သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းနှစ်ဦးရဲ့ အချေတင် စကားစစ်ထိုးပွဲ


သမ္မတလောင်းနှစ်ဦးရဲ့ အချေအတင် စကားစစ်ထိုးပွဲ
သမ္မတလောင်းနှစ်ဦးရဲ့ အချေအတင် စကားစစ်ထိုးပွဲ

ဒီမိုကရက် သမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ရဲ့ ဒုတိယအကြိမ်စကား စစ်ထိုးပွဲအတွင်း တဘက်နဲ့တဘက် အချေအတင် ပြောဆိုခဲ့ကြပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စကားလုံးတွေသုံးပြီး နှိမ်ချပြောဆိုထားတဲ့ Mr. Trump ရဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ Missoruri ပြည်နယ် St. Louis မြို့မှာ ဒီစကားစစ်ထိုးပွဲကျင်းပတာပါ။ VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။

စကားစစ်ထိုးပွဲစတင်ချိန်မှာပဲ သမ္မတလောင်းတွေ တဦးနဲ့တဦး လက်ဆွဲနှုတ်ဆက်တာမျိုုး မရှိတာကြောင့် ဒီသမ္မတလောင်းတွေကြား သဘောထား တင်းမာမှု အခြေအနေကို တွေ့မြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်က အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေသုံး ပြောဆိုခဲ့တာနဲ့ ပတ်သက် လို့ Donald Trump က တောင်းပန်ပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော့အနေနဲ့ အလွန်ပဲ စိတ်ကသိကအောင့် ဖြစ်ရသလို ဒီအပေါ် မုန်းမိပါတယ်။ ဒါပေမယ့် ဘယ်သူမှ မကြားနိုင်တဲ့ အခြေအနေမျိုးမှာ ပြောဆိုခဲ့တာ ပါ။

Mr. Trump အနေနဲ့ သမ္မတတယောက် မဖြစ်ထိုက်ဘူးဆိုတာကို ဒီဗီဒီယိုက သက်သေပြနေပြီး ဒါဟာ အမျိုးသမီးတွေ၊ လက်တင်နွယ်ဖွါးတွေနဲ့ မူစလင်တွေအပေါ် စော်ကားပြောဆိုမှုတွေထဲက နောက်ဆုံးထွက်ပေါ်လာတဲ့ သဘောထားမှတ်ချက် ဖြစ်ကြောင်း Mrs. Clinton က ပြောပါတယ်။

“Donald Tump ဘယ်လိုလူစားမျိုးလည်းဆိုတာ ရုပ်လုံးပေါ်လာတာဖြစ်ပြီး ကျမတို့အတွက် တခါ တိုင်းပြည်အတွက် ကျမတို့ဟာ ဒီလိုလူစားမျိုး မဟုတ်ဘူးဆိုတာကို ပြသရမှာ ဖြစ်ပါတယ်။”

ဒီစကားစစ်ထိုးပွဲတလျှောက်လုံး Mrs. Clinton ဟာ လူလိမ် တယောက်၊ တခါ မကောင်းဆိုးဝါး ဖြစ်တယ်လို့တောင် Mr. Trump က ပြောဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ကိုယ်ပိုင် အီးမေးဆာဗာတခု အသုံးပြုခဲ့တာနဲ့ ပတ်သက် ပြီးတော့လည်း သူက ဝေဖန်ခဲ့ပါတယ်။

“ကျနော်သာ အနိုင်ရမယ်ဆိုရင်တော့ ရှေ့နေချုပ်ကနေတဆင့် အထူး အစိုးရရှေ့နေတွေကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခိုင်းသွားမှာပါ။ ဘာလို့လည်းဆိုတော့ လိမ်ညာမှုတွေ ဥပါယ်တံမျဉ်တွေ အများကြီး ရှိနေနိုင်တာကြောင့်ပါ။”

Mrs. Clinton ကလည်း

“သူပြောတာတွေအားလုံးဟာ လုံး၀ အမှားတွေပါ။ကျမ အံ့အားမသင့်တော့ပါဘူး။ အရမ်းကို ကောင်းတာကတော့ ဒီလို စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့ Donald Trump လို လူမျိုးတယောက်ဟာ ကျမတို့ နိုင်ငံရဲ့ အကြီးအကဲ ဖြစ်မနေတာပါပဲ။”

Donald Trump က အခုလို တုန့်ပြန်ပါတယ်။

“ဘာလို့လဲ။ ထောင်ထဲဝင်နေရမှာစိုးလို့လား။”

ရွှေ့ပြောင်းအခြေချလာမယ့် မူစလင်တွေကို လက်ခံသွားမှာ မဟုတ်ဘူးဆိုတဲ့ Mr. Trump ရဲ့ သဘောထားနဲ့ ပတ်သက်ပြီးတော့လည်း Mrs. Clinton က အခုလို ဝေဖန်ပါတယ်။

“ကျမတို့ဟာ အစ္စလာမ်ဘာသာနဲ့ စစ်ဖြစ်နေတာမဟုတ်ပါဘူး။ ဒီလိုသာလုပ်မယ်ဆို ကျမတို့ဟာ အကြမ်းဖက်သမားတွေ ဖြစ်စေချင်တဲ့ ပုံမျိုးလိုက်လုပ်နေတာ ဖြစ်သွားနိုင်ပြီး ဒါဟာ အမှားတခုပါ။”

Trump က အခုလိုတုန့်ပြန်ပါတယ်။

“ဒါဟာ တင်းတင်းကြပ်ကြပ် စိစစ်တဲ့ သဘောပါ။ Barack Obama နဲ့ Hillary Clinton တို့ကြောင့် ဆီးရီးယားလို နိုင်ငံမျိုးက သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဝင်လာမှာကို စိစစ်သွားမှာပါ။”

ရုရှားဟာ Donald Trump ကို ပိုလိုလားတယ်ဆိုပြီးတော့လည်း Mrs. Clinton က စွပ်စွဲပါတယ်။

“ဆီးရီးယားအရေးမှာ ရုရှားက လုံး၀ ဝင်ရောက် စွက်ဖက်ဖို့ ဆုံးဖြတ်ထားသလို နောင်တက်လာမယ့် အမေရိကန်သမ္မတဟာ သူတို့ဖြစ်စေချင်သူမျိုး ဖြစ်လာဖို့လည်း ဆုံးဖြတ်ထားပါတယ်။ သေချာတာကတော့ အဲဒါ ကျမ မဟုတ်တာပါပဲ။”

Donald Trump က

“ပူတင်ကို ကျနော် မသိပါဘူး။ ရုရှားနဲ့ သဘောထားချင်း တိုက်ဆိုင်ပြီး အတူပူးပေါင်းဆောင်ရွက်သွားနိုင်ရင်တော့ ဒါဟာ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ ISIS တွေကို အတူပူးပေါင်း နှိမ်နင်းသွားတာမျိုးပါ။”

သမ္မတလောင်းတွေအနေနဲ့ တဦးအပေါ် တဦး အကောင်းအမြင်ပေါ်ကနေ ပြောဆိုဖို့ စကားစစ်ထိုးပွဲ တက်ရောက်လာတဲ့ မဲဆန္ဒရှင်တဦးက တောင်းဆိုတဲ့အခါမှာတော့ Mrs. Clinton က

“သူ့ သားသမီးတွေဟာ အလွန်တော်ပြီး ကြိုးစားကြပါတယ်။”

Mr. Trump က

“သူဟာ လက်မြှောက်အရှုံးပေးပြီး ထွက်သွားမယ့်သူ မဟုတ်ပါဘူး။”

သမ္မတလောင်းတွေရဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကိုတော့ အောက်တိုဘာ ၁၉ ရက်နေ့ကျရင် Nevada ပြည်နယ် Las Vegas မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

သမ္မတလောင်းနှစ်ဦးရဲ့ အချေအတင် စကားစစ်ထိုးပွဲ
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်
အမေရိကန်သမ္မတလောင်းနှစ်ဦး ဒုတိယ စကားစစ်ထိုးပွဲ
please wait

No media source currently available

0:00 0:03:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG