သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာဆဲ ရှမ်းမြောက်မှာ ဒေသခံရွာသားအချို့ဖမ်းဆီးခံရ


ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင် ဒုက္ခသည်များ
ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင် ဒုက္ခသည်များ

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ပြေးဒုက္ခသည်စခန်းက မီးဖွားပြီးစ အမျိုးသမီးတဦးနဲ့ မွေးကင်းစကလေးငယ်တဦးအပါအဝင် လူငါးဦးကို စစ်တပ်က ဖမ်းဆီးတဲ့ဖြစ်ရပ်တခုလည်းရှိထားပါတယ်။ တပ်မတော်က ဗိုလ်ကြီးအဆင့် အရာရှိတဦးကိုလည်း TNLA တအာင်းပလောင်တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

စစ်မီးပူနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း နိုဝင်ဘာ(၂၁)ရက်နေ့က TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်၊ RCSSမြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ TNLA တို့ နမ္မတူ ကျောက် မဲမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLAပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“မနေ့ကတော့တိုက်ပွဲဖြစ်တယ်။ ဖြစ်တာကတော့နှစ်နေရာရှိတယ်။ တနေရာက ကျွန်တော်တို့နမ္မတူမြို့နယ် လုလေ ရွာအနီးမှာဖြစ်တယ်။ နောက်တနေရာက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ တုံးဟောင်းအနီးမှာ။ မနေ့ကကျောက်မဲ ဘက်မှာဖြစ်တာကတော့ သုံးဖွဲ့ဆုံတယ်။RCSSနဲ့မြန်မာ့တပ်မတော်က နှစ်ဖွဲ့ပေါင်းပြီးမှ ကျွန်တော်တို့တပ်ဖွဲ့ကို ရင်ဆိုင်ထားတဲ့အနေအထားရှိတယ်။ တိုက်ပွဲကဖြစလိုက်နားလိုက် ဖြစ်လိုက်နားလိုက်ပေါ့။”

ပြီးခဲ့တဲ့အင်္ဂါနေ့က ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာနဲ့ နမ့်ဟူးကျေးရွာကားလမ်းပေါ်မှာTNLAစစ်ဆေးရေးအဖွဲ့ကနေ တပ်မတော်အရာရှိတဦးကိုလက်နက်နဲ့အတူဖမ်းဆီးရမိပြီး လက်ရှိစစ်ဆေးနေဆဲလို့ဗိုလ်မှူးတာအိုက်ကျော် ကပြော ပါတယ်။

“နိုဝင်ဘာလ(၂၀)ရက်ပေါ့နော်။ မနက်(၃)နာရီအချိန်မှာ ဒီမန်ပန်ကျေးရွာအနီးမှာ နမ့်ဟူးနဲ့မန်ကန်ရွာအကြားပေါ့။ အ မြန်ကားလမ်းပေါ်မှာ ကျွန်တော်တို့ယဉ်တစီးကို ရပ်တန့်စစ်ဆေးတဲ့အချိန်ကျတော့ အဲဒီမှာ လက်နက်တွေရော တွေ့ တယ်။ ပြန်စစ်ဆေးကြည့်တဲ့အချိန်ကျတော့ ကွတ်ခိုင်အခြေစိုက် ခလရ(၄၅)ဗျူဟာရုံးက ဗိုလ်ကြီးချမ်းမြေ့ထွန်း ဖြစ် တယ်။ အဲဒီမှာMAလက်နက်တလက်ရယ်။ ပစ္စတိုတလက်ရယ် ဖမ်းဆီးထိန်းသိမ်းတယ်။ ပြန်ပြီးအရေးယူဖို့ အတွက် ကျွန်တော်တို့ စစ်ဆေးမေးမြန်းပြီးလို့ရှိရင် ကျွန်တော်တို့တောတွင်းအချုပ်ထဲမှာ ထဲ့ထားတာရှိတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့စစ်သုံ့ပမ်းတွေကို ကျွန်တော်တို့ပြန်လွှတ်ပေးတာတော့ရှိတယ်။”

တပ်မတော်အရာရှိတဦးကို TNLA က ဖမ်းဆီးလိုက်တဲ့ တရက်ထဲမှာပဲ ကွတ်ခိုင်မြို့နယ် ပန်ကူကျေး ရွာအုပ်စု ပန်ကူဒုက္ခသည်စခန်းက မီးဖွားပြီးစအမျိုးသမီးနဲ့ ရက်သားကလေးငယ်အပါအဝင် လူ ၅ဦးကို တပ်မတော်က စစ်ကြောင်းက ဖမ်းဆီးသွာတယ်လို့ ပန်ကူ ဒုက္ခသည်စခန်းတာဝန်ခံဦးသိန်းအောင်က ပြောပါတယ်။

“တပ်မတော်အဖွဲ့က ပြည်သူတွေလာဖမ်းသွားတာတော့ သူတို့တပ်စခမ်းထဲမှာဘဲအခုလောလောဆယ် ချုပ်ထားနေ တုန်းပါဘဲ။ (၅)ယောက်ခင်ဗျ။ ကျွန်တော်တို့ဆီမှာလဲ ဘာမှအကျိုးအကြောင်းလာမပြောဘဲ သူတို့ကနေလာခေါ် သွားတယ်။ ကျွန်တော်တို့သတင်းကြားရတာက TNLAအဖွဲ့တွေက သူတို့စစ်တပ်လူတယောက်ဖမ်းထားတယ်လို့ ပြောတယ်။ သူတို့ကအဲတာမသင်္ကာလို့နေမှာပေါ့။ TNLAရဲ့အမျိုးသမီးကိုပါဖမ်းသွားတယ်။ ကလေးနှစ်ယောက်ရော။ တယောက်ကတော့သူတို့အိမ်နီးနားချင်းဖြစ်ပြီးတော့ သူတို့အိမ်မှာမလည်လာရင်းနဲ့သူတို့ကအကုန်ဖမ်းသွားတယ်။”

အဲဒီ စစ်ပြေးဒုက္ခသည်တွေကို ကွတ်ခိုင်အခြေစိုက်ဗျူဟာဌာနချုပ်ကို ခေါ်ဆောင်သွားပြီး အခုချိန်ထိ ထိန်းသိမ်းထားဆဲပဲလို့ လည်း ဦးသိန်းအောင်ကပြောပါတယ်။ ဒီလိုဖမ်းဆီးမှုနဲ့ပက်သက်လို့တပ်မတော်ဘက်ကသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

တပ်မတော်အရာရှိတဦးကို ဖမ်းဆီးထားတာနဲ့ ရွာသားတွေအဖမ်းဆီးခံရတာဟာဆက်စပ်မှုမရှိဘူးလို့ TNLAပြန် ကြားရေးအရာရှိဗိုလ်မှူးတာအိုက်ကျော်ကပြော ပါတယ်။

“ဆက်စပ်မှုမရှိပါဘူး။ ကျွန်တော်တို့ဖမ်းဆီးတာကမန်ပန်ရွာနဲ့ကြားမှာဖြစ်တယ်။ ဖမ်းဆီးတာက ကားလမ်းမ ပေါ်မှာဖမ်းတယ်။ ရွာထဲမှာဖမ်းတာမဟုတ်ဘူး။”

ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးရတာတွေ ရှိထားတဲ့အပြင် ကျေးရွာတချို့ဆိုရင် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG