သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲအတွက် ရှမ်းနိုင်ငံရေး မဟာမိတ်ဖွဲ့


ရှမ်းပြည်နယ်ပြမြေပုံ။ (Google)
ရှမ်းပြည်နယ်ပြမြေပုံ။ (Google)
အစိုးရကနေ ကမကထပြုပြီး နိုင်ငံရေးဆွေးနွေးပွဲကျင်းပတဲ့အခါ တူညီတဲ့ သဘောထားတွေကို စုစည်းတင်ပြဖို့အတွက် ရှမ်းနိုင်ငံရေးပါတီ၂ ခု၊ လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုကိုအခြေခံပြီး ရှမ်းအမျိုးသားအခြေပြု လူမှု အသင်းအဖွဲ့တွေက ရှမ်းပြည်ညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။ လောလောဆယ်တော့ ဘုံသဘောထား ရပ်တည်ချက်တွေကို မဆွေးနွေး ရသေးဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ရပ်တည်ချက်နဲ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီကို အင်အားကောင်းတဲ့ ရှမ်းနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS/SSA တောင်ပိုင်း တို့အပါအဝင် ရှမ်းလူထုအခြေပြုအဖွဲ့အစည်း ၁၀ဖွဲ့လောက် ပူးပေါင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီလိုဖွဲ့စည်းရတဲ့ အဓိကအချက်ကိုတော့ SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်က အခုလို ပြောပါတယ်၊

“နိုင်ငံရေးဆွေးနွေးပွဲတွေစရင် ဘယ်လိုသဘောထားတွေ ရှိကြမလဲဆိုတာ ညှိဖို့လိုတယ်။ တိုင်ပင်ညှိနှိုင်းနိုင်တဲ့နေရာလေးတစ်ခုလောက် ရှိဖို့လိုတယ်။ ရှိဖို့လိုတော့ ဒီအဖွဲ့လေး ဖွဲ့ထားတာပေါ့ဗျာ။ လောလောဆယ်တော့ ဘုံရပ်တည်ချက်ကတော့ ဆွေးနွေးတဲ့အဆင့် မရောက်သေးဘူးဗျ။”

ကော်မတီရဲ့ ဘုံရပ်တည်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေ အပေါ် အခြေခံမယ်လို့ ပြောပါတယ်။
ဒီဘုံရပ်တည်ချက်ချမှတ်ဖို့အတွက် လိုင်ဇာဆွေးနွေးပွဲနဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို စောင့်ကြည့်နေကြောင်း ဦးစိုင်းညွှန့်လွင်က ဆက် ပြောပါတယ်။

“အခုလောလောဆယ်တော့ အဲဒီနေရာနှစ်ခုကို စောင့်ကြည့်နေတယ်။ လိုင်ဇာက ဘယ်လို ဆုံးဖြတ်ချက်ကျမလဲ၊ နောက်ပြီးတော့ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီကလား- ဟုတ်လား၊ ၁၀၉ ဦးနဲ့ဖွဲ့ထားတဲ့ အခြေခံဥပဒေလေ့လာရေးအဖွဲ့က ဘာတွေကျမလဲ။ ဒီဟာတွေအပေါ် စောင့်ကြည့်ရမယ်။ ခနတော့ စောင့်ကြည့်ပါအုံးမယ်။”

တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီး အစည်းအဝေးကို ဒီလကုန်ပိုင်းလောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ရှမ်းပြည်ညီညွတ်ရေး ကော်မတီမှာ ပါဝင်ရတဲ့ အဓိက အချက်ကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက အခုလိုပြောပါတယ်။
“လက်ရှိအစိုးရကနေ ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ကျနော်တို့ အဖွဲ့အစည်းတွေအားလုံးနဲ့ စုပေါင်းပြီးတော့ ဘယ်လို ပါဝင် ဆောင်ရွက်ကြမလဲ၊ ရှမ်းရဲ့အရေးကို ရှမ်းအဖွဲ့အစည်းတွေနဲ့အတူ ရှမ်းပြည်ထဲမှာရှိနေကြတဲ့ တခြား တိုင်းရင်းသားလူမျိုးစုတွေကို ကျနော်တို့ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ လက်တွဲသွားနိုင်ကြမလဲဆိုတဲ့ ကိစ္စလည်း ပါပါတယ်။ ရှေ့အနာဂါတ်မှာ ကျနော်တို့ကံကြမ္မာကို ကျနော်တို့ ဘယ်လို ဖန်တီးနိုင်ကြမလဲ၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စပ်ဟပ်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ကြတာပဲ ဖြစ်ပါတယ်။ ညီညွတ်ရေးတည်ဆောက်တာပဲ ဖြစ်ပါတယ်။”

လောလောဆယ်မှာတော့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီမှာ ရှမ်းအမျိုးသားအဖွဲ့အစည်းတွေကို အခြေခံပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရှမ်းပြည်နယ်က တိုင်းရင်းသားလူမျိုးတွေအားလုံးကို ဖိတ်ခေါ်သွားဖို့ ရှိနေတယ်လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ရှမ်းပြည်ညီညွတ်ရေး ကော်မတီမှာ ပါဝင်ဖို့ ရှိ-မရှိကို ပအိုဝ်အဖွဲ့ရဲ့ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။
“မဖွဲ့ခင်မှာ ကျနော်တို့ ကြိုပြီး မသိခဲ့ဘူးလေ။ ဖွဲ့မယ်ဆိုရင်လည်း ဘယ်မူ၊ ဘယ်အခြေခံနဲ့ဖွဲ့မယ်ဆိုတာတွေ မသိရသေးတော့ ဒီအပေါ်မှာ ကျနော်တို့ ဘာမှတော့ သဘောထားပြောဖို့ မရှိသေးပါဘူး။ မူဝါဒ သဘောထားတွေအရကတော့ လက်တွဲလုပ်ဆောင်လို့ရတဲ့ မူဝါဒသဘောထားတွေအပေါ်မှာ အခြေခံမယ်ဆိုရင်တော့ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေးနဲ့ပတ်သက်ရင်တော့ အမြဲတမ်း ကျနော်တို့က အဆင်သင့်ရှိပါတယ်။”

အစိုးရကတော့ နောက်လဆန်းပိုင်းလောက်မှာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပွဲ ကျင်းပပြီး နောက်နှစ် ဧပြီလဆန်း လောက်မှာ နိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပမယ်လို့ ကြေညာထားပါတယ်။ ဒီဆွေးနွေးပွဲအတွက် မွန်၊ ရခိုင်နဲ့ချင်းစတဲ့ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေကလည်း တူညီတဲ့ သဘောထားရပ်တည်ချက်တွေကို တညီတညွတ်တည်း တင်ပြနိုင်ဖို့အတွက် ပြင်ဆင် ဆောင်ရွက်တာတွေ ရှိနေပါတယ်။
XS
SM
MD
LG