သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံအမှုန် Higgs boson


အခြေခံအမှုန် Higgs boson
အခြေခံအမှုန် Higgs boson

ဒီတပတ်တော့ လူသားတွေ နေထိုင်ရာ ကမ္ဘာကြီး အပါအဝင် စင်္ကြဝဠာကြီးကို ဖြစ်ပေါ်လာစေတဲ့ အခြေခံအကျဆုံး အရာဟာ ဘာလဲဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေနေကြတဲ့ အကြောင်းကို ပြောပြမှာပါ။

သစ်ပင်ပေါ်းက ပန်းသီး ဘာ့ကြောင့် ကြွေကျရတယ်ဆိုတာကို Sir Issac Newton မေးခွန်းထုတ်ရာကနေ ဒြပ်တွေရဲ့ ဆွဲငင်အားအကြောင်း သိလာရတာပါ။ အခု Edinburgh တက္ကသိုလ်က သုတေသန ပညာရှင် Peter Higgs ကတော့ ဒီဒြပ်တွေ ဘယ်လိုဖြစ်လာတယ် ဆိုတာကို မေးခွန်းထုတ်ရာကနေ စင်္ကြဝဠာကြီး ပေါ်ပေါက်လာစေဖို့ ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်အမှုန် အခြေခံအမှုန်ကို ရှာဖွေနေကြတာပါ။

အနုမြူအမှုန်ကလေးတွေအဖြစ် သိထားကြတဲ့ အီလက်ထရွန်၊ ပရိုတွန် နျူထရွန်တွေ ပါဝင်ပြီး တည်ဆောက် ထားတဲ့ ရှိရှိသမျှ ဒြပ်ဝတ္ထုတွေရဲ့ အလေးချိန်ကို ဖြစ်စေတဲ့ အနုမြူထက်သေးငယ်တဲ့ ဒီ အခြေခံ အမှုန် ၁၉၆၄ ခုနှစ်မှာစပြီး ဒီအမှုန်ရှိတယ်လို့ တွက်ဆခဲ့တဲ့ အင်္ဂလိပ် သိပ္ပံပညာရှင် Peter Higgs ကို အစွဲပြုပြီး ဟစ်ဂ်ဘိုစွန် Higgs boson လို့ နံမယ်ပေးထားတာပါ။

စင်္ကြဝဠာထဲမှာ အခြေခံအကျဆုံးအရာဟာ ဘာလဲဆိုတာကို ရှာဖွေဖို့ LHC(Large Hadron Collider) လို့ခေါ်တဲ့ စွမ်းအင်အမှုန်တွေ တိုင်းတာတဲ့ အရှည် ၁၇မိုင်ရှိတဲ့ ကြီးမားတဲ့ စက်ကြီးကို ပြင်သစ်နဲ့ Switzerland နှစ်နိုင်ငံ ကြားမှာ တည်ဆောက်ထားပြီး သိပ္ပံပညာရှင်တွေ ရှာဖွေ နေကြတယ်လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က ရူပဗေဒ ပညာရှင် ဒေါက်တာဦးတင်မောင်အေးက ပြောပါတယ်။

"Higgs boson လို့ခေါ်တဲ့ အခြေခံအမှုန်တွေကို တွေ့ရှိနိုင်ဖို့ ဥရောပနိုင်ငံ အနုမြူ သုတေသန European Nuclear Research Center ဌာန CERN မှာ သူတို့ ဘီလျံနဲ့ချီ ပိုက်ဆန် အကုန်ခံပြီး စက်ကြီးတွေ ဆောက်တယ်။ စွမ်းအင်မြင့် အမှုန်များ တိုက်ခတ်စက် LHC(Large Hadron Collider) စက်ကြီးတွေမှာ အခြေခံ အကျဆုံးဖြစ်တဲ့ အမှုန်တွေကို လိုက်ရှာနေတယ်။ ရူပဗေဒ သဘောတရားဆိုင်ရာ သီအိုရီပိုင်းမှာ ဆိုရင် အက်တမ်တို့၊ လူတွေ၊ ပစ္စည်းတွေကစပြီး စင်္ကြဝဠာထဲမှာ ရှိတဲ့ ရုပ်ဝတ္ထုတွေ ရဲ့ အခြေခံ အကျဆုံး ဟာ ဘာလဲဆိုတာကို လိုက်ရှာကြတာ။

အခြေခံ အမှုန်ဆိုင်ရာ ရူပဗေဒမှာ သဘောတရားတွေ ရှိတယ် လက်တွေ့ပိုင်းတွေ ရှိတယ်။ အဲဒီ LHC ကတော့ လက်တွေ့ရှာတဲ့ စက်ပေါ့။ သီအိုရီနဲ့ ပြောထားတဲ့ အခြေခံအကျဆုံး ဒြဗ်မှုန် ကို ရှာဖို့ ကျိုးစားနေကြတာ"

ဟစ်ဂ်ဘိုစွန် Higgs boson အခြေခံ အမှုန်ဆိုတာ ရှိရမယ်လို့ ဘာ့ကြောင့် ယူဆကြတာပါလဲ

"အမှုန်တွေမှာ သူ့ရဲ့ စက်ကွင်းဆိုတဲ့ သဘောရှိတယ်။ ဥပမာ လျှပ်စစ်ဆိုရင် လျှပ်စစ်ဘေးမှာ လှိုင်းတွေရှိမယ်။ လျှပ်စစ်အမှုန် အီလက်ထရွန်လိုဟာမျိုးက လျှပ်စစ်လှိုင်းနဲ့ ကျန်တဲ့ပစ္စည်းတွေကို အပြန်အလှန် အား သက်ရောက် နိုင်တယ် အဲဒီသဘောပေါ့။ ဒီ Higgs boson ဆိုတဲ့ အခြေခံ အမှုန်ရဲ့ စက်ကွင်း ခေါ်တာ ပေါ့လေ။ အဲဒီ အမှုန်ရဲ့ ဘေးမှာရှိတဲ့ စက်ကွင်း field က ကျန်တဲ့ အမှုန်တွေကို (ပရိုတွန်တို့၊ နျူထရွန်တို့၊ အီလက်ထရွန်တို့ လို သိပြီးသားတွေ အပြင် စမ်းသပ်မှုတွေကနေ တွေ့ခဲ့တဲ့ အမှုန်အသစ်တွေက စာရင်း လုပ်ထားတာ တရာကျော်လောက်ရှိနေပြီ) အဲဒီအမှုန်တွေကို အလေးချိန်ကို ဖြစ်စေတယ်ဆိုတော့ အကယ်၍ ဟစ်ဂ်ဘိုစွန် ဆိုတဲ့ အမှုန်သာ မရှိခဲ့လို့ရှိရင် အားလုံးဒြဗ်ဝတ္ထုတွေမှာ အလေးချိန်မရှိဘူး

အလေးချိန် မရှိတော့ အလင်းအမှုန်လိုပဲ၊ အလင်းရောင်က အမှုန်သဘောနဲ့ သတ်မှတ်တယ်။ ဖိုတွန်လို့ ခေါ်တယ်။ ဖိုတွန်မှာ ဒြဗ် mass မရှိဘူး။ ဒြဗ်မရှိတဲ့ အတွက် အလင်းအလျင်နဲ့ သွားနိုင်တယ်။ ကျန်တဲ့ ဒြဗ်ရှိတဲ့ အမှုန်တွေက ကမ္ဘာရဲ့ အားလုံးသော ဒြဗ်ဝတ္ထုတွေ ပစ္စည်းတွေကိုဖြစ်စေတဲ့ အမှုန်တွေက အလေးချိန်ရှိတယ်။ အလေးချိန်ရှိလို့ ဒီကမ္ဘာကြီး စင်္ကြာဝဠာကြီး ဖြစ်နေတာ။ အလေးချိန်သာ မရှိခဲ့ရင် Higgs ရဲ့ စက်ကွင်း ကြောင့် field ကြောင့် အမှုန်တွေမှာ အလေးချိန် ဒြဗ် မရှိခဲ့လို့ရှိရင် ဒီစင်္ကြာဝဠာဖြစ်လာမှာ မဟုတ်ဖူး ဆိုတဲ့ သဘောရှိတယ်"

ဟစ်ဂ်ဘိုစွန် Higgs boson လို့ခေါ်တဲ့ အခြေခံအမှုန် ဖန်ဆင်းရှင်အမှုန် ရှိရမယ် ဆိုတဲ့ ယူဆချက် သီအိုရီကို လက်တွေ့မှာ ရှာပြနိုင်ပါပြီလား

"ဒီ ဟစ်ဂ်ဘိုစွန် Higgs boson လို့ခေါ်တဲ့ စွမ်းအင်မြင့်တဲ့ အမှုန်က အဓိကကျတဲ့ နေရာမှာ ရှိတယ်။ ဒါပေမယ့် သူ့ကို ရှာလို့ မတွေ့ကြသေးဘူး ပေါ့လေ။ သူက ဘယ်လို အဓိကကျလည်းဆိုတော့ ဒီအမှုန်က ကျန်တဲ့ ဒြဗ်ဝတ္ထုတွေရဲ့ အလေးချိန်ဖြစ်နေတယ်။ mass ဒြဗ်သားကို အလေးချိန်ကို ဖြစ်စေတယ်ဆိုတဲ့ သဘောကို တချို့က God particles လို့လည်းခေါ်တယ်။ သူက အရေးအကြီးဆုံး အဓိက အကျဆုံး အမှုန်ဆိုတဲ့ သဘောပေါ့။ သူတို့က အရေးကြီးတဲ့ အပိုင်းမှာ ပါတယ်။ ဒါပေမယ့် သူ့ထက် အများကြီး ပိုတွေ့ဖို့ ဟာတွေ ရှိသေးတယ်။ အကယ်၍ ဒီဟာကို တွေ့ခဲ့လို့ ရှိရင် နောက်ဆုံး သူတို့စမ်းသပ်ချက်တွေထဲက ဒီဇင်ဘာ လလယ်မှာတွေ့တဲ့ သုတေသန အချက်အလက်တွေ အရဆိုရင် တွေ့နိုင်တဲ့ အလားအလာရှိတယ်။ ဒါပေမယ့် သဲလွန်စလောက်ပဲ ရှိသေးတယ် ဆိုတော့ အတိအကျ မပြောနိုင်သေးဘူး"

ဒီအခြေခံအမှုန်ကို လက်တွေ့ပြနိုင်ဖို့အတွက် ရှာဖွေရာမှာ ရူပဗေဒ ပညာရှင် အိုင်စတိုင်းရဲ့ E=mc2 ဆိုတဲ့ ဒြဗ်ဝတ္ထုရဲ့ အလေးချိန်နဲ့ အလင်းမှုန်တွေရဲ့ အလျင်ဟာ Energy ဆိုတဲ့ စွမ်းအင်နဲ့ ဘယ်လို အဆက်အသွယ်ရှိ တယ်ဆိုတဲ့ အချက်ကို အခြေခံအဖြစ်နဲ့ သုံးပြီးရှာနေကြတာပါ

"အလေးချိန် သူ့ရဲ့ mass နဲ့ စွမ်းအင်က ညီမျှနေတယ်ဆိုတာ တွက်တဲ့ အိုင်းစတိုင်းရဲ့ သီအိုရီအရ E=mc2 ဆိုတာရှိတယ်။ သူ့ရဲ့ဒြဗ်ရယ် သူ့ရဲ့ အလင်းအလျင်ကို ၂ဆလုပ်ပြီး မြှောက်လိုက်ရင် သူ့ရဲ့ ညီမျှတဲ့ စွမ်းအင်ကိုရတယ်။ ဆိုတော့ အမှုန်ရဲ့ energy က ဘယ်လောက်ရှိရမယ် ဆိုတာကို သတ်မှတ်ပြီးတော့ narrow down လုပ်တာပေါ့လေ။ ဘယ်လောက်အတိုင်းအတာ အတွင်းမှာ ရှိရမယ် ဆိုပြီး သတ်မှတ်ပြီး ရှာကြည့်နေကြတယ်ပေါ့လေ။ ဒါကို တွေ့တဲ့သဘော အချက်အလက်ကလေးတွေ တွေ့ပေမယ့် အတိအကျ တော့ မပြောနိုင်သေးဘူးလေ"

အလင်းရဲ့ အလျင်နှုံးနီးနီး ပြေးနေတဲ့ အမှုန်တွေ တခုနဲ့ တခု တိုက်ခိုင်းပြီး ထွက်လာတဲ့ စွမ်းအင်ကို တိုင်းတာတဲ့ Higgs ဘိုစွန်ကို လက်တွေ့မှာ ရှာနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ ဘာ့ကြောင့် ဒီလောက် ကျိုးပမ်းနေကြတာပါလဲ

"အမှုန်တွေမှာ ဒြဗ်ဝတ္ထုသဘောကို ပေးတဲ့ အတွက် သူ့ကို အရေးကြီးတဲ့ concept အနေနဲ့ Higgs ဘိုစွန်ကို စဉ်းစားလို့ ရတယ်။ နောက်တခုက ဒီဟာကို ကမ္ဘာကြီး စင်္ကြဝဠာကြီး စခဲ့တဲ့ အချိန်တုန်းက big bang လို့ခေါ်တဲ့ မဟာပေါက်ကွဲမှုကြီး ပေါ်လာတာ ဟာ အလွန်သေးငယ်တဲ့ အရာ လေးကနေ ပေါက်ကွဲပြီးတော့ လောကမှာ ဖြစ်နေတဲ့ ဒြဗ်တွေ ဖြစ်လာကြတာလို့ တွက်တယ်။ အဲဒီတုန်းကသာ Higgs field က မရှိခဲ့ရင် အမှုန်တွေက သူတို့ စဉ်းစားပြီးတော့ ယူဆထားတဲ့ သီအိုရီ အရဆိုရင် အမှုန်တွေက သူတို့မှာ ဒြပ်ဝတ္တုမရှိဘူး၊ အလေးချိန်မရှိဘူး။ အလေးချိန်မရှိလို့ရှိရင် ကမ္ဘာရဲ့ ဒြပ်တွေဖြစ်လာမှာ မဟုတ်ဘူး။ ဆိုတော့ ဒီကမ္ဘာဦးအစရဲ့ Big Bang သီအိုရီအရလည်း အထောက်အကူပြုတာပေါ့လေ။ အဲဒီကနေ စင်္ကြာဝဠာ စတဲ့ဟာကို တနည်းနဲ့ နားလည်မှုရနိုင်တာပေါ့လေ။

ရူပဗေဒပညာရှင် ဒေါက်တာဦးတင်မောင်အေးပါ။ အဏုမြူထက် Higgs ဘိုစွန် ပြသတဲ့လက္ခဏာတွေ တွေ့နေရပြီလို့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ CERN သုတေသနဌာနက ATLAS စမ်းသပ်မှုနဲ့ CMS အဖွဲ့ကြီး ၂ ခုကို ဦးဆောင်တဲ့ သိပ္ပံပညာရှင်ကြီး ၂ ဦးက ပြောခဲ့ပါတယ်။

XS
SM
MD
LG