ကုန်မှာ ကျင်းပခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမပျက်စေတဲ့မြန်မာပြည်သူများရဲ့ ဆန္ဒကို အလေးထားပြီး အားလုံးက လက်ခံနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးဖို့ တရုတ်သမ္မတကြီး ရှီကျင့်ပင်ထံကို အိတ်ဖွင့်ပေးစာပေးပို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

“တရုတ်သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ”

"မြန်မာပြည်သူတွေ စိတ်ပူပန်နေကြရတဲ့ အကြောင်းရင်းများစွာတွေထဲမှာ ဧရာဝတီဆိုတဲ့ အမျိုးသားလက္ခဏာ မြစ်ကြီး တိမ်ကောသွားမယ့်အရေး ကချင်တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် ပျက်သုန်းမဲ့အရေး၊ သဘာဝပတ်ဝန်းကျင် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမဲ့အရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာတွေ မှေးမှိန်သွားမဲ့အရေးတို့ပါဝင်ပါတယ်။ ဒီအရေးတွေကို အလေးအနက် ဂရုပြုပေးလိုပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မယ်ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ဂုဏ်သိက္ခာ ချိုးနှိမ်ခံလိုက်ရတယ်၊ အနိုင့်အထက်ပြုခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်ကို မျိုးဆက်နဲ့ချီပြီး နာကျင်စွာ မှတ်ယူသွားကြပါလိမ့်မယ်။"

ဒေါက်တာမြင့်ဇော် ဖတ်ပြသွားတာပါ။ အရင်အစိုးရလက်ထက်က စာချုပ်ချုပ်ဆိုခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ဖျက်သိမ်းခဲ့ရင် လျော်ကြေးပေး ပြန်ရွေးယူနိုင်အောင် ငွေကြေးစုပေါင်း ထည့်ဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။

စာရေးဆရာကိုတာ။ ။ “ပြည်သူထံ မေတ္တာရပ်ခံစာ” "ကျနော်တို့ ဧရာဝတီကို ပြန်ရွေးယူကြပါစို့။ နေရာပြောင်းမယ်၊ အရွယ်အစား ပြောင်းမယ်လို့ စဉ်းစားနေကြတယ်။ ကျနော်၊ ကျမတို့ မြင်တာကတော့ ဧရာဝတီကို လျော်ကြေးပေးရွေးဖို့သာဖြစ်ပါတယ်။ မည်သူ့ကိုမျှ မထိခိုက်စေမဲ့ နည်းလမ်း၊ မည်သူ့အပေါ်မှ တဘက်စောင်းနင်း မဖြစ်စေမဲ့ နည်းလမ်း ဒီတလမ်းပဲလို့ ကျနော်တို့ ယူဆပါတယ်။ မြန်မာတွေ တယောက် တဒေါ်လာနှုန်းနဲ့ စုပေါင်းထည့်ဝင်ရင် ဧရာဝတီကို ကျနော်တို့ ပြန်ရွေးနိုင်ပါတယ်။ ကျနော်တို့မှာ အားရှိပါတယ်။ ကျနော်တို့ သန်မာပါတယ်။ ကျနော်တို့ ညီညွတ်ပါတယ်။ ဘာမဆို ကျနော်တို့ အောင်နိုင်မှာပါ ဧရာဝတီကို။"

ဒီမြစ်ဆုံစီမံကိန်းကြီးဟာ ပြည်သူတွေရဲ့ အကျိုးထက် ပျက်စီးစေမယ့် စီမံကိန်းဖြစ်တယ်ဆိုပြီးတော့လည်း ပညာရှင်တွေဘက်က အကြိမ်ကြိမ် ထောက်ပြပြီး ကန့်ကွက်ခဲ့ကြတဲ့အတွက်င်ငံ ၂ နိုင်ငံ အစိုးရမင်းတွေ အလေးထားစဉ်းစားပေးဖို့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး အပြီးတိုင် ဖျက်သိမ်းရေး တစိုက်မတ်မတ် ကန့်ကွက်လှုပ်ရှားခဲ့သူ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ကလည်း အခုလိုတိုက်တွန်းပါတယ်။

မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်။ ။ "ဧရာဝတီရှိလို့ မြန်မာနိုင်ငံရှိခဲ့သလို ဧရာဝတီ မရှိရင်လည်း မြန်မာနိုင်ငံရှိဖို့ တော်တော်ခဲယင်းပါလိမ့်မယ်။ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ဧရာဝတီ လို့ဆိုတာထက် ဧရာဝတီရဲ့ မြန်မာနိုင်ငံ ဆိုတာက ပိုမှန်ပါတယ်။ ဒီမြစ်ဟာ ကျနော်တို့အတွက် သမိုင်းတန်ဖိုး ဒီလောက်ကြီးပြီးတော့ ကျေးဇူးတရား အလွန်ကြီးပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အရိပ်နေနေ အခက်ချိုးချိုး မလုပ်သင့်ပါဘူး။ ဒီဒေသရဲ့ အသက်က ဧရာဝတီ လျှပ်စစ် လျှပ်စစ်လို့ ပြောနေတာဟာ နားမဆန့်အောင် ကြားရပါတယ်။ ကျနော်က မေးခွန်းမေးချင်ပါတယ်။ လျှပ်စစ်လိုချင်လို့ ဒါကြီးကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ ကျနော်တို့က ၅ ရာခိုင်နှုန်းပဲ ယူရတာတုန်း၊ ဘာဖြစ်လို့ သူများကို ၉၅ ရာခိုင်နှုန်းပေးရတာတုန်း။"

ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် မြစ်ဆုံဆည်စီမံကိန်းကြီးကို အပြီးတိုင်ဖျက်သိမ်းရေး မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့အတူ ကချင်ပြည်သူပြည်သားတွေကလည်း ထပ်တူဆန္ဒရှိကြတယ်ဆိုတဲ့အကြောင်း ကချင်အမျိုးသမီး လဖိုင်ဆိုင်ရော်ကလည်း ဆွေးနွေးပါတယ်။

လဖိုင်ဆိုင်ရော်။ ။"ကျမတို့ မြစ်ဆုံမြစ်ကြီး တကယ်ပဲ ရပ်တန့်မယ်ဆိုလို့ရှိရင်တော့ သူတို့ရှိတာလေးတွေ ထုတ်ပြီးတော့ တလကို တဒေါ်လာ ဘယ်နှစ်လပေးရမလဲ သူတို့ပေးနိုင်ဖို့အတွက် သူတို့ကြိုးစားသွားမယ်။"

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ပညာရှင်တွေက ထောက်ပြခဲ့သလို နိုင်ငံတဝှမ်းက တောင်းဆိုမှုတွေကို အလေးထား စဉ်းစားပေးဖို့လိုသလို ဧရာဝတီမြစ်ကြီးဟာ သဘာဝတရားက ဖန်တီးပေးထားတဲ့ အဖိုးတန်မြစ်တစင်းကို ပြည်သူအများက ပြန်ရွေးယူကြဖို့ ခွန်အား အပြည့်ရှိကြပါတယ်လို့လည်း ပြောသွားကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ စာရေးဆရာမ ဂျူးက-

ဆရာမဂျူး။ ။"သဘာဝတရားက ပေးထားတဲ့ မြစ်တစင်း ပျက်စီးဆုံးရှုံးသွားပြီဆိုရင်တော့ ပြန်လည်တည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးရှင်။ မြစ်ကို ပြန်ရချင်လို့ ငွေတွေကလည်း သိပ်တတ်နိုင်လို့ ကောသွားတဲ့ မြစ်နေရာကို ပြန်တူး ရေတွေ ပြန်ထည့်မယ်ဆိုရင်တောင် ဒါဟာမြောင်းပဲ ဖြစ်မှာပါ။ မြစ်တော့ မဖြစ်နိုင်တော့ပါဘူး။"

အိမ်နီးချင်းနဲ့လည်း မိတ်မပျက်အောင် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်တန့်နိုင်ရေး ဖြစ်နိုင်ခြေအဖြေကို ရှာဖွေကြဖို့ လိုတယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြကြတာပါ။ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်က အခုလို ဆွေးနွေးပါတယ်။

စိုင်းညွန့်လွင်။ ။"ကျနော်တို့ဟာ လက်ရှိအစိုးရရဲ့ အကျပ်အတည်းကိုလည်း မမေ့လျော့သင့်သလိုပဲ။ ကျနော်တို့ အိမ်နီးချင်းဖြစ်တဲ့ နိုင်ငံနဲ့လည်း မိတ်ဝတ်မပျက် ဆက်လက်လက်တွဲနေနိုင်အောင်လည်း ကျနော်တို့ ထည့်ပြီးစဉ်းစားရမယ့် အနေအထားရောက်နေပါတယ်။"

ပညာရှင်တွေက ဦးဆောင်ဆွေးနွေးမှုတွေအပြင် မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားသူတွေဖြစ်တဲ့ လက်ဝှေ့အကျော်အမော် အောင်လအန်ဆန်၊ တေးရေးမြင့်မိုးအောင်၊ ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသု၊ ကာတွန်းအော်ပီကျယ်၊ စိုင်းဆမ်ခမ်း၊ အဆိုတော်အောင်ဇော်၊ ရုပ်ရှင်မင်းသားဒေါင်းနဲ့ အေးချမ်းမိုးတို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ လှုပ်ရှားမှုရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ "ကျနော်တို့မှာ အားရှိပါတယ်။ ကျနော်တို့ သန်မာပါတယ် ကျနော်တို့ ညီညွတ်ပါတယ်။ ဘာမဆို ကျနော်တို့ အောင်နိုင်မှာပါ ဧရာဝတီကို ပြန်ရွေးယူကြပါစို့။" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဧရာဝတီကို ပြန်ရွေးယူကြဖို့ ပြည်သူအများ ဝိုင်းဝန်းပါဝင်ကူညီပေးကြပါလို့ ဧရာဝတီကို ချစ်မြတ်နိုးသူတွေက မေတ္တာရပ်ခံ တောင်းဆို လိုက်ကြတာဖြစ်ပါတယ်။

ဒီလိုမြန်မာပြည်သူတွေရဲ့ဆန္ဒ သဘောထား တောင်းဆိုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရခေါင်းဆောင်တွေ အလေးအနက်ထားစဉ်းစားပေးဖို့ကိုလည်း ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ လှုပ်ရှားသူတွေက စုပေါင်းတောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်မြို့ နိုဗိုတယ်လ်ဟိုတယ်မှာ ကျင်းပတဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ စုပေါင်းလှုပ်ရှားမှုမှာတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေ မြန်မာ ဒီမိုကရေစီအင်အားစုတွေ၊ အနုပညာရှင်တွေ၊ ပညာရှင်တွေနဲ့ သတင်းမီဒီယာသမားတွေနဲ့ ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

ဧရာဝတီရွေးယူရေး ဆွေးနွေးအဖြေရှာ
please wait

No media source currently available

0:00 0:05:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG