သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အစိမ်းရောင်ကွန်ယက်


Environmental Effect (Shwe Gas)
Environmental Effect (Shwe Gas)

မြန်မာ့သဘာဝန်းကျင် ထိမ်းသိမ်းနိုင်ဖို့ ဝန်ကြီးဌာနအသစ်ပေါ်လာတာနဲ့အတူ ပညာရှင်တွေစုဖွဲ့တဲ့ အဖွဲ့အစည်းပါရှိလာတာကိုဒေါ်ဒေဝီသန့်စင်ကပြောပြမှာပါ။

ဧပြီလ ၂၂ရက်နေ့ကို မြေကမ္ဘာနေ့ အဖြစ်နဲ့ သတ်မှတ်ပြီး တကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက် လှုပ်ရှားနေကြချိန်မှာ မြန်မာနိုင်ငံမှာ လည်း ဥပဒေပြဌာန်းမှုတွေ နဲ့ အတူ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန အသစ်တခု ပေါ်ပေါက်လာခဲ့လို ပညာရှင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တခုပါ ရှိလာနေပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ ပါတ်သက်ပြီး အောင်ပင်လယ် လူမှုဝန်းကျင် မဂ္ဂဇင်းနဲ့ ၂၀၀၇ ခုနှစ်က စပြီး အသိပညာ ဖြန့်ဖြူးခဲ့သူ ဒေါ်ဒေဝီသန့်စင်က ပြောပြပေးမှာပါ။

ကျမတို့က မြန်မာအစိမ်းရောင်ကွန်ယက်ပါ

မြန်မာအစိမ်းရောင်ကွန်ယက်ကို ဘယ်တုန်းကစဖွဲ့တာပါလဲ

၂၀၁၁ နိုဝင်ဘာကပါ။ အဲဒီမှာ ကျမတို့ ဝိုင်းပြီးတော့ ဒေသ မြို့နယ်အလိုက် အားလုံး ၅၃ဖွဲ့နဲ့ အတူ တွေ့ပါတယ်။ မြန်မာ အစိမ်းရောင် ကွန်ယက်ဖွဲ့ရတဲ့ အဓိက ရည်ရွယ်ချက်က ကျမတို့ မှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဥပဒေတွေ ထွက်လာတော့မယ်။ နောက်တော့ ဝန်ကြီးဌာနလည်း ရှိနေပြီ ဆိုတော့ ကျမတို့က အရင် လက်ထက်က အစိုးရတွေလို ဥပဒေတွေကို စာအုပ်ထဲမှာ သိမ်းမထားချင်ဘူး။ အပြင်မှာ ထုတ်ပြီးတော့ သက်ဝင်လှုပ်ရှားဖို့ အဖွဲ့တဖွဲ့ လိုတယ်။

အစိုးရမှာကတော့ သူ့ အုပ်ချုပ်မှုစံနစ်နဲ့ သူ့ဝန်ထမ်းနဲ့ အပြည့်အဝရှိပေမယ့်လည်း ဒါတွေကို တဖက်ကနေ ဥပဒေအတိုင်း သဘာ၀ ပတ်ဝန်းကျင်ကို ထိမ်းသိမ်း ကာကွယ်မှု ရှိမရှိ ဆိုတာ ကျမတို့ ပညာရှင် အဖွဲ့ အနေနဲ့ ဒေသအလိုက်မှာ ထိခိုက်မှု ရှိရင် သဘာ၀ ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနကို တင်ပေးမယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက်ပါ ထိခိုက်မယ့် ဟာမျိုးတွေ ဖြစ်လာရင် လွှတ်တော်ကနေပြီးတော့ ဒါကို တင်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထူထောင်ခဲ့တာပါ။

အခုစဖွဲ့တာ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ဆိုတော့ သိပ်မကြာသေးတဲ့ အဖွဲ့ပေါ့

ဟုတ်ကဲ့ မကြာသေးပါဘူး။ အဖွဲ့အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ စည်းမျဉ်းစည်းကမ်းတို့ က အခုမှပဲ ပီပီပြင်ပြင် ဖြစ်ပါသေးတယ်။ ပြောရမယ် ဆိုရင် ဒါဟာ အစိုးရနဲ့ ပြောရမယ့် အဖွဲ့ ဖြစ်မှာကိုး။ နယ်မြေအလိုက် မှာကတော့ သူ့ အဖွဲ့နဲ့ သူရှိတယ်။ စက်ရုံ အလုပ်ရုံတွေက နယ်တွေမှာ ရှိမယ်။ အဲဒီမှာ ပြည်သူလူထု ထိခိုက် ခံစားနေရတာ တွေ ရှိမယ်။ ဥပမာ စက်ရုံက စွန့်ပစ် ပစ္စည်းတွေ လို အမှုမျိုးတွေက ကျမတို့ ဆီကို အခုလည်း တချို့ တက်နေပါတယ်။ ဒါပေမယ့် ကျမတို့က အစိုးရနဲ့ ပြောရမယ်။ ဝန်ကြီးဌာနနဲ့ ပြောရမယ်။ လွှတ်တော်နဲ့ ပြောရမယ်။ ဆိုရင် ကျမတို့က ပေါ့ပေါ့ တန်တန် လုပ်လို့ မရဘူး။ ကျမတို့မှာ တိကျ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိရမယ်။ စာရင်း ဇယား ရှိရမယ်။

ကျမတို့မှာ ပညာရှင်တွေကတော့ အစုံပါပါတယ်။ ငါးဆိုငါး စပယ်ရှယ်လစ်၊ ရေဆိုရေ စပယ်ရှယ်လစ်။ နောက် ဥပဒေကအစ ကျမတို့ထဲမှာ အတိုင်ပင်ခံ အကြံပေး အဖွဲ့ ထားပြီး ဆရာဦးအုန်းတို့လို ဦးထွန်းလွင်တို့လို ပညာရှင်တွေ နောက် အင်ဂျင်နီယာတွေ အကုန်ပါပါတယ်။

မြန်မာနိုင်ငံထဲမှာ သဘာ၀၀န်းကျင်ဆိုင်ရာ အသိတွေ ရှိလာဖို့ ဒီအဖွဲ့ကို စဖွဲ့တာဆိုတော့ မြန်မာနိုင်ငံထဲမှာ သဘာဝပတ်ဝန်းးကျင် ပျက်စီးမှု အခြေနေဟာ ဘယ်လောက် ထိ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့မြင် ပါသလဲ

တကမ္ဘာလုံးဖြစ်တဲ့ထဲမှာ ကျမတို့ ဗမာပြည်လည်း ပါပါတယ်။ တကမ္ဘာလုံးဖြစ်တဲ့ထဲမှာ ကျမတို့ မြန်မာပြည်လည်း ပါပါတယ်။ ကမ္ဘာကြီး Global Warming and Climate Change လို့ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးမှု ကြောင့် အခု ဖြစ်နေတဲ့ ရာသီဥတု ဖေါက်ပြန်မှု တွေဟာ သဘာဝပေးတဲ့ လက်ဆောင်တွေကို မဆင်မခြင် လောဘတွေ ရှေ့ထားပြီးတော့ ပစ်စလက်ခတ်၊ ဥပဒေ ရှိပေမယ့်လည်း မလေးစားပဲ သုံးဖြုန်း ထုတ်နေကြလို့ ဖြစ်တာလေ။ ကျမတို့မှာ သစ်တောတွေ ပြုန်းကုန်ပြီ။ ရှိတဲ့ သယံဇာတတွေ ထုတ်လုပ်တဲ့ နေရာမှာ ပြဿနာတွေ နေ့တိုင်း ကြားနေရတယ်။ တွေ့နေရတယ်ပေါ့။ တိုင်းပြည် တခုကို ခေါင်းဆောင် နေတဲ့ အစိုးရဟာ ပြည်သူကို ဘယ်လောက် အလေးထားတယ်။ ကိုယ့်တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ။ အဲဒီအပေါ်မှာ ကျမတို့က သဘာဝပတ်ဝန်းကျင်ကို သူ့ဘောင် သူ့စည်း သူ့နည်းပညာ တွေနဲ့ တိုင်းပြည် ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို မြန်မာနိုင်ငံမှာ အစိုးရကိုယ်တိုင်က စပြီး ဦးစီးလုပ်မယ် ဆိုရင် ဘယ်ကိစ္စမျိုးကို စပြီးတော့ အရင်ဆုံး တိတိကျကျ ကိုင်တွယ်ရမယ်လို့ မြင်ပါသလဲ

ကျမ မြင်တာကတော့ အခုလတ်တလောဖြစ်နေတာ လုပ်ဖို့လိုနေတာ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာ။ ကျမတို့က လယ်ယာမြေကို ၇၀-၈၀ ရာခိုင်နှုံး ပိုင်ဆိုင်ထားတဲ့ ဆန်စိုက်တဲ့ မြန်မာပြည်။ တချိန်က လက်မထောင်ပြီးတော့ မြန်မာ့ဆန် ဆိုတာ။ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာဟာ ဘာပဲပြောပြော နိုင်ငံတိုင်းကို စိုးမိုး သွားတာပဲ။ ဒါပေမယ့် Green Revolution အရ သိလိုက်ကြတဲ့ အချိန်မှာ အကုန်လုံး သဘာ၀ စိုက်ပျိုးမှု Organic Farming ကို ပြန်သွားကြတာပဲ။

တကယ်တော့ အုပ်ချုပ်တဲ့ အစိုးရက Global Intrest Global View တော့ ရှိဖို့ လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ နိုင်ငံတွေမှာ ဘာတွေ ပြောင်းလဲနေသလဲ၊ အဲဒီအပေါ်မှာ တို့ တိုင်းပြည်လည်း ဘယ်လိုပြောင်းလဲဖို့ လိုသလဲဆိုတာကို မူဝါဒရေးဆွဲသူ Policy Maker တွေက ပထမဆုံး စိတ်ဝင်စားမှု ရှိရမယ်လေ။ အဲဒီတော့ အဓိက ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာဟာ မြန်မာ့ မြေရေ လေတွေ ထိခိုက်တယ်။ စားသုံးသူတွေ အဆိပ်စားနေရတယ်။ Export ကုန်တင်ပို့တဲ့ နေရာမှာ အန္တရာယ်ရှိတဲ့ ဓါတ်ကြွင်းတွေ့တာနဲ့ ကျမတို့ရဲ့ ပစ္စည်းတွေက ဘယ်လောက်ပဲ တန်ဖို့ ရှိရှိ ဘယ်တိုင်းပြည်ကမှ လက်မခံတဲ့ စီးပွါးရေးမျိုး ဖြစ်သွားနိုင်တယ်။

အဲဒီလိုမျိုးကျရင် ကျမတို့က လွှတ်တော်ကနေ ပြောရမယ့် ကိစ္စ။ ဝန်ကြီးဌာနနဲ့တင် မလုံလောက်ဖူးလို့ ကျမ ထင်တယ်။

အစိုးရ ကိုယ်တိုင် ဦးစီးပြီး လုပ်ဖို့ လိုတာက မြန်မာနိုင်ငံရဲ့ အဓိက စိုက်ပျိုးရေးကို ထိထိ ရောက်ရောက် လွှမ်းမိုးနိုင်တဲ့ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာ ဖြစ်တာပေါ့နော်။ မြန်မာ့ အစိမ်းရောင် ကွန်ယက် အနေနဲ့ ဘာကို အဓိက ထားပြီးတော့ ပညာပေး ဖြန့်ဖြူးပါသလဲ

ကျမတို့က သစ်တော ကိစ္စလည်း ပြောတယ်။ ရာသီဥတုတွေ ဆိုးဝါးလာတာ၊ နောက် ရေတွေ ရှားလာတဲ့ကိစ္စ၊ ဘုံဘိုင်ခေါင်း ဖွင့်လိုက်လို့ ရေလာတာဟာ ရေတွေ ရှိနေတာတော့ မှန်တယ်။ ဒါပေမယ့် ရေတွေ ရှားနေပြီ။ ကမ္ဘာမှာ ဘာဖြစ်နေပြီ ဆိုတာကို သိရမယ်။ အဲဒီလိုမျိုး ပညာပေးလေးတွေပေါ့။ နောက် ကမ္ဘာကြီး ပူနွေးပြီး ရာသီဥတုပြောင်းလဲတာ တွေလည်း ပြည်သူ တရပ်လုံး အနေနဲ့ စွမ်းအင်သုံးမှုကို လျှော့ချ နိုင်ရင် ကိုယ်တိုင်ပေါ့နော် Carbon footprint ကိုယ်သုံးတဲ့ ကာဗွန် ကို ကိုယ် ထိမ်းနိုင်ရင် ဒါလည်း တဒေါင့်တနေရာကနေ လျှော့ ချတာပဲ။

မြန်မာအစိမ်းရောင် ကွန်ယက် အဖွဲ့က ဒေါ်ဒေဝီသန့်စင်ပါ။

XS
SM
MD
LG