သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်အတားအဆီး ကားနဲ့ဖြတ်ကျော်ဖို့ ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး


အတားဂိတ်တွေကို ကျော်ဖြတ် မောင်းပြေးသူရဲ့ကားကို တားဆီးနိုင်ခဲ့ပြီး မြင်ကွင်း။ ( အောက်တိုဘာလ ၃၊ ၂၀၁၃)
အတားဂိတ်တွေကို ကျော်ဖြတ် မောင်းပြေးသူရဲ့ကားကို တားဆီးနိုင်ခဲ့ပြီး မြင်ကွင်း။ ( အောက်တိုဘာလ ၃၊ ၂၀၁၃)
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီးက အတားအဆီးကို ကားနဲ့ ဖြတ်ကျော်မောင်းနှင်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတဦးကို လုံခြုံရေးရဲတွေက ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ တားထားတဲ့နေရာကနေ နှစ်မိုင်လောက်ဝေးတဲ့ အမေရိကန် လွှတ်တော်အထိ မောင်းနှင်ထွက်ပြေးသွားတာကြောင့် ရဲက နောက်ကနေ လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ အမျိုးသမီးကတော့ သေဆုံးသွားပြီလို့ ရဲက ပြောပါတယ်။

အမျိုးသမီးဟာ ကားနဲ့ မောင်းနှင်ထွက်ပြေးနေစဉ် ရဲကားတစင်းကိုလည်း တိုက်လိုက်တာကြောင့် ရဲအရာရှိတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လွှတ်တော်လုံခြုံရေးရဲက ပြောပါတယ်။ အဲဒီ ရဲအရာရှိကိုတော့ အရေးပေါ်ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။ ဒီအခြေအနေကြောင့် အမေရိကန်လွှတ်တော်ကို ယာယီခဏ လုံခြုံရေးအတွက် ပိတ်ပင်ထားခဲ့ရပါတယ်။

ဒါပေမယ့်လည်း အဆောက်အဦးထဲမှာ ရှိတဲ့လွှတ်တော်အမတ်တွေ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အနေအထားတော့ မရောက်ခဲ့ပါဘူး။ လွှတ်တော်လုံခြုံရေး ရဲအရာရှိတဦးက သတင်းထောက်တွေကို အခြေအနေတွေ ရှင်းလင်းပြောဆိုရာမှာတော့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုမသက်ဆိုင်ပဲ သီးခြားဖြစ်ရပ် ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

အဖြစ်အပျက်နဲ့ပတ်သက်လို့ ဗွီဒီယိုတခုမှာတော့ အဲဒီ အမျိုးသမီးရဲ့ကားထဲကနေ ကလေးငယ်တဦးကို ရဲက ချီထုတ်သွားတာ မြင်ရပါတယ်။ ကားထဲမှာ တနှစ်ကျော်အရွယ် ကလေးငယ်တဦး ရှိနေတယ်ဆိုတာကို ရဲကလည်း အတည်ပြုပါတယ်။ ရဲက ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဘာရည်ရွယ်ချက်နဲ့ အခုလို လုပ်သလဲဆိုတာ မသိရသေးပါဘူး။ အဖြစ်အပျက်ကိုတော့ ရဲ့ စုံစမ်းစစ်ဆေးဆဲရှိပါတယ်။
XS
SM
MD
LG