သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်မည်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး။ (မေ ၃၁၊ ၂၀၁၅/ ဓာတ်ပုံ- The Union Daily)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး။ (မေ ၃၁၊ ၂၀၁၅/ ဓာတ်ပုံ- The Union Daily)

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် ပါတီအောင်နိုင်ရေး ဗဟိုကော်မတီဖွဲ့ပြီး ဦးဆောင်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုလိုက်ပါတယ်။ နေပြည်တော်ပါတီဌာနချုပ်မှာ သုံးရက်တာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု မူဘောင်သတ်မှတ်နိုင်ရေး အဓိကဆွေးနွေးခဲ့ကြတာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပါတီဝင်အဖြစ် ဝင်ရောက်အရွေးခံမယ်ဆိုရင် ပါတီက ကြိုဆိုမှာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုကော်မတီဝင်က ပြောဆိုလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်ကတင်ပြပေးထားပါတယ်။

အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ကြေညာထားတဲ့ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုဆိုင်ရာ အခြေခံ မူဝါဒ သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ အတည်ပြုချမှတ်လိုက်ပြီဖြစ်ပါတယ်။

ဗဟိုကော်မတီအစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ပါတီကိုယ်စားလှယ ်ရွေးချယ်မှု - မူ တွေနဲ့ပတ်သက်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ဦးအောင်သောင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ် မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုကတော့ ၂၀၁၀ တုန်းက သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ဝင်ထားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အခု သူတို့ လက်ရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ကျနော်တို့ ငါးနှစ်သက်တမ်းမှာ တာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီလူတွေကို ကျနော်တို့ ဆန္ဒမေးထားတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဆက်လက်အရွေးခံလိုခြင်း ရှိမရှိ၊ ကျန်းမာရေး ကောင်းမကောင်းပေါ့လေ။ အဲလိုတွေ မေးထားတာရှိတယ်။ ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ရွေးချယ်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC ကို ကျနော်တို့က တာဝန်လွဲှလိုက်တာပါပဲ။ မကြာခင်မှာ CEC ကနေပြီးတော့ ဒါကို ထုတ်ပြန်ပေးမှာဖြစ်အပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရပါတီဖြစ်ခဲ့ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် - လက်ရှိပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ အောင်နိုင်ရေး ဗဟိုကော်မတီဖွဲ့ ပြီး ပါတီအောင်နိုင်ရေး ဆောင်ရွက်နေပါတယ်လို့ သူက ပြောပါတယ်။

“၂၀၁၀ မှာ အပြတ်အသတ် Landslide နိုင်ပြီးတော့ ကျနော်တို့က အစိုးရဖွဲ့နိုင်တာ။ ၁၅ မှာလည်း နိုင်ဖို့အတွက် အောင်နိုင်ရေးပါတီဆိုတာ အခု လက်ရှိ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ခေါင်းဆောင်ပြီးတော့ ကျနော်တို့ အောင်နိုင်ရေးကော်မတီပြန်ဖွဲ့ပါတယ်။ ပြန်ဖွဲ့တာမှာ တိုင်းနဲ့ပြည်နယ်က ပါတီဥက္ကဋ္ဌတွေလည်း ပါပါတယ်။ တိုင်းနဲ့ပြည်နယ် ပါတီဥက္ကဋ္ဌတွေဟာဆိုရင် လက်ရှိ ကျနော်တို့ပါတီရဲ့ဝန်ကြီးချုပ်တွေဖြစ်ပါတယ်။ ကျနော်တို့ပါတီက ဖြစ်ပါတယ်။ အားလုံး-ကျနော်တို့ ပြည်သူရဲ့ယုံကြည်မှုရအောင်၊ ပြည်သူတွေရဲ့ Mandate ပေးနိုင်အောင် ကျနော်တို့က ၁၅ မှာလည်းရအောင် ကျနော်တို့က ကြိုးစားမှာဖြစ်ပါတယ်။”

လာမယ့် ၂၀၁၅ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်ကနေ တပ်မတော်သားတွေက ပါတီဝင်အဖြစ် ကိုယ်စားလှယ်လောင်း ရွေးချယ်ယှဉ်ပြိုင်ဖို့ ရှိပါသလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့-

“တပ်မတော်သားတွေဆိုတာလည်း ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပါတယ်။ ကိုယ်က တပ်မတော်မှာတာဝန်မထမ်းဆောင်လိုတော့ရင် တပ်မတော်ကနေ နုတ်ထွက်ခွင့်တောင်းပြီးတော့ အရပ်သားတယောက်၊ ပြည်သူတယောက်ဖြစ်သွားတဲ့အတွက် မိမိကြိုက်နှစ်သက်ရာပါတီတခုမှာ ဝင်ရောက်ပြီးတော့ နိုင်ငံရေးကိုဆောင်ရွက်လို့ရပါတယ်။ ဒါ သူ့ရဲ့ right ပါ။ တကယ်တန်းကျတော့လည်း တပ်မတော်နဲ့ကျနော်တို့ပါတီနဲ့ဟာ ၁၉၉၃ အမျိုးသားအသင်းကြီးစတင်ဖွဲ့စည်းစဉ်ကတည်းက ကျနော်တို့ရဲ့နာယကတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်က အကြီးအကဲတွေဖြစ်ပါတယ်။ တပ်မတော်နဲ့ကျနော်တို့နဲ့က အဆက်ဆက်ကတည်းက အဆင်ပြေချောမွေ့ခဲ့တဲ့ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးကောင်းခဲ့တဲ့ ပါတီများထဲက တခုဖြစ်ပါတယ်။”

အခုလို တပ်မတော်နဲ့ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားအကျိုးစီးပွား ပတ်သက်မှုတွေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်ကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ရှိပါသလားဆိုတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက်လာမယ်ဆိုရင် ကြိုဆိုရမှာဖြစ်တယ်လို့ အခုလိုဖြေပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိတာဝန်ယူနေတဲ့ DSA အပတ်စဉ် ၁၉ ကဖြစ်ပါတယ်။ ပင်စင်ယူလိုက်ရင် သူက အရပ်သားတယောက် ဖြစ်သွားတဲ့အတွက် မည်သည့်ပါတီကိုမဆို သူဝင်လို့ရပါတယ်။ လက်ရှိနိုင်ငံ့ဝန်ထမ်းတယောက်အနေနဲ့တော့ ပါတီဝင်လို့မရဘူး။ သူ့ရဲ့တဦးချင်း စဉ်းစားဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်မှာပါ။ ကျနော်တို့ဘက်က ပြည်ခိုင်ဖြိုးဘက်က အဲဒီလို တပ်မတော်ကနေအနားယူပြီးတော့ ဝင်လာမယ်ဆိုရင်လည်း ကျနော်တို့က ကြိုဆိုရမှာပါ။”

အရပ်သားအစိုးရ လက်ထက် ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့ အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ တရပ်ဖြစ်ပေါ်လာနိုင်ရေး အနိုင်ရ အာဏာရပါတီပြည်ခိုင်ဖြိုးပါတီဘက်က ဘယ်လို ပူးပေါင်းဆောင်ရွက်မှုရှိနိုင်ပါသလဲဆိုတာ သူက အခုလိုရှင်းပြပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲဟာ အပြည်ပြည်ဆိုင်ရာက စောင့်ကြည့်အဖွဲ့တွေလည်း ဖိတ်ထားတယ်။ လွတ်လပ်ပြီးတော့ ပွင့်လင်းမြင်သာစွာလုပ်ပေးဖို့ ပြည်သူလူထုကလည်းတောင်းဆိုတယ်။ တခြားပါတီတွေကလည်း တောင်းဆိုတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း လွတ်လပ်ပွင့်လင်းစွာ၊ တရားမျှတစွာ ရွေးကောက်ပွဲတခုဖြစ်ဖို့နဲ့ ရွေးကောက်ပွဲအပြီးမှာလည်း တည်ငြိမ်အေးချမ်းတဲ့အစိုးရတခု- နော်- ဖြစ်ဖို့ဆိုပြီးတော့ အတည်ပြုဆုံးဖြတ်ချက် ရှေ့လုပ်ငန်းစဉ်ထဲမှာလည်း တခုပါပါတယ်ဗျာ။”

မေလ ၂၉ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ နေပြည်တော် ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီဝင် စတုတ္ထအကြိမ် အစည်းအဝေးကို တိုင်းနဲ့ပြည်နယ်အသီးသီးက ဗဟိုအလုပ်အမှုဆောင် ၊ ဗဟိုကော်မတီဝင်နဲ့ အရံဗဟိုကော်မတီဝင် စုစုပေါင်း ၂၈၂ ယောက် တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG