သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုသမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲ


ကန် ဒုသမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲ
ကန် ဒုသမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲ

အမေရိကန် ဒုသမ္မတအဖြစ် ဝင်ရောက်အရွေးခံမယ့် ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Tim Kaine နဲ့ Republican ဒုသမ္မတလောင်း Mike Pence တို့ဟာ တကြိမ်သာကျင်းပတဲ့ အင်္ဂါနေ့ည စကားစစ်ထိုးပွဲအတွင်း တွေ့ဆုံခဲ့ပါတယ်။ Farmville, Virginia က စကားစစ်ထိုးပွဲအတွင်း အချိန်တော်တော်များများမှာ ဒုသမ္မတလောင်း ၂ ဦးဟာ ယှဉ်ပြိုင်ဘက် ပါတီက သမ္မတလောင်း တွေဖြစ်တဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ အပေါ် အပြန်အလှန် ဝေဖန်ထိုးနှက်ခဲ့ပါတယ်။ VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။

ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Tim Kaine နဲ့ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး Republican ဒုသမ္မတလောင်း Mike Pence တို့ရဲ့ တကြိမ်တည်းသာ ကျင်းပတဲ့ ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲအပေါ် အများက အာရုံစိုက်ခဲ့ကြပါတယ်။ လက်ဆွဲနှုတ်ဆက်ပြီး မကြာခင်မှာပဲ Republican သမ္မတလောင်း Donald Trump ရဲ့ အငြင်းပွါးဖွယ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ Mike Pence ကို Tim Kaine က တိုက်တွန်းချိန်မှာတော့ စကားစစ်ထိုးပွဲဟာ အချိန်တိုတိုအတွင်း အခြေအတင် စတင်ပြောဆိုတဲ့ အနေအထားကို ရောက်လာပါတယ်။

Tim Kaine က

“Donald Trump ဟာ မက္ကစီကိုနိုင်ငံကလူတွေကို မုဒိမ်းမှု ၊ရာဇဝတ်ပြစ်မှုကျူးလွန်သူတွေလို့ သူ့ရဲ့ မဲဆွယ်စည်းရုံးပွဲတွေအတွင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် ကိုယ်ကျင့်သိက္ခာမဲ့သူတွေ၊ ဝက်တွေ၊ ခွေးတွေ၊ ရွံရှာဖွယ်ရာအဖြစ် ပြောခဲ့ပါတယ်။ ဒီလို အခြေအတင်ဖြစ်စေတဲ့အကြောင်းတွေကို သူလုပ်ခဲ့ပြီး သမ္မတ အိုဘားမားဟာ နိုင်ငံသားမဟုတ်ဘူးဆိုပြီးတော့လည်း တဖက်သက် လိမ်ညာခဲ့ပါတယ်။”

ဒီလိုပြောဆိုမှုအပေါ် Mike Pence ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တုန့်ပြန်ပါတယ်။

“ကျနော်တို့ကို ထောက်ခံသူ တဝက်လောက်ဟာ မနှစ်မြို့ဖွယ်ကောင်းသူတွေ၊ ဘာကိုမှ မသိနားမလည်သူတွေ၊ မျှော်လင့်ချက် မရှိတဲ့သူတွေ လို့ Hillary Clinton က စော်ကားပြောဆိုတာလောက် မဆိုးပါဘူး။”

စကားစစ်ထိုးပွဲအတွင်း မကြာခဏ တယောက်နဲ့တယောက် ကြားဖြတ်ဝင်ရောက်ပြောဆိုပေမယ့် အများအားဖြင့်တော့ အခြေအနေကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ သမ္မတ Barack Obama ရဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်ပြည်ထောင်စုဟာ တဖြည်းဖြည်းခြင်း ယိုယွင်းလာတယ်လို့Pence က စွပ်စွဲတာကြောင့် ဒုသမ္မတလောင်း ၂ ဦးအကြား နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး အငြင်းပွါးပြန်ပါတယ်။ Mr. Pence က

“နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မိုင်တွေ သန်းချီ ၊ ကမ္ဘာအနှံ့ သွားခဲ့အပြီး (တခါ) လက်ရှိ အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို သူ အဓိက ပုံဖေါ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံမှု အားနည်းလာခဲ့တာပါ။”

နျူးကလီးယားဆိုင်ရာ မူဝါဒ အပါအဝင် Trump ရဲ့နိုင်ငံခြားရေးရာ မူဝါဒတွေအပေါ် Kaine က ထိုးနှက်ဝေဖန်ခဲ့ပါတယ်။

“နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေ ပိုများလာရင် ကမ္ဘာကြီးဟာ ပိုလုံခြုံလိမ့်မယ်လို့ Donald Trump က ယုံကြည့်ပါတယ်။ ဆော်ဒီအားရေးဘီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအနေနဲ့ ဒီလက်နက်ကို ပိုင်ဆိုင်သင့်တယ်လို့ သူပြောပါတယ်။”

Trump ဟာ သူ့ရဲ့ အခွန်ပေးဆောင်မှုစာရင်းကို ထုတ်ပြန်ပေးဖို့ ငြင်းဆိုခဲ့သလို ၁၉၉၀ ခုနှစ်က ဒေါ်လာ သန်းတထောင်နီးပါး အရှုံးပြခဲ့တဲ့ ကိစ္စလည်း ဒီအချိန်အတောအတွင်း ထွက်ပေါ်လာတဲ့အပေါ် Kaine က ထောက်ပြခဲ့ပါတယ်။

“ ပြည်နယ် အုပ်ချုပ်ရေးမှူး Pence အနေနဲ့ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရဖို့ အခွန်ပေးဆောင် မှုစာရင်း Donald Trump ကို ပေးရပါတယ်။ Donald Trump အနေနဲ့လည်း သမ္မတ တဦးအဖြစ် အရည်အချင်းပြည့်မှီတယ်ဆိုတာကို ပြသဖို့ သူ့ရဲ့ အခွန်ပေးဆောင်မှု စာရင်းကို လူအများသိအောင် ထုတ်ပြန်သင့်ပါတယ်။”

Trump ရဲ့ အခွန်ပေးဆောင်မှုနဲ့ပါတ်သတ်ပြီး Pence က အခုလိုတုန့်ပြန်ပါတယ်။

“Donald Trump ဟာ စီးပွါးရေးသမားတယောက်ဖြစ်ပြီး သူဟာ နိုင်ငံရေးသမားတယောက်အဖြစ် ရပ်တည်ခဲ့တာ မဟုတ်ပါဘူး။ စီးပွါးရေးလုပ်ငန်းတခုကို သူဟာ ထူထောင်ခဲ့ပါတယ်။ ဒီအပါတ်အတွင်း ထွက်လာတဲ့ အခွန်စာရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူ့အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ အခြေအနေတချို့ပါ။”

Hillary Clinton နဲ့ Donald Trump တို့ရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ မကျင်းပခင် ၅ ရက်အလိုမှာ ကျင်းပတဲ့ ဒုသမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲအတွင်း အကြမ်းဖက်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ စီးပွါးရေး၊ ရုရှားနဲ့ဆက်ဆံရေး စတဲ့ကိစ္စရပ်တွေနဲ့ ပါတ်သတ်ပြီး အခြေအတင် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်းသမိုင်းတလျှောက် ပြန်ကြည့်မယ်ဆိုရင်တော့ ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲဟာ သမ္မတ ရွေးကောက်ပွဲရလဒ်အပေါ် သိပ်ပြီး သက်ရောက်မှုတော့မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG