သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ခိုက်မှု နှစ်ဖက်ယုံကြည်မှု ပျက်စေကြောင်း သုံးသပ်


မှတ်တမ်းပုံ - ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ။ (ဓာတ်ပုံ-ကိုမျိုး/နယ်စည်းမခြား)
မှတ်တမ်းပုံ - ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ။ (ဓာတ်ပုံ-ကိုမျိုး/နယ်စည်းမခြား)

ရှမ်းပြည်နယ် အပါအဝင် စစ်တိုင်း ဒေသကြီး ၅ ခုမှာ ၄ လကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ မြန်မာ့တပ်မတော်က ကြေညာခဲ့ပေမယ့် SSPP/ SSA ရှမ်းပြည်မြောက်ပိုင်းတပ် ရှိရာ နယ်မြေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ပွဲဆင်နွှဲခဲ့တာက တဖက်နဲ့တဖက် ယုံကြည်မှု ကျဆင်းစေတယ်လို့ ရှမ်းတိုင်းရင်းသား အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောဆိုလိုက်ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ ဒေသခံ ရွာသားတွေ စစ်ရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရှမ်းပြည်မြောက်ပိုင်း သီပေါ အခြေစိုက် ခလရ(၂၃)(၆၇)၊ မန်လီအခြေစိုက် ခမရ(၁၇)၊ မိုင်းရယ် ခမရ(၃၂၅)စတဲ့ အစိုးရ စုပေါင်းတပ်ဖွဲ့က ပန်ခါးနဲ့ ဝမ်ကွန်တီးရွာက ရွာသားနှစ်ဦးကို လွိုင်ပန်ခါးတောင်မှာ အခြေစိုက်တဲ့ SSPP/SSA တပ်ဖွဲ့ဆီ စာသွားပို့ခိုင်းရာက တိုက်ပွဲဖြစ်ပွားခဲ့ရ တာပါ။ အစိုးရတပ်ဖွဲ့တွေက SSA မြောက်ပိုင်းတပ်ကို မတ်လ(၉) (၁၀)ရက် နှစ်ရက်ကြာ ထိုးစစ်ဆင်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး ဖေါင်ဒေးရှင်း SHRF အဖွဲ့ပြောခွင့်ရသူ စိုင်းရွက်လွင်က ပြောပါတယ်။

“ အဲဒီ စဖြစ်တာကတော့ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ပေါ့။ မြန်မာ စစ်တပ်ကနေပြီးတော့ ရွာသား ၂ ဦးကို ဆင့်ခေါ်ပြီးတော့ အဲဒီ လွိုင်ပန်ခါး ဆိုတဲ့ တောင်ကို စာသွားပို့ခိုင်း လိုက်တယ်။ အဲဒီ လမ်းခရီးမှာပေါ့ ရွာသား မိုင်းတွေကို နင်းမိတယ်ပေါ့လေ။ နင်းမိပြီးတော့ တယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်တယောက်ကတော့ ဒဏ်ရာ ရတာပေါ့နော်။ မိုင်း သံကြားလိုက်တာနဲ့ တခါတည်း မြန်မာစစ်တပ်က စတင်ပြီးတော့ ပစ်ခတ်တော့တာပေါ့နော်။ SSPP/SSA ရှမ်းပြည်တပ်မတော် ဆိုတဲ့ ဘက်က စတင်ပစ်ပြီဟေ့ ဆိုပြီးတော့ သူလည်းဘဲ ပစ်လိုက်တဲ့ သဘော ဖြစ်တယ်။ ”

နှစ်ရက်ကြာ တိုက်ပွဲအတွင်း ဒုတိယနေ့မှာ တပ်မတော်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပန်ခါးရွာက အမျိုးသမီးကြီးတဦး ဗုံးဆံမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ရှမ်းလူ့အခွင့်အရေး ဖေါင်ဒေးရှင်းက ပြောပါတယ်။ တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူတွေကို VOAက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှာ ပန်ခါးနဲ့ အနီးတဝိုက်ကျေးရွာတွေက ရာချီတဲ့ ရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ရပြီး၊ ကျေးသီးမြို့နယ်က ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ ခေတ္တ ခိုလှုံခဲ့ရတယ်လို့ စိုင်းရွက်လွင်က ပြောပါတယ်။

“ ဝမ်ပန်ခါးပေါ့နော်။ အဓိကကတော့ အဲဒီ ဝမ်ပန်ခါး အနီးတဝိုက်က ရွာ ၉ ရွာ ပေါ့နော်၊ မိုင်းတုံပေါ့နော် မိုင်းတုံ ကျေးရွာ အုပ်စုပေါ့။ ရွာ ၉ ရွာလည်း အဲဒီမှာ ထွက်ပြေးခဲ့ရတာ ပေါ့နော်။ ရွာ ၉ ရွာရယ် လွိုင်ပန်ခါးဆိုတော့ ၇၀၀ ရှိတာပေါ့နော်။ အခုလောလောဆယ်တော့ အဲဒီ ရွာ ၉ ရွာတော့ အားလုံးနီးပါးတော့ ပြန်ကြပါပြီ။ ဒါပေမယ့် လွိုင်ပန်ခါး ရွာသားတွေကတော့ မပြန်ရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ပွဲ ဖြစ်တာလည်း သူတို့ လွိုင်ပန်ခါးရွာမှာဘဲ ဆိုတော့လေ မပြန်ဖြစ်သေးပါဘူး ခင်ဗျ။ ”

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်မှာ အပြီးသတ် လက်မှတ်မထိုးရသေးပေမယ့် ငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၅)ရက်နေ့တုန်းက နေပြည်တော်မှာ တပ်မတော် တာဝန်ရှိသူတွေနဲ့ SSPP/SSA တပ်ဖွဲ့ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး ရက်ပိုင်းအကြာမှာပဲ ခုလို တိုက်ပွဲတွေ ဖြစ်လာတာဟာ တဖက်နဲ့တဖက် ယုံကြည်မှု ကျဆင်းစေတယ်လို့ အမေရိကန် ကာလီဖိုးနီးယား ပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“ ဗမာအစိုးရ တပ်မတော် အနေနဲ့ သူတို့က ၄ လ အပစ်ရပ် ကြေညာထားတာ။ အခုဆို ၄ လ မပြည့်သေးဘူး။ မြောက်ပိုင်းမှာ ပြန်ပြီးတော့ စစ်တိုက်နေတယ်။ အဲဒါတော့ မကောင်းဘူးဗျ။ ပြောတဲ့ အတိုင်း တကယ်ဆိုရင် ကတိသစ္စာ တည်ဖို့ လိုတယ်လို့ ကျနော်တို့ ထင်တယ်။ အထူးသဖြင့် နေပြည်တော်မှာ SSPP/SSA က ဗိုလ်ချုပ် ခွန်ဆန် ဦးစီးထားတဲ့ အဖွဲ့က အစိုးရ တပ်မတော်နဲ့ အပစ်ရပ်စဲဖို့ကိစ္စ NCA လက်မှတ်ထိုးဖို့ ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ အဲဒါတွေ သွားပြီး ဆွေးနွေးနေတဲ့ အချိန်မှာဘဲ အခုလို တပ်မတော်က ရှမ်းပြည်မြောက်ပိုင်းမှာ SSPP ကို ဝင်တိုက်တယ် ဆိုတာတော့ ဒါတော့ လုံး၀ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်ဗျ။ တကယ် ငြိမ်းချမ်းရေး လိုချင်တယ်၊ လိုလားတယ် ဆိုရင်တော့ ဆွေးနွေးပြီး အဖြေရှာဖို့ လိုတယ်။ ”

တကယ်တော့ မြန်မာ့ တပ်မတော်ဟာ ရှမ်း/ကချင်ပြည်နယ်တွေက စစ်တိုင်းဒေသကြီး ၅ ခုမှာ ၄ လတာ အပစ်ရပ်စဲထားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အစိုးရတပ်ရဲ့ ၄ လတာ အပစ်ရပ်စဲမှုဟာ တကယ်တော့ လှည့်ကွက်တခုသာဖြစ်တယ်လို့ SHRF က စိုင်းရွက်လွင်က သုံးသပ်ပါတယ်။

“ တကယ်လို့ ငြိမ်းချမ်းရေး အစစ်အမှန် ရချင်တယ် ဆိုရင်တော့ ဆွေးနွေး သဘောတူထားတဲ့ အတိုင်း ဆက်ပြီးတော့ လုပ်နေမယ် ဆိုရင်တော့ ဒါ ငြိမ်းချမ်းရေး ဆိုတာ ဖြစ်လာမှာဘဲလေ။ အခုဟာ တိုင်း ၅ တိုင်း အပစ်အခတ် ရပ်စဲ ဆွေးနွေးတဲ့ဟာကလည်း ဆွေးနွေးနေတယ်။ တခြား နေရာ ဒေသတွေမှာ ဆိုရင်လည်း တိုက်ပွဲတွေ ထပ်ဖြစ်နေတာပေါ့။ ဒီ ရှမ်းပြည်ပေါ့ ရှမ်းပြည် ဖြစ်ဖြစ်၊ ကချင်ပြည် ဖြစ်ဖြစ် တိုက်ပွဲ ခနလေး ရပ်ထားပြီးတော့ ရခိုင်ဘက်ကို လှည့်ပြီးတော့ အင်အား အလုံးအရင်းတွေနဲ့ သွားပြီးတော့ တိုက်တာ၊ ဒီဟာ မြန်မာ အစိုးရစစ်တပ် အနေနဲ့ လှည့်ကွက်တခု အနေနဲ့ သုံးတာဘဲလို့ ကျနော် သုံးသပ်မိတယ် ခင်ဗျ။”

SSPP/SSA တပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ ပန်ခါးတောင်ဟာ မြင့်မားပြီး သီပေါ၊ ကျေးသီးနဲ့ မိုင်းကိုင်မြို့နယ်တွေကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာဖြစ်တယ်လို့ SHRF အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG