သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Election – First Debate မှ အီဒီယံအသုံးအနှုန်းများ


Campaign 2016 Debate
Campaign 2016 Debate
တိုက်ရိုက် လင့်ခ်


ဒီတပတ် English-American Style Idioms ကဏ္ဍမှာ စက်တင်ဘာလ (၁၉) ရက်၊ တနင်္လာနေ့ညက ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း Donald Trump တို့ ပထမအကြိမ် စကားစစ်ထိုးပွဲမှာ အသုံးပြုခဲ့တဲ့ အီဒီယံတချို့ဖြစ်တဲ့ Bait and switch, Bring someone down နဲ့ Holier than thou တို့ကိုတင်ပြထားပါတယ်။

(၁) Bait and switch

Bait (မျှားတာ) and (နှင့်)၊ switch (ပြောင်းပစ်လိုက်တာ၊ လှည့်ပစ်လိုက်တာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျှားပြီးတော့ လှည့်ပစ်လိုက်တာ၊ ပြောင်းပစ်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက ကုန်ပစ္စည်းတွေ ရောင်းချတဲ့ လှည့်ကွက်တခုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဈေးဆိုင်ရှင်တွေအနေနဲ့ ကုန်ပစ္စည်းတွေကို ဈေးလျှော့ရောင်းတယ်လို့ ကြော်ငြာခဲ့ပြီး ဝယ်ယူသူတွေကို ပထမမြှားခေါ်တယ်။ တကယ်တမ်း ဆိုင်မှာ လာဝယ်ကြတဲ့အခါမှာ ကြော်ငြာတဲ့ ပစ္စည်းတွေကအစား ဆိုင်ရှင်ကတခြားပိုဈေးကြီးတဲ့ ပစ္စည်းတွေကိုဘန်းပြခါ၊ ဝယ်ယူသူတွေ ဝယ်ချင်အောင် နားချဆွဲဆောင်တာမျိုး လုပ်တဲ့အလေ့အကျင့်ကနေ ဒီအသုံးဆင်းသက်လာတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ကိုယ်လိုချင်တာရအောင် ထောင်ချောက်ဆင်ပြီးတော့ မြှားခေါ်တာမျိုးကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ သမတလောင်း ၂ ဦးတို့ရဲ့ စကားစစ်ထိုးပွဲမှာ Donald Trump က သူ့အနေနဲ့ သူ့ဝင်ငွေခွန်ဆောင်တဲ့ Tax Returns တွေကို အများသိအောင်ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက်မေးခွန်းထုတ်ခံခဲ့ရတဲ့အတွက်သူ့ဘက်လှည့်တဲ့ မျှားဦးကိုတဘက်လူဆီပြောင်းဖို့ ကြိုးစားတဲ့ အနေနဲ့ Hillary Clinton အနေနဲ့ ဖျက်ပစ်ခဲ့တဲ့အီးမေးလ်ပေါင်း သုံးသောင်း ကို ထုတ်ပြရင် သူလည်း သူ့ရဲ့ ဝင်ငွေခွန်ဆောင်တာတွေကို ထုတ်ပြမယ်ဆိုပြီး၊ ထောင်ချောက်ဆင်တဲ့ မေးခွန်းနဲ့ မျှားခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ Hillary Clinton တုံ့ပြန်ခဲ့တာကတော့၊

I think you've just seen another example of bait and switch here.

ဒီနေရာမှာ သူ့ဘက်ကို မျှားဦးလှည့်တာကို သူက ထောင်ချောက်ဆင်ပြီး ကျမဘက်ကို လှည့်ဖို့ ကြိုးစားတဲ့ နောက်ဥပမာတစ်ခု တွေ့နေရပြီလို့ ကျမ ထင်ပါတယ်။

(၂) Bring someone down

Bring down (အောက်ကို ဆွဲချတာ)၊ someone (လူတဦး) ဖြစ်ပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကလူတဦးကို အောက်ကို ဆွဲချတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးကို သိက္ခာကျအောင်လုပ်တာ၊ အရှက်ကွဲရအောင်လုပ်တာ၊ ပျက်စီးရာပျက်စီးကြောင်း လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ စကားစစ်ထိုးပွဲမှာ Donald Trump နဲ့ Hillary Clinton တို့က The birther lie လို့ခေါ်တဲ့ ဖခင် Kenya နိုင်ငံသား ဖြစ်တဲ့အတွက်ကြောင့် Barack Obama အနေနဲ့ အမေရိကန်မှာ မမွေးရင် သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံခွင့် မရှိတဲ့အတွက်ကြောင့် ပထမအကြိမ် သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံတုန်းက၊ Obama အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာမွေးကြောင်း သက်သေပြတဲ့မွေးစါရင်းကိစ္စမှန်ဖေါ်ထုတ်နိုင်ဖို့Trump နဲ့ Clinton မေးခွန်းထုတ်ခဲ့တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြတာကိုစကားစစ်ထိုးပွဲမှာ ပြောခဲ့ကြတာ ဖြစ်ပါတယ်။ Bring someone down အသုံးနဲ့ ပတ်သက်လို့ စကားစစ်ထိုးပွဲမှာ Hillary Clinton ပြောခဲ့တာက ...

When they go low, we go high. And Barack Obama went high despite Donald Trump's best efforts to bring him down.

သူတို့ကအောက်တန်းကျကျ လုပ်ပေမယ့် ကျမတို့ဘက်ကတော့ အဆင့်တန်းရှိရှိပဲ တုံ့ပြန်မယ်။ Donald Trump က ပျက်စီးရာပျက်စီးကြောင်းအတတ်နိုင်ဆုံးကြိုးပမ်းခဲ့ပေမယ့်လဲ Barack Obama ဘက်ကတော့ သိက္ခာရှိရှိနဲ့ တုံ့ပြန်ခဲ့တယ်။

(၃) Holier than thou

Holier က Holy ဆိုတဲ့ အခြေခံစကားက ဆင်းသက်လာပြီးတော့ ဘာသာရေးကိုင်းရှိုင်းတာ၊ သူတော်ကောင်း ဖြစ်တာကို ဆိုလိုပြီး၊ than (နှိုင်းယှဉ်ရာမှာ အသုံးပြုတဲ့ ဝိဘတ်)၊ Thou က ဒီနေရာမှာ ဘုရားသခင်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကဘုရားသခင်ထက်တောင်ဘာသာရေး ကိုင်းရှိုှုင်းနေတာဖြစ်ပါတယ်။ ဒီအသုံးကို ခရစ်ယာန်ကျမ်းစာ Bible မှာ တွေ့နိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ် သိပ်ကို သူတော်ကောင်းကြီး ဆန်နေတဲ့သူကို ခနဲ့တဲ့တဲ့နဲ့ ပြောတဲ့အသုံး ဖြစ်ပါတယ်။ လူတဦးအနေနဲ့ သူ့ကိုယ်သူ သိပ်ပြီးသိက္ခာရှိတယ်၊ သီလစောင့်ထိန်းတယ်၊ သူတော်ကောင်းကြီး ဖြစ်တယ်လို့ အထင်ခံရအောင် လုပ်နေတာကို တဘက်လူတွေက ခပ်ထေ့ထေ့နဲ့ Holier than thou လို့ အသုံးပြုတဲ့ အီဒီယံ ဖြစ်ပါတယ်။ ဒီအသုံးကို Trump က Obama ရဲ့မွေးစာရင်းကိစ္စနဲ့ ပတ်သက်လို့ သူ့ကိုပဲ အပြစ်တင်နေပြီး ၊ Clinton လဲ ဝေဖန်တဲ့အထဲပါခဲ့တာကို သူ့ရဲ့ မဲဆွယ်လှပ်ရှား ရေးမှူုး ကိုယ်တိုင်ကဝန်ခံခဲ့တာကိုထောက်ပြခါ ၊သူတော်ကောင်းကြီး လုပ်နေတယ်လို့ Trump က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

But just last week your campaign manager said it was true. So when you try to act holier than thou, it really doesn't work.

ပြီးခဲ့တဲ့ သတင်းပတ်ကပဲ ခင်ဗျားရဲ့ မဲဆွယ်လှုပ်ရှားရေးမှုုးက ဒါဟာ မှန်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် အခု မသိချင်ယောင်ဆောင်ပြီး သူတော်ကောင်းကြီး လုပ်နေတာကတော့ တကယ့်ကို မဟန်ပါဘူးဗျာ။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Bait and switch, Bring someone down နဲ့ Holier than thou တို့ဖြစ်ပါတယ်။

XS
SM
MD
LG