သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အပစ်ရပ်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ညွှန်ကြား


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သတင်းစာရှင်းလင်းပွဲ

ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က အောက်ခြေတပ်ဖွဲ့တွေကို အပစ်ရပ်ဖို့အတွက် ညွှန့်ကြားထားပြီလို့ RCSS ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ SSPP ဘက်ကတော့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးပြီး အကြောင်းပြန်ဖို့ ရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ခေါ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းနဲ့ နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ကုန်ပိုင်း လောက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကျေးသီး စတဲ့ မြို့နယ်တွေအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ရှမ်းသံဃာတော်တွေ၊ ရပ်မိရပ်ဖတွေနဲ့ နိုင်ငံရေးပါတီတွေက တောင်းဆိုခဲ့သလို အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တပ်မတော်ကလည်း တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။

မတ်လ ၂၀ရက်နေ့မှာတော့ RCSS က ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ အရေးပေါ် အစည်းအဝေးကျင်းပပြီးနောက် SSPP နဲ့ တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားပြီဖြစ်ကြောင်း RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းဦးက ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲတွေ ရပ်ဖို့ နယ်မြေက တပ်မှုးတွေကို ညွှန်ကြားထားပါတယ်ဗျ။ ကျနော်တို့ကို ကျနော်တို့ ခုခံကာကွယ်တာက လွဲလို့ ကျနော်တို့က စပြီး မတိုက်ဖို့ပေါ့နော်။ အပစ်ရပ်ဖို့ပေါ့နော် အဲလို ညွှန်ကြားထားပါတယ်။ ၂၀ရက်နေ့ကပေါ့နော်။ တိုက်ပွဲတွေ မဖြစ်တော့ဘူးဆို ဒေသခံတွေကလည်း၊ ဒီ စစ်ဘေးရှောင်တွေကလည်း သူတို့ နေရပ်ကို သူတို့ ပြန်ကြမှာ ဖြစ်ပါတယ်။ ကျနော်တို့လည်း ဒေသခံတွေရဲ့ စားဝတ် နေရေးတွေ ဘာတွေ ပြန်လည်ပြီး အလုပ်လုပ်နိုင်အောင်ပေါ့။ ”

အရေးပေါ် အစည်းအဝေးပြီးထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြီးခဲ့တဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့က အဆိုပြုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပဋိပက္ခလျော့ချရေး၊ တိုက်ပွဲရှောင်ပြည်သူတွေ မူလနေရာကို ပြန်လည် ပို့ဆောင်ရေးအတွက် SSPP၊ RCSSနဲ့ တပ်မတော် ၃ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကောင်းသော အဆိုပြုချက် အဖြစ် ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးမယ့် အခြေအနေအပေါ်မှာတော့ ဗိုလ်မှုးကြီး စိုင်းဦးက အခုလို ပြောပါတယ်။

“ရက်တော့ ကျနော်တို့ ရက်သတ်မှတ်ထားခြင်းတော့ မရှိသေးပါဘူးခင်ဗျ။ ကျနော်တို့ ရက်တွေတော့ ပြန်လည် ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ သုံးဖွဲ့လုံး အဆင်ပြေမယ့် နေ့ ရက်ပေါ့နော်။”

ဆွေးနွေးပွဲ အမြန်ဖြစ်စေဖို့အတွက်လည်း ကြားဝင်ဆောင်ရွက်ပေးတဲ့ သံဃာတော်တွေနဲ့ လူထုကို အမြန်ဆုံး အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးဖို့လည်း RCSS က ပန့်ကြားထားသလို ဆွေးနွေးစဉ် ကာလမှာ သူတို့ တပ်တွေကို ရောက်တဲ့နေရာမှာ တပ်ချထားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

RCSS က အပစ်ရပ်ကြောင်း ကြေညာလိုက်တဲ့အပေါ် SSPP ရဲ့ သဘောထားကို အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးစိုင်းဖုန်းဟန်က အခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးဖို့က ကျနော်တို့ အမြဲတမ်းတံခါးဖွင့်ထားတာပေါ့။ ဘယ်အဖွဲ့အစည်းနဲ့ မဆို တွေ့ဆုံဆွေးနွေးဖို့က အသင့်ပါပဲဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က အဖွဲ့အစည်းအတွင်းမှာ ဗဟိုကော်မတီပေါ့နော်။ အစည်းအဝေးထိုင်ပြီးမှ သုံးသပ်ရမှာဖြစ်တယ်ဗျ။ လောလောဆည်တော့ တစ်စုံတစ်ရာ သုံးသပ်ချက် မပြုနိုင်သေးပါဘူး။”

သီပေါ၊ နမ္မတူနဲ့ ကျောက်မဲမြို့နယ်အတွင်း ဖြစ်တဲ့ တိုက်ပွဲတွေဟာ SSPP, TNLA တအန်း(ပလောင်) ပူးပေါင်းတပ်နဲ့ RCSS အကြား ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ TNLA ပါဝင်ဆွေးနွေးဖို့ကတော့ ရှမ်းတပ်ဖွဲ့ချင်း ဆွေးနွေးပြီးနောက် တစ်ဆင့်မှာ ဆွေးနွေးဖွယ်ရှိကြောင်း ဗိုလ်မှုးစိုင်းဖုန်းဟန်က ပြောပါတယ်။

ဒီလပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ SSPP, TNLA တအန်း (ပလောင်) ပူးပေါင်းတပ်နဲ့ RCSS အကြား ဖြစ်ပွားတဲ့ တိုက်ပွဲအပြင် SSPP နဲ့ အစိုးရတပ်မတော်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ၃၀၀၀ လောက် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်ခဲ့တဲ့နောက် စစ်ရှောင်တချို့ နေရပ်ပြန်ခဲ့တာရှိပေမဲ့ စစ်ရှောင်တွေကို ကူညီသူတွေရဲ့ စာရင်းအရ သီပေါနဲ့ ကျေးသီးမြို့မှာ အနည်းဆုံး စစ်ရှောင် ၁၅၀၀ ကျော်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး တိုက်ပွဲတွေ လျော့ချရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

NRPC ရဲ့ ဖိတ်ကြားစာမှာ ဒီကနေ့ ၂၂ရက်နေ့မှာ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ တဖွဲ့ချင်းစီ ဆွေးနွေးဖို့ ဖော်ပြခဲ့ပေမဲ့ အဖွဲ့အစည်းအများစုက နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ရမှာတော့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG