သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ် ဂျပန်ခရီးနှင့် ဂျပန်မြန်မာ ဆက်ဆံရေး


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်တွင်း ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်တွင်း ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံ။

မြန်မာ့ရေးရာတွေမှာ ဂျပန်နိုင်ငံဟာ တကယ့်ကို အကျိုးရှိတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။ မြန်မာစစ်ဘက်ဟာ နိုင်ငံမှာ တကယ့်ကိုအရေးကြီးတဲ့နေရာကနေ ပါနေမယ်ဆိုတာ ဂျပန်နိုင်ငံက ကောင်းကောင်းသိတဲ့အတွက် မြန်မာစစ်ဘက်ကို လျစ်လျူရှု ထားလို့မရဘူးဆိုတာ ဂျပန်က သိတယ်လို့လဲ သူက သုံးသပ်ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ပတ်သက် ပြီးတော့ ပါမောက္ခ David Steinberg က အခုလို သုံးသပ်ပြောဆိုတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ Nippon Foundation ဥက္ကဌ မစ္စတာ Yohei Sasakawa ရဲ့ဖိတ်ကြားချက်အရ သြဂုတ်လ ၁ ရက်နေ့ကတည်းက ဂျပန်နိုင်ငံမှာရောက်နေတာဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့မှာ တော့ ဂျပန်ဝန်ကြီးချုပ် မစ္စတာ Shinzo Abe နဲ့ တွေ့ဆုံပါတယ်။ အဲဒီလိုတွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခေါင်းဆောင်မှုအပေါ် မျှော်လင့်ချက်ထားတဲ့အကြောင်း မစ္စတာအဘဲ့က ပြောခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို Kyodo သတင်းဌာနက ရေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်က မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရှေ့ဆက်တိုးတက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ အားပေး ထောက်ခံမှု အရေးကြီးတယ်ဆိုတာကို အလေးထားပြောခဲ့တယ်လို့လဲ Kyodo သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးမှာ ဂျပန်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဂျပန်နဲ့မြန်မာကြားမှာရှိခဲ့တဲ့ သမိုင်းကြောင်းအခြေအနေကို ထောက်ပြပြီး တော့ သုံးသပ်ပြသူက မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg ပါ။

“ဂျပန်နိုင်ငံအနေနဲ့ သိပ်ကိုအကျိုးရှိတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ကျနော်တို့ မေ့နေလေ့ရှိတဲ့ ကိစ္စတခုကို သတိရဖို့လိုပါတယ်။ မူလ မြန်မာစစ်တပ် တစိတ်တပိုင်းဟာ ဂျပန်စစ်တပ်ကနေ လာတာပါ။ ရဲဘော်သုံးကျိပ်ကို ဂျပန်တို့က လေ့ကျင့်ပေးခဲ့တာပါ။ သူတို့ဟာ စစ်ဘက်နဲ့ နီးစပ်ပါတယ်။ သူတို့ တောက်လျှောက်သိလာခဲ့တာက မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်ဘက်ဟာ သိပ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါနေမယ်ဆိုတာပါပဲ။ ဒါကြောင့် စစ်ဘက်ကို လျစ်လျူရှုလို့ မရဘူးဆိုတာ ဂျပန်တွေက ကောင်းကောင်းသိပါတယ်။”

ဒါပေမဲ့လဲ ဂျပန်အစိုးရဟာ မြန်မာစစ်ဘက်နဲ့ရော၊ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရနဲ့ပါ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေတယ်လို့ ပါမောက္ခ Steingberg ကပြောပါတယ်။ ဒါ့အပြင် မြန်မာ အနေနဲ့လဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်တာမှာ ဂျပန်နိုင်ငံရဲ့ အကူအညီကို လိုအပ်နေတာပါ။ ဒီအချက်နဲ့ပတ်သက်လို့လဲ ပါမောက္ခ Steinberg က အခုလိုသုံးသပ်ပါတယ်။

“နည်းပညာ အမှန်တကယ် လွှဲပြောင်းပေးတာကို သူတို့ လိုအပ်ပါတယ်။ ဂျပန်တွေကလဲ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘယ်ကုမ္ပဏီနဲ့ပတ်သက်ပြီး ပြောတာလဲဆိုတာပေါ်မှာတော့ မူတည်မှာပါ။ ဂျပန်နိုင်ငံက အဓိက ကုမ္ပဏီကြီးတွေဟာလဲ မြန်မာနိုင်ငံကို သိပ် စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သူတို့ကို လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့ဟာ ပြည်တွင်းလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်တွေဖြစ်လို့ပါ။ ဒါက သိပ်ကို အကျိုးဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်ခရီးစဉ်စတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး မစ္စတာ Song Tao ဟာ သြဂုတ်လ ၃ ရက် ညနေပိုင်းက မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ သြဂုတ်လ ၄ ရက်နေ့မှာပဲ မစ္စတာ Song Tao ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့နဲ့ တွေ့ဆုံ ပါတယ်။

ဒါဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ဘဲ စနစ်တကျပြင်ဆင်ပြီး ဆက်ဆံရေးဟန်ချက်ညီစေဖို့ ကြိုးစားတာလို့ မြင်မယ်ဆိုရင် မြင်လို့ရနိုင်ပြီးတော့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားဘယ်နိုင်ငံနဲ့မဆို သိပ်နီးကပ်တဲ့ဆက်ဆံရေး တည်ဆောက်တယ်ဆိုရင် အဲဒါဟာ အမှားလုပ်သလိုဖြစ်မယ်လို့ ပါမောက္ခ Steinberg က သုံးသပ်ပါတယ်။ ဒါကြောင့်လဲ တနိုင်ငံ ချင်းစီနဲ့ နီးကပ်တဲ့ဆက်ဆံရေး တည်ဆောက်တာမျိုးမဟုတ်ဘဲ အားလုံးနဲ့ ဆက်ဆံရေးတည်ဆောက်ပြီး ဘက်ညီအောင် လုပ်နေ တယ်လို့ ပါမောက္ခ Steinberg ကမြင်ပါတယ်။

“တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ သူတို့က ဂျပန်နဲ့ဆက်ဆံရေး ကောင်းချင်ပါတယ်၊ အလားတူပဲ တရုတ်နဲ့ ဆက်ဆံ ရေး ကောင်းဖို့လဲ လိုအပ်ပါတယ်။ တရုတ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အထူး အရေးပါပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ပြဿနာတွေအားလုံးထဲမှာ အရေးအကြီးဆုံးက လူနည်းစု၊ လူများစု ဆက်ဆံရေးဆိုတာ ကျနော် လုံးဝသဘောတူပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ တခြားဘာပဲဖြစ်ဖြစ်ပါ။ ဒါက လွတ်လပ်ရေးရပြီးကတည်းကပါပဲ။ ဒါဟာ နိုင်ငံရင်ဆိုင်နေရတဲ့ အဓိကကိစ္စရပ်ပါပဲ။”

အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ မစ္စတာ Yohei Sasakawa ဦးဆောင်တဲ့ Nippon ဖောင်ဒေးရှင်းဟာ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ ကူညီလုပ်ဆောင်နေတာတွေရှိပြီး မစ္စတာ Sasakawa ကို မြန်မာ နိုင်ငံက လူနည်းစု တိုင်းရင်းသားများ သာယာဝပြောရေးဆိုင်ရာ သံအမတ်ကြီးအဖြစ် ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ဂျပန်အစိုးရက ခန့်အပ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG