သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသိနားမလည်မှုကြောင့် ကြုံရတဲ့ အန္တရာယ်


People walk at the scene of an explosion in Yangon early December 29, 2011. Dozens of people were killed in a strong explosion that rocked eastern suburb of commercial city Yangon at about 2 a.m., witnesses and officials said. REUTERS/Soe Zeya Tun (MYANMA

ဓါတုပစ္စည်းတွေမှာ ရှိတတ်တဲ့ ဂုဏ်သတ္တိတွေကို နားမလည်ပဲ ကုန်လှောင်ရုံမှာ ပေါ့ပေါ့ဆဆ သိုလှောင် မိရာကနေ ရန်ကုန်မြို့သားတွေ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ် အကြောင်းကို ပြောပြပါရစေ။

၂၀၁၁ခုနှစ်အကုန် ၂၀၁၂ခုနှစ်ကူးခါနီးမှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်က မေတ္တာမွန် ဂိုဒေါင် အုပ်စုမှာ မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွါးခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၅ဦးအပါအ၀င် ၁၇ဦးသေဆုံးပြီး လူတရာကျော် ဒဏ်ရာရခဲ့ကြပါတယ်။ မီးစတင်လောင်တဲ့ ဂိုဒေါင်အမှတ် ၈၀မှာ ရိုးရိုးရေနဲ့ သမရိုးကျ ငြိမ်းသတ်ခဲ့ကြတဲ့ မီးသတ်သမားတွေဟာ ဂိုဒေါင်အမှတ် ၇၉ အရောက် ရေနဲ့ပက်တဲ့အခါမှာ ကြီးမားတဲ့ တုန်ဟည်းသံနဲ့အတူ ပြင်းထန်စွာပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ မှတ်တမ်းတွေ တင်ကြပါတယ်။

ဒီဂိုဒေါင်အမှတ် ၇၉မှာ ဘာတွေ လှောင်ထားတာပါလဲ

ရေနဲ့ ငြှိမ်းလို့ မရတဲ့ ပစ္စည်းဆိုတာ ဘာပါလဲ

"ရေနဲ့ထိရင် ပေါက်ကွဲနိုင်တော့ ကျွန်တော်တို့ ဓါတုဗေဒမှာ ဆိုဒီယမ်က အဓိကဖြစ်တယ်။ ဆိုဒီယမ်နဲ့ အတူတူ ပိုတက်ဆီယမ်လည်း ပေါက်ကွဲပါတယ်။ သို့သော်လည်း ပေါက်ကွဲနိုင်တဲ့ ပစ္စည်း တခြားဒီလိုမျိုးဟာတွေကို ဒီဂိုဒေါင်တွေမှာ သိုလှောင်မယ်လို့ ကျွန်တော် မယူဆဘူး။ ဆာလ်ဖျူရစ်အက်ဆစ် လိုဟာမျိုးကျတော့ ရေက ဆာလ်ဖျူရစ်အက်ဆစ်ထဲကို ထည့်ရင် ပေါက်ကွဲတယ်။ ဆာလ်ဖျူရစ်အက်ဆစ်တွေ လှောင်ထားမယ် တကယ်လို့ ဆာလ်ဖျူရစ်အက်ဆစ်တွေ စီးယိုလာမယ်ဆိုရင်တော့ ရေဖျမ်းလိုက်ရင် ဖုန်းဖေါင်းနဲ့ ပေါက်တယ်။ ဒီအသံမျိုးလည်း သူတိုရ ကြားရတယ်ပြောပါတယ်။

သို့သော် အဓိကကတော့ အစိုးရကြေငြာထားတဲ့ထဲမှာ ပါတဲ့ အမိုးနီးယမ်းကလိုရိုက်နဲ့ ဆိုဒီယမ်နိုက်ထရိတ် ပေါ့။ အမိုးနီးယမ်းကလိုရိုက် ဆိုတာက ဇ၀က်သာ၊ ဆိုဒီယမ်နိုက်ထရိတ် ဆိုတာက ယမ်းစိမ်း။ ဒီ၂ခုက ၂ခုစလုံးက ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် ဒီအတိုင်းတော့ မပေါက်ဘူး။ အခုက အဲဒီဟာတွေ ပမာဏ ကလည်း အလွန်များတယ်၊ မီးကလည်း လောင်နေပြီဆိုတော့ ဒီဥစ္စာတွေ တွေ့ထိပြီးတော့ ပေါက်ကွဲနိုင်တာ အများကြီး ရှိတယ်။ ဒါပေမယ့် ရေဖြန်းလိုက်တဲ့ အချိန်မှာ ဒါ concentrated solution (အားပြင်းပျော်ရည်) ဖြစ်သွားတယ်။ ဒီ၂ခုတွဲလိုက်တဲ့ အားပြင်းပျော်ရည်ဆိုရင် ကျွန်တော်တို့ ၁ကီလိုဂရမ်ဆိုရင်တောင် အိမ်တလုံးလောက် ပြိုအောင် ပေါက်နိုင်တဲ့ အနေထားရှိတယ်"

ဓါတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။ ဒီလိုအလားတူ ပေါက်ကွဲမှုတွေလည်း ရှိခဲ့ဘူးပါတယ်တဲ့

"၁၉၄၇ခုနှစ်မှာ တက်ဆက်ပြည်နယ်ပေါက်ကွဲမှု တခုဖြစ်တယ်။ ပင်လယ်ထဲမှာ မြစ်ထဲမှာပေါ့လေ သင်္ဘော တစင်းရှိတယ်။ ဒီသင်္ဘောထဲမှာ ရှိတဲ့ အမိုးနီးယမ်းကလိုရိုက် တွေပေါ်ကို ဆေးလိပ်မီး ကျသွားတယ်။ အဲဒီ ဆေးလိပ်မီးကျသွားတဲ့ ဆီကနေ တဖြေးဖြေးနဲ့ ပေါက်တယ်။ အဲဒီလိုပေါက်တော့ သင်္ဘောပေါ်မှာ တင်ထားတဲ့ သံပိုက်လုံးကြီးတွေက ၅မိုင်လောက်အထိ လွင့်စင်သွားပြီးတော့ ပေါက်ကွဲမှုတွေ ဖြစ်တယ်။ အင်မတန် ပြင်းထန်ပါတယ်။ ဘေးနားမှာ ရှိတဲ့ ရေနံချက်စက်ရုံနဲ့ အိမ်တွေဘာတွေလည်း ပြိုပါတယ်။

အင်္ဂလန်မှာလည်း ဒီလိုမျိုး အဝေးကြီး မိုင် ၂၀လောက်အထိကို vibration တုန်ခါမှုတွေ သွားတယ်။ ဒီပုံစံကြည့်လိုက်ရင် ကျွန်တော်တို့ ရန်ကုန်မှာလည်း ပဲခူးလောက်အထိ ဒီအသံကြားတယ်ပေါ့လေ။ အဲဒါက မိုင်၅၀လောက် ဝေးပါတယ်။ အဲဒီကနေ ကြားနိုင်တဲ့ပေါက်ကွဲမှုက ဒီလို အမိုးနီးယမ်းကလိုရိုက်နဲ့ ဆိုဒီယမ်နိုက်ထရိတ် ရောနှောပေါက်ကွဲမှုနဲ့ အင်မတန် တူပါတယ်"

အမိုးနီးယမ်းကလိုရိုက် ဇ၀က်သာ မရှိပဲနဲ့ ယမ်းစိမ်းတခုထဲရှိ နေတယ် ဆိုရင်ကော ဒါမျိုးလောက်အထိ ပြင်းပြင်း ထန်ထန် ဖြစ်နိုင်ပါသလား

"အဲဒီလောက်တော့ မပြင်းဘူးလို့ ကျွန်တော်ထင်တယ်။ အမိုနီယမ်နိုက်ထရိတ် ဖြစ်သွားမှ ပိုပြီးတော့ ပြင်းတာကိုး။ အဲဒီတော့ အမိုးနီးယမ်းကလိုရိုက်မရှိဘူး ဆိုရင်ဒီလောက် မပြင်းဘူးလို့ ကျွန်တော်ယူဆတယ်။ ဘာ့ကြောင့်လဲဆိုရင် သေနတ်ယမ်းတွေမှာ ထည့်တာကတော့ ဆိုဒီယမ်နိုက်ထရိတ်ပေါ့လေ။ သူက သေနတ်ယမ်းမှာ ပေါက်သလောက်ပဲဆိုတော့ သိပ်ကျယ်ကျယ်ကြီးတော့ ပေါက်ကွဲခြင်း မရှိဘူးလို့ ကျွန်တော် ယူဆတယ်ပေါ့။

ခုဒါက ဒီမှာ သိုလှောင်တဲ့ နည်းစံနစ် မှားနေလို့လည်းဖြစ်တယ်။ နောက် ဂိုဒေါင်တခုနဲ့တခု ကပ်တော့ မီးတွေ စွဲသွားတာကြောင့် ဖြစ်တယ်။ ဒီလိုမျိုး Chemical ဓါတ်ပစ္စည်းတွေ ရှိရင်လည်း ဂိုဒေါင်တခုနဲ့ တခုနဲ့ နီးကပ်တာ တော်တော် ဆိုးတယ်။ အဲဒီလိုမျိုး မထားရဘူးလေ။ နောက် ပေါက်ကွဲတဲ့အခါမှာ အုတ်တွေဘာတွေ လွင့်စင်ပြီးတော့ဖြစ်တာကိုး။ ဘေးနားမှာလည်း ကျောက်ထုတ်တာရှိတယ်။ အဲဒီ vibration တုန်ခါတာကြောင့် ကျောက်ထုတဲ့နေရာကနေ ကျောက်တွေ လွင့်စင်ပြီးတော့ လူတွေခေါင်းတွေ ဘာတွေ သွားတိုက်တာ။ အဲဒါတွေ့တဲ့လူတွေ ပြောပြတာ။ အင်မတန်ကြောက်စရာကောင်းတယ်"

"နောက် မေတ္တာမွန်ဂိုဒေါင်တို့ ဘာတို့က ဟိုးအရင်က မဆလလက်ထက်က သကြားတို့ နို့ဆီတို့ နို့မှုန့်တို့ လှောင်တဲ့ ဂိုဒေါင်တွေ။ chemical လှောင်တဲ့ဂိုဒေါင်တွေလို မဟုတ်ဘူး"

ရိုးရိုးကုန်လှေင်ရုံမှာ အန္တရာယ်ကြီးတဲ့ ဓါတုပစ္စည်းတွေကို သိုလှောင်မိတဲ့ အတွက် ဆုံးရှုံးမှုတွေက သိပ်ကို ကြီးမား ခဲ့တာပါ။ ဒါ့ကြောင့် ပစည်းသိုလှောင်မယ့် လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်သိုလှောင်မယ့် ဓါတုပစ္စည်းတွေရဲ့ အန္တရာယ်ကို သေသေချာချာ နားလည်ထားဖို့ လိုပါတယ်

"တကယ်တကယ်တော့ chemical တွေ သိုလှောင်တဲ့နေရာမှာ အင်မတန် အရေးကြီးပါတယ်။ အမိုးနီးယမ်း ကလိုရိုက် ဇ၀က်သာနဲ့ ယမ်းစိမ်းနဲ့ တွဲပြီးတော့ အတူတူထားတယ် ဆိုတာ တကယ့်တကယ်ဆို မဟုတ်ဘူး။ ယမ်းစိမ်းကို ကျွန်တော်တို့က ၀က်အူချောင်းတွေ လုပ်တဲ့နေရာသုံးတယ်။ preservation တွေဘာတွေမှာ သုံးတယ်ပေါ့နော်။ နိုင်ငံတကာမှာတော့ သိပ်မသုံးတော့ဘူး။ ဒီဘယဆေးမှာလည်း ယမ်းစိမ်းတော်တော်လေး သုံးတယ်။ သူက တကယ့်တကယ်တော့ ကာဆီနိုဂျဲနစ် ပေါ့ သူက မသုံးကောင်းတဲ့ ပစ္စည်းလိုဖြစ်နေပြီ။ ဒါပေမယ့် မြန်မာပြည်လို နိုင်ငံတွေကတော့ သုံးတုန်းပါပဲ။

အမိုးနီးယမ်းကလိုရိုက်က သူက အိတ်တရာလောက်ရှိတယ်။ ဒီဥစ္စာ မြန်မာပြည်မှာ ကျွန်တော်တို့က တအိတ် ကို ပိဿာတရာတွေ ဘာတွေ ထည့်ကြတာကိုး။ ဆိုတော့ အင်မတန် များတာပဲ။ တန်ချိန်ပေါင်းများစွာ အဲဒီမှာ ဂိုဒေါင် တခုထဲမှာ လှောင်ထားတယ်။ သူကလည်း အလေးချိန်လည်း စီးတယ်။ ပြီးတော့ တူတူ ထားတဲ့ အချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် သိပ် heat အပူတွေ တက်လာပြီ ဆိုရင် အလိုအလျောက်လည်း ပေါက်ကွဲ နိုင်စရာတွေ ရှိတယ်။ အခုလိုမျိုး မီးလောင်ရင်တော့ ပိုဆိုးတာပေါ့။ မီးကနေပြီး heat တက်လာရင် တောင်မှ သူတို့ ၂ခုက လောင်နိုင်တဲ့ အနေထားရှိတယ်။ ပေါက်ကွဲနိုင်တဲ့ အနေထား ရှိတယ်။ ရေဖျန်းလိုက်တဲ့ အခါမှာတော့ ပိုဆိုးသွားတာပေါ့။

ဒါပေမယ့်လည်း မိုးရွာပြီး မိုးရေစိမ့်ရင် သူတို့ ၂ခုရောသွားစရာ အကြောင်းလည်း ရှိတယ်။ အမိုးနီးယမ်း ကလိုရိုက်က သူ့နဂိုက နဲနဲပူလာရင် သူ့ဟာသူ အငွေ့ပျံပြီးတော့ လည်း ထွက်လာတယ်။ အတုံးလိုက်ကို အငွေ့ပျံသွားတာနော်။ ဟိုဘက်ရောက်တော့ ဒီကောင်က သူများနဲ့ပြန်ပေါင်းသွားလို့ ရတယ်။ ရေထဲဆိုရေထဲ အငွေ့ပျံပြီးတော့ ရေထဲပျော်ကျ။ သူ့ဟာသူ အိတ်ထဲကနေ ခုန်ထွက်လာလို့ ရတဲ့ ဟာမျိုး။ အဲတော့ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ အမိုးနီးယမ်းကလိုရိုက်ကို လှောင်ရင် သတိထားရတယ်။ သူ့ကို အထူး ဂိုဒေါင်တွေ ထားပြီးတော့ ထည့်ရမယ်။ သိပ်အများကြီး မဟုတ်ရင်တော့ ကိစ္စမရှိဘူး။ တအိတ် တလေဆို။ အခုက အိတ်အများကြီး ဒီလိုမျိုးလှောင်တဲ့ဟာက အင်မတန် ဆိုးဝါးပါတယ်"

အခုလို ပေါက်ကွဲမီးလောင်မှုမျိုး အရင်ကလည်း ကြုံခဲ့ဘူးပေမယ့် အခုလောက် သေဆုံး ဒဏ်ရာရမှု မရှိခဲ့တဲ့အတွက် သိပ်ပြီး သတိမထားမိခဲ့ကြတာ ဖြစ်ပါတယ်

"ကျွန်တော်တို့ ဒီဖွဲနုဆီစက်ဆိုရင် တညင်မှာလည်း မီးလောင်ဘူးတယ်လေ။ ဒီဂိုဒေါင်တွေက ရန်ကုန် ဆိပ်ကမ်းပေါ့။ အခုဖျက်လိုက်တဲ့ ဆိပ်ကမ်း။ ပြင်နေတဲ့ ဆိပ်ကမ်းမှာလည်း မီးလောင် ပေါက်ကွဲဘူးတယ်။ အဲဒါကလည်း လင်းလက်ပြီးတော့ တမြို့လုံးကြားတဲ့ဟာ ဖြစ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ဘယ်သူမှ မမှတ်မိဘူး။ နောက်တော့ ဂိုဒေါင်ကလည်း ကမ်းနားမှာ ဆိုတော့ လူနေအိမ်ခြေနဲ့ သိပ်မနီးစပ်ဘူး။ သူ့ဟာသူမီးလောင် သူ့ဟာသူငြိမ်းသွားတာ။ သိပ်မဆိုးဘူးပေါ့။ သိပ်အများကြီး မဟုတ်ဘူးပေါ့။ ဒီလိုမျိုး အများကြီး ပျက်စီးတာတွေလည်း ရှိတယ်။ ဆုံးရှုံးတာတွေလည်း ရှိတယ်။ ပေါက်ကွဲတာကတော့ အခုမှ ဖြစ်တာကိုး။

ကျန်တဲ့ဆုံးရှုံးမှုတွေလည်း အများကြီး ရှိကြတယ်။ reaction ဖြစ်ပြီး ပျက်သွားတာမျိုး ဘာ့ကြောင့် ပျက်သွားတယ် ဆိုတာမသိကြဘူးလေ။ ဆားတွေ သကြားတွေ၊ ထန်းလျက်တွေ အဲဒီလိုမျိုးတွေလည်း ပျက်စီးကြတယ်။

ဖွဲနုဆီစက်လိုမျိုး နေရာမှာဆိုရင် ဖိနပ်မှာ သံခွါပါတာမျိုးတွေ မစီးရဘူးဆိုတဲ့ အထိ ရှိတယ်။ ဒီလို safety ကို နားလည်ပြီးတော့ လုပ်နိုင်တဲ့ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ ဒီသိုလှောင်တဲ့ ကိစ္စကို ဆောင်ရွက်ရမှာ ဖြစ်တယ်"

ကျွမ်းကျင်ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးပါပါတယ်။ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ တတ်သိနားလည်သူတွေ ဆီက အကြံဥာဏ်ကောင်းတွေ ရယူဖို့ လိုအပ်သလို အာဏာပိုင်တွေ ဘက်ကလည်း ပစ္စည်းသိုလှောင်ရုံတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချဖို လိုအပ်နေပါတယ်။

XS
SM
MD
LG