သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကျော့ စကားစစ်ထိုးပွဲအပေါ် အမြင်တချို့


ကန် သမ္မတလောင်း ၂ ဦး ဒုတိယအကျော့ စကားစစ်ထိုးပွဲ
ကန် သမ္မတလောင်း ၂ ဦး ဒုတိယအကျော့ စကားစစ်ထိုးပွဲ

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၁ လတောင်မလိုတော့တဲ့အချိန်မှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ Republican သမ္မတလောင်း Donald Trump တို့ တနင်္ဂနွေနေ့ညနေ Missoruri ပြည်နယ် St. Louis မြို့မှာရှိတဲ့ ဝါရှင်တန်သက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကျော့ စကားစစ်ထိုးပွဲကြီးကျင်းပ အပြီး ဟီလာရီကလင်တန်က လူထုစစ်တန်းတွေမှာအသာစီးရနေတာကိုတွေ့ရပါတယ်။ တနင်္ဂနွေနေ့ညက စကားစစ်ထိုးပွဲ စောင့်ကြည့်ခဲ့ကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား တွေရဲ့အမြင်က ဘယ်လိုရှိပါသလဲဆိုတာကို ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။

“မနေ့ညက ကျင်းပတဲ့ စကားစစ်ထိုးပွဲကို ကြည့်ဖြစ်ခဲ့ကြသလား၊အဲဒီလိုစကားစစ်ထိုးပွဲမျိုး အရင်က ကြုံဖူးကြမယ်မထင်ပါဘူး”လို့ ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်က တနင်္ဂနွေနေ့ညက သူနဲ့ ယှဉ်ပြိုင်ဘက် Republican သမ္မတလောင်း Donald Trump တို့ ဒုတိယအကြိမ်စကားစစ်ထိုးပွဲအကြောင်းကို Detroit မြို့မှာ တနလာၤနေ့က သူမဲဆွယ်လှုပ်ရှားစဉ် သူ့အပေါ်ထောက်ခံသူတွေကို အခုလိုမေးမြန်းခဲ့တာဖြစ်ပါတယ်။

NBC News နဲ့Wall street journal တို့က ကောက်ခံခဲ့တဲ့ စစ်တမ်း အသစ်တွေအရ ကလင်တန်က ၄၆ % Trump က ၃၅ % နဲ့ ကလင်တန်က Trump အပေါ် ဆယ်ဂဏန်းအကွာနဲ့ လူထုထောက်ခံမှု မှာ အသာစီးရနေတာဖြစ်ပါတယ်။ စကားစစ်ထိုးပွဲမှာ ထည့်သွင်းပြောကြားခဲ့ကြတဲ့ အချက်တွေနဲ့ ပထမဦးဆုံးကတော့ ၂၀၀၅ မှာ trump အနေနဲ့ ထိုစဉ် အမျိုးသမီးတွေအပေါ် သိက္ခာကျစေတဲ့ ပြောဆိုမှု Video tape မေးခွန်းနဲ့ ပတ်သက်လို့ Trump က တောင်းပန်ဖို့ ကြိုးစား ခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ် အဲဒီအတွက် ကျနော်သိပ်ကိုမျက်နှာပူပါတယ်။ ကျနော်ကြိုက်လည်းမကြိုက်ပါဘူး။ ဒါပေမယ့် ဒီလိုပြောတာက အဝတ်လဲခန်းထဲမှာ ယောကျာ်းချင်းပြောနေကြစကားမျိုးဖြစ်ပါတယ်။”

အခုလိုဖြေရှင်းချက်နဲ့ ပတ်သက်လို့ စကားစစ်ထိုးပွဲကြည့်ရှုခဲ့သူတွေထဲက တဦးဖြစ်သူ Indianaပြည်နယ်နေ ချင်းအမျိုးသား ဒေါက်တာ Ro Dinga အမြင်ကတော့

“၂၀၀၅ မှာ Trump အနေနဲ့ပြောခဲ့တာရှိတယ် Video တွေလည်း ပေါ်လာတယ်ပေါ့နော်။ သူကတော့ ဒါ Locker room talk ပေါ့နော်။ သဘောကတော့ ဒီအမေရိကားမှာတော့ အဝတ်စားလဲတဲ့အခန်းပါ။ ယောကျာ်းတွေပဲ ရှိပြီးတော့ အဲဒီမှာ စိတ်လွတ်ကိုယ်လွတ်၊ နောက်ပြောင်ပြီးတော့ ဒါပြောကြတယ်ပေါ့နော်။ ဒါဟာ ၂၀၀၅ အခြေအနေနဲ့ ပတ်သက်လို့ပြောခဲ့တာဖြစ်တယ်။ ကျနော်မြင်ချင်ကြားချင်တာကတော့ သူ့အနေနဲ့ ၁၀ နှစ်ကျော်ကြာသွားပြီ၊ အခု ဒီနေ့ ဒီအချိန်မှာ ဒီလိုစိတ်ဓါတ်မျိုးလုံးဝမရှိဘူးဆိုတဲ့ဟာနဲ့ အဆုံးသတ်ရင်ကောင်းမယ်လို့ ကျနော်ယူဆတယ်လေ။ ဒါပေမယ့် သူအဲလိုတော့ အဆုံးမသတ်သွားဘူး။”

Donald Trump အနေနဲ့ Clinton နိုင်ငံခြားရေးဝန်ကြီးဘဝတုန်းက ရုံး email ကို ကိုယ်ပိုင် email ဆာဗာ သုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ထောင်ချနိုင်တဲ့အထိ ထိထိရောက်ရောက်အရေးယူမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

“ကျနော်အနိုင်ရရင် ကျနော့အစိုးရ ရှေ့နေချုပ်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ စိစစ်ဖို့ အထူး အစိုးရ ရှေ့နေ ၁ ဦးတာဝန်ပေးဖို့ ညွန်ကြားခိုင်းမယ်။ လိမ်ညာမှုတွေက များလွန်းနေတယ်။ လှည့်ဖျားမှုတွေလည်း သိပ်များလွန်းပါတယ်။”

အခုလိုပြိုင်ဘက်တဦးကို ချိုးနှိမ်ပြောဆိုမှုနဲ့ ပတ်သက်လို့လည်း ဒေါက်တာ Ro Dinga အမြင်ကတော့

“မနေ့က စကားစစ်ထိုးပွဲမှာ Donald Trump က နည်းနည်းလွန်လွန်ကျူးကျူးဖြစ်သွားတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ သမ္မတဖြစ်ခဲ့ရင်ပေါ့နော် အစိုးရရှေ့နေ ကောင်းကောင်းဖွဲ့စည်းပြီးတော့ ဟီလာရီကလင်တန်ရဲ့ အီးမေး အရှုပ်တော်ပုံကို ပြန်ပြီးတော့ လိုက်ခိုင်းပြီးတော့ ဟီလာရီကလင်တန်ကို ထောင်ထဲပို့မယ်ပေါ့နော်၊ စွဲချက်တင်မယ်ဆိုတဲ့ အပိုင်းအထိပြောသွားတယ်။ အဲဒါကတော့ တော်တော်လေးကို လွန်လွန်ကျူးကျူးဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

ဒုတိယအကျော့ စကားစစ်ထိုးပွဲကို ရုပ်သံကနေ ကြည့်ရှု့ခဲ့ကြတဲ့ မြန်မာတွေအနေနဲ့ Wisconsin က မသင်းသင်းလည်း ပါပါတယ်။ သူ့အနေနဲ့ ပထမတုန်းက ကလင်တန်ကို မဲပေးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် ဒီစကားစစ်ထိုးပွဲအပြီးမှာတော့ ကလင်တန်ကိုမဲပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျမ အစပိုင်းက ဟီလာရီကို သိပ်ပြီးတော့ အားမရပါဘူး။ ဒါပေမယ့် အခုရှိတဲ့ လက်ရှိ ၂ ယောက်ထဲမှာ ယှဉ်မယ်ဆိုရင်တော့ ဟီလာရီက Donald Trump ထက်အများကြီးကို သာပါတယ်။ ဆိုတော့ သူ့ကို ကျမက မဲမပေးခဲ့ဘူးဆိုရင် ကျမမဲတခု Donald Trump အတွက် သူ ရှုံးသွားပါလိမ့်မယ် ဆိုတော့ ကျမကတော့ ဟီလာရီကိုပဲ မဲပေးရပါလိမ့်မယ်။”

ဒေါက်တာ Ro Dinga ကရော ဘယ်သူ့ကို မဲပေးဖို့ ရည်ရွယ်ပါသလဲ။

“ကျနော်ကတော့ အတိုချုံးပြောရရင် ဟီလာရီကလင်တန် ကို ပေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမအနေနဲ့ Republican တွေရဲ့ Policy တွေတော်တော်များများကို ကျနော့်အနေနဲ့ ကြိုက်ပါတယ်။ ဒါပေမယ့် သမ္မတအနေနဲ့ လူတဦးချင်းကို ကြည့်တဲ့အခါကျတော့ Donald Trump ကတော့ ကမ္ဘာ့နိုင်ငံကြီးတခုကို အုပ်ချုပ်မယ့်သမ္မတ ဖြစ်လောက်မယ့်အရည်အချင်း လို့ ခေါ်ရမလား ၊ သူ့ပုံစံက သမ္မတဖြစ်မယ့် ပုံစံကို သိပ်မမြင်ဘူး။ ဟီလာရီကလင်တန် ကတော့ ဒီအချိန်မှာ ပါးပါးနပ်နပ်နဲ့ အတွေ့အကြုံလည်းရှိတယ် Donald Trump ထက်စာရင် အများကြီး ဒီအမေရိကန်ကို ဦးဆောင်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ကလင်တန်နဲ့ Donald Trump တို့ ၂ ဦးဟာ တတိယနဲ့ နောက်ဆုံးအကျော့ စကားစစ်ထိုးပွဲ ကိုတော့ အောက်တိုဘာလ ၁၉ ရက်နေ့Las Vegas မြို့မှာ ကျင်းပဖို့ စီစဉ်ထားပြီး၊ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ သမ္မတရွေးကောက်ပွဲကြီး ကျင်းပမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG