သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသတိုက်ပွဲပြင်းထန်လို့ ဒေသခံတွေတိမ်းရှောင်


မူဆယ်မြို့ စစ်ရှောင်ဒေသခံများ (MOI- ၂၁ နိုဝင်ဘာ ၂၀၁၆)
မူဆယ်မြို့ စစ်ရှောင်ဒေသခံများ (MOI- ၂၁ နိုဝင်ဘာ ၂၀၁၆)

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေခဲ့တာ(၁၀)ရက်မြောက်ရှိနေပြီးဖြစ်သလို ဒေသအနှံ့မှာတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေ စိုးရိမ်ကြောက်လန့်မှုနဲ့အတူ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီကနေ့ဖြစ်ပွါးနေတဲ့ တိုက်ပွဲအခြေအနေ နဲ့ပက်သက်လို့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တအာင်းပလောင် TNLA အဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်းလှကအခုလိုပြောပါတယ်။

“အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ ဒီမနက် မူဆယ်ရဲ့ နမ့်တောင်း နဲ့ ပန်ဆိုင်းဘက်မှာ လည်းဖြစ်တယ်။ နောက် မုန်းကိုးဘက်မှာလည်း ပစ်တယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်တာမျိုးတွေရှိတယ်။ ညနေ ၈ နာရီမှာလည်း နမ့်တောင်းလမ်းမကြီးဘက်မှာလည်း ပစ်နေတာရှိတယ်။ အခုမနက်ပိုင်းမှာလည်း တင့်ကားတွေရော၊ စစ်ကားတွေရော ၁၀၅ မိုင်ဘက်က တက်လာတယ်။”

ဒီမနက်ဖက်မှာ မူဆယ်မြို့နယ် နမ့်တောင်း"နှင့် "ပန်ဆိုင်း"ဆွန်လုံဒေသဘက်မှာ တိုက်ပွဲဖြစ်ပွါးနေသလို မုန်းကိုးဒေသ ဘက်မှာလဲ တိုက်ပွဲအပြင်းထန်ဖြစ်ပွါးနေဆဲလို့ တာပန်းလှကပြောပါတယ်။

မုန်းကိုးဒေသဘက်မှာတော့ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွါးနေဆဲလို့ မုန်းကိုးဒေသခံ တဦးကအခုလိုပြောပါတယ်။

“ဒီနေ့လည်း လေယာဉ်ပျံနဲ့ လာတိုက်တယ် ။ လေယာဉ်ပျံ ၂ စီး အကြီးအကျယ်လာပစ်တယ်။ ပြင်းထန်တယ် အခုက ပြည်သူလူထုလည်း ဒုက္ခရောက်နေတယ်။ တပ်အချင်းချင်းကတော့ တိုက်နေခိုက်နေကြတော့ အခုဒုက္ခရောက်တာ ကတော့ ကျနော်တို့ ပြည်သူတွေပါ။”

မုန်းကိုးဒေသခံအများစုကတရုတ်နယ်စပ်ကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လဲသူကဆိုပါတယ်။

မနေ့ကလဲ ကွတ်ခိုင်မြို့နယ် "မန်နောင်" နှင့်"နမ့်ပါချီး"ရွာအကြားနဲ့နမ့်အွန် နှင့် နမ့်ပေါ်ချောင်းတံတားအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့ကနဲ့ဒီကနေ့အထိတော့မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအကြား တိုက်ပွဲအကြိမ်(၁၀)ကြိမ်ထက်မနဲဖြစ်ပွါးခဲ့တယ်လို့ တာပန်းလှကပြောပါတယ်။

ဖေါင်းဆိုင်ဒေသဘက်မှာတော့ ဒီကနေ့မှာ လက်နက်ကြီးတွေနဲ့ အစ်ခတ်မှုအနဲငယ်ရှိတာကလွှဲလို့ တိုက်ပွဲငြိမ်သက် နေတယ်လို့ ဖေါင်ဆိုင်သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လကပြောပါတယ်။

“တပ်မတော်က ပစ်လိုက်တဲ့အမြောက် ၃ - ၄ လုံးလာကျတာကလွဲလို့ အကုန်လုံးက ငြိမ်နေတယ်။ ကျနော်တို့ ဒီ မိုင်းယာ၊ နောင်ချိုင်း အဲဒီရွာတွေမှာ ကျတယ်ခင်ဗျ ။ ထိတာကတော့ ကျနော်တို့ ရွာနားမှာထိတာကလွဲလို့ ကျနော်တို့ ဘာမှ မကြားရဘူး။”

ဒီကနေ့မနက်မှာ မူဆယ်နဲ့နမ့်ဖတ်ကာကြားမှာရှိနေတဲ့ဆွန်လုံတံတားကို တပ်ပေါင်းစုအဖွဲ့ကနေ မိုင်းခွဲခဲ့တာကြောင့် ဆက်သွယ်ရေးလမ်းကြောင်းထိခိုက်သွားတယ်လို့မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းကပြောပါတယ်။

“တံတားမိုင်းခွဲတာကြောင့် တံတား လေးပေကျော် ပျက်စီးသွားတယ်ပေါ့နော် ကွန်ကရစ် တံတားကြမ်းခင်း။ KIA/TNLA ပူးပေါင်းအဖွဲ့ပါပဲ ဆက်သွယ်ရေးလိုင်းက ပျက်သွားတာပေါ့နော် ၊ အဲဒါကြောင့်မို့လို့ ကုန်းဆက်သွယ်ခေါ်ယူရေး၊ email တို့ဘာတို့ သုံးလို့မရတော့ဘူးပေါ့နော်။ ကားကတော့ ၁၀ နာရီခွဲလောက်မှာ ပြန်သွားလို့ရအောင်သူတို့လည်း ပြင်နေပါတယ်။”

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီးတပ်မတော်ပိုင် မြဝတီသတင်းမှာတော့ နယ်မြေလုံခြုံရေးယူနေတဲ့ တပ်မတော်ရိက္ခာယာဉ်တန်း ကို KIA/TNLAပူးပေါင်းအဖွဲ့အင်အား ၃၀ ဦးခန့်တို့က ဆွန်လုံတံတားကို မိုင်းခွဲ ဖောက်ခွဲဖျက်ဆီးပြီး တပ်မတော် ယာဉ် တန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ တပ်မတော် ဘက်ကRPG သေနတ် ၁ လက်၊ ၎င်းဗုံးသီး ၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည် ၃၀ တောင့် သိမ်းဆည်းရမိ ခဲ့သလို တပ်မတော်စစ်ကြောင်းမှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့မှာ ဖေါ်ပြထားပါတယ်။

မနေ့ညကလဲ မူဆယ်မြို့အတွင်းမှာ (၃)နေရာထက်မနဲ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွါးခဲ့သလို နိုဝင်ဘာ ၂၇ ရက် ညနေ ပိုင်းမှာ မူဆယ်မြို့ မန့်ဝိန်းရပ်ကွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်းကို ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး အတန် ငယ်ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု အနေနဲ့ အခုလိုတိုက်ပွဲကာလအတွင်း ရဲစခန်း၊ စစ်တပ်စခန်းအနီး ပတ်ဝန်းကျင် တွေမှာ ညအချိန်မတော်သွားလာခြင်းကိုရှောင်ရှားကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့နိူဝင်ဘာ(၂၀)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီး ပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီအစ်ခတ်မှုကနေအစပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အတွင်း မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ် ပေါင်းစုအကြား ၁၀ရက်ခန့်တိုက်ပွဲအဆက်မပြတ်ဖြစ်ပွါးနေခဲ့သလို မုန်းကိုး ဆိုင်းဖေါင် ဝန်တိန်အပါအဝင် တရုတ် နယ်စပ်တလျောက်ရှိ ရွာပေါင်း သုံးဆယ်နီးပါးက ရွာသား(၅၀၀၀)နီးပါးဟာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုနဲ့ပက်သက်လို့ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သလို နိုင်ငံအချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေတာကြောင့်မနေ့ ကပြည်သူ့လွှတ်တေ်ာမှာ အရေးကြီးအဆိုတရပ်တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပါတယ်။

တိုင်းရင်းသားမဟာမိတ်တွေအနေနဲ့ကတော့ မြန်မာတပ်မတော်ကနေ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို အဆက်မပြတ်ပြုလုပ် နေတဲ့ အတွက်တန်ပြန်တိုက်ခိုက်ရတာဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ ထိုးစစ်တွေရပ်တန့်ဖို့ ကိုလဲတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG