သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အနိုင်ရရေးထက် လွှတ်တော်အမတ်အများစုနိုင်ရေး Republican ကြိုးပမ်းမည်


Republican သမ္မတလောင်း Donald Trump
Republican သမ္မတလောင်း Donald Trump

မဲဆန္ဒရှင်အမြောက်အများကို စော်ကားရာရောက်တဲ့ ရိုင်းစိုင်းတဲ့အပြောအဆိုတွေကို မကြာခဏပြောတဲ့ Republican သမ္မတလောင်း Donald Trump ကိုသူ့အနေနဲ့ ကာကွယ်ပြောတော့မှာ မဟုတ်ဘူးလို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan က သူ့ရဲ့ Republican လွှတ်တော်အမတ်တွေကို ဖုန်းပေါ်က စည်းဝေးပြောကြားခဲ့ပါတယ်။

ထင်ပေါ်ကျော်ကြားသူဖြစ်တဲ့အတွက် သူ့အနေနဲ့အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် အခွင့်အရေးယူ လုပ်ချင်တာလုပ်လို့ရနိုင်တယ်ဆိုပြီး ၂၀၀၅ ခုနှစ်တုန်းက Donald Trump ပြောကြားခဲ့တဲ့ Video မကြာခင်ကပဲထွက်ပေါ်လာခဲ့တာပါ။

ဒီအပေါ်မှာလည်း သူ့အနေနဲ့ ခုခံကာကွယ်နေတော့မှာ မဟုတ်ဘဲ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့မတိုင်ခင် အောက်လွှတ်တော်မှာ Republican ပါတီအမတ်အများစု အသာရထားတဲ့ အနေအထားကို ဆက်ပြီးထိန်းထားနိုင်ဖို့ တခြား Republican ကိုယ်စားလှယ်တွေအတွက်ပဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်သွားတော့မယ်လို့ Paul Ryan ကပြောပါတယ်။ လက်ရှိ အမေရိကန်အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ Republican တွေက အမတ်နေရာ အများစုရရှိထားတာဖြစ်ပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan အနေနဲ့ Trump အပေါ်ထောက်ခံမှုကို ရုတ်သိမ်းတာ မဟုတ်ပေမဲ့ သူ့အတွက် မဲဆွယ်စည်းရုံးပေးတော့မှာ မဟုတ်ဘူးလို့ ဖုန်းပေါ်ကနေ စည်းဝေးပွဲမှာ ပါဝင်သူတယောက် ကပြောပါတယ်။ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း ကိုယ့်မဲဆန္ဒနယ်အတွက် အကောင်းဆုံးဖြစ်နိုင်မှာကို လုပ်ပေးကြဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် Hillary Clinton အနိုင်ရလိမ့်မယ်လို့ မပြောရုံတမယ် Republican ပါတီရဲ့ ထိပ်တန်းလွှတ်တော် ခေါင်းဆောင်က ပြောခဲ့သလို လူထုသဘောထားစစ်တမ်းသစ်တွေမှာလည်း Clinton ကပြတ်ပြတ်သားသား အနိုင်ရနိုင်လောက်တဲ့အထိ ထောက်ခံမှုတွေ တိုးလာခဲ့တဲ့အတွက် Republican သမ္မတလောင်း Donald Trump အတွက်နိုင်ငံရေးအရ အထိနာစရာအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG