သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားဖူးငါး


ဘုရားဖူးငါး
ဘုရားဖူးငါး

ဧရာဝတီရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ မုန်းချောင်းမှာ ပျော်တဲ့ ကျောင်းတော်ရာ ဘုရားဖူးငါးကြီးတွေ ဘာ့ကြောင့် တဖြေးဖြေးအလာနဲသွားကြတယ်၊ သူတို့တွေကို ဟိုးအရင်တုန်းကလို အုံနဲ့ကျင်းနဲ့ တပျော် တပါးကြီး ပြန်တွေ့ချင်ရင် ဘာတွေ လုပ်ဖို့ လိုတယ်ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပါရစေ

အနောက်ရိုးမမှာ မြစ်ဖျားခံတဲ့ မုန်းချောင်းဟာ ရေနံချောင်းနဲ့ မကွေးကြားမှာ ဧရာဝတီမြစ်ထဲကို အနောက်ဖက် ကနေ စီးဝင်ပါတယ်။ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ထဲမှာရှိတဲ့ လယ်ကိုင်း စန္ဒကူးန့ံ့သာ ကျောင်းတော်ရာ ဘုရားဆီကို နှစ်စဉ်နှစ်တိုင်း ဝါတွင်း ကာလရောက်ရင် ငါးကြီးတွေလာပြီး ဘုရားဖူး ကြတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှုး တာဝန်ထမ်းဆောင်ခဲ့တဲ့ ငါးလေ့လာရေး မစ္ဆဗေဒ ပညာရှင် ဦးညွန့်လှိုင်ကတော့ ဒီငါးကြီး တွေဟာ ခေါင်းကြီးကြီး ပါးစပ်ကျယ်ကျယ် ငါးထွေငါးကြီးတွေ ဖြစ်ပြီး ဥဥဖို့၊ အစာစားဖို့ အတွက် အုပ်စုလိုက် ရွှေ့ပြောင်း သွားလာကြတာလို့ ပြောပါတယ်

"ကျွန်တော်က ရေနံချောင်းသားဆိုတော့ အဲ့ဒီနေရာနဲ့ နီးတော့ ခလေးဘဝတုန်းက ခဏခဏ သွားပြီးတော့ ငါးတွေကို ကိုင်တယ်တွယ်တယ်၊ အဲဒါငါးထွေတွေပေါ့နော်။ နောက်ပြီးတော့ အစာကျွေးတယ်။ ဝါဆိုဝါခေါင် ဆိုလို့ရှိရင်ပေါ့လေ။ ဗမာလူမျိုးတွေကတော့ သူတို့ဟာ ဘုရားဖူးလာတယ်လို့ ပြောကြတာပေါ့နော်။ ကျွန်တော်တို့ အမြင်အရကတော့ အဲဒီမြစ်ကလေး အတွင်းထဲမှာ ဝင်လာကြပြီး သူတို့က spawning ဥဥတာပေါ့ spawning season ဝါဆိုဝါခေါင်မတိုင်ခင်ဆို ဥဥတဲ့ရာသီမှာ သူတို့ကဥချတယ်။ သူတို့အနီးနား တနေရာမှာ ဥဥဖို့လာပြီး feeding migration အစာရမယ့် နေရာတနေရာကို သူတို့ကပြောင်းသွားကြတာ။ အဲဒီကျောင်းတော်ရာနေရာကတော့ အဓိကပေါ့နော်"

အခုလို သတ္တဝါတွေ ရွှေ့ပြောင်းကျက်စားတတ်တဲ့ ပုံစံ ဘယ်နှစ်မျိုးရှိပါသလဲ

"အုပ်စုလိုက်ဖွဲ့ပြီး တနေရာကတနေရာကို ရွှေ့ပြောင်းတာကို မိုက်ဂရေးရှင်း migration လို့ခေါ်တာပေါ့။ အဓိကအားဖြင့်တော့ မိုက်ဂရေးရှင်းက သုံးမျိုးရှိတယ်။ အစာစားဖို့ရာအတွက် တနေရာကနေ တနေရာကို သွားလာကြတဲ့ မိုက်ဂရေးရှင်းပေါ့။ ဒါကို feeding migration ခေါ်တယ်။ နောက် မိုက်ဂရေးရှင်းတခုက spawning migration ပေါ့။ ဥချတော့မယ် ဆိုတဲ့ အခါကျလို့ရှိရင် သူတို့က တနေရာနဲ့ တနေရာကို ရွေ့လျားပြီးတော့ နေရာတွေပြောင်းပြီးတော့ သွားကြတယ်။ နောက်တခုကတော့ wintering migration ခေါ်တယ်။ အေးတဲ့ အရပ်ဒေသတွေမှာ ရှိတဲ့ ငှက်တွေ၊ ငါးတွေ အားလုံးဟာ သူတို့ဟာ သိပ်အေးတဲ့ဒဏ်ကို မခံနိုင်တဲ့ အခါကျတော့ ပူတဲ့ဒေသတွေကို တဖြေးဖြေးနဲ့ပြောင်းရွေ့လာကြတယ်။ ရာသီဥတုက ဟိုဘက်မှာ တခါပြန်နွေးလာရင် သူတို့က တခါပြန်သွားကြတာပေါ့လေ"

"မိုက်ဂရေးရှင်း သုံးခုထဲမှာ ငါးတွေကအထူးသဖြင့် spawning မိုက်ဂရေးရှင်းကျရင် ဒီ ဆယ်လမွန်တို့ ထရောက်တို့ နောက် ကျွန်တော်တို့ မြန်မာပြည်မှာ ရှိတဲ့ ဒီပလာတူးတို့ ငသလောက်တို့၊ ဒီငသလောက်ကတော့ တော်တော်လေး သိသိသာသာပဲ ကျွန်တော်တို့ နိုင်ငံမှာ သူတို့က ဥချတော့မယ်ဆိုရင် ရေငံကနေဆန်တက်ပြီးတော့ ရေချိုမှာ ဥချတာပေါ့"

မြစ်ကြောင်းတလျှောက် မြစ်ညာကိုဆန်ပြီး ဥဥဖို့ တက်လာတတ်တဲ့ ဒီငါးတွေရဲ့ အလေ့အထကို ကြည့်ရအောင်ပါ

"ဒီငါးတွေဟာ သူတို့ရဲ့ အလေ့အထ habit အရက ဥဥဖို့ ဆန်တက်တဲ့နေရာမှာ သူတို့က အစားမစားဖူး။ သူတို့က မိုင်ပေါင်းထောင်ချီပြီးတော့ တချို့ငါးတွေက သွားကြတယ်။ ဥပမာ ဆယ်လမွန်တို့ဆိုလို့ရှိရင် ပင်လယ်ကနေ ရေချိုကို တက်တဲ့အခါမှာ အစာမစားဖူး။ အဲဒီတော့ သူတို့က သိပ်ပြီးတော့ ဆာလောင် နေကြတယ်။ ဥချပြီးတဲ့အခါမှာ သိပ်ဆာတဲ့အခါကျတော့ အစာရှိမယ့်နေရာတွေကို သူတို့က တဖြေးဖြေး ရွေ့လျားသွားကြတယ်"

"ဒီလိုသွားတဲ့အခါမှာလည်း သူတို့ရဲ့ ဗီဇအသိဉာဏ်ပေါ့နော်။ ဟိုမျိုးရိုးစဉ်ဆက်က အတိုင်း သူတို့ရဲ့ ဘိုးဘွားတွေက ဘယ်နေရာကနေ ဘယ်နေရာကိုသွားတယ်။ ဘယ်နေရာပြီးရင် ဘယ်နေရာ သွားမယ်ဆိုတာ အလိုအလျောက် သဘာဝအသိဉာဏ်နဲ့ သူတို့က သိပြီးသားပဲခင်ဗျ။ အဲဒီတော့ ကျောင်းတော်ရာ နေရာကတော့ လူတွေနဲ့ ဒီငါးတွေနဲ့ ယဉ်ပါးပြီး ကျွေးတယ်မွေးတယ်။ အဲဒီမှာ အန္တရာယ်လည်း ကင်းတယ်ဆိုတာကို သူတို့ရဲ့ ဗီဇ အသိဉာဏ်ကိုက သိတဲ့အတွက် ဒီဝါတွင်းကျရင် သူတို့က အဲဒီမှာ လာပြီးနေကြထိုင်ကြ ပျော်ကြပါးကြ အစာစားတာပေါ့လေ။ လူတွေကလည်း အဲဒါကို ဘုရားဖူးလာတဲ့ ငါးဆိုပြီး အမြတ်တနိုးနဲ့ ကျွေးတယ်မွေးတယ်။ တချို့ငါးဆိုရင် ခေါင်းမှာ ရွှေတောင်ချတယ်။ အဲလိုဟာတွေက ကျွန်တော်တို့ ငယ်ငယ်ကဆို ဒါကြုံခဲ့ရတယ်။

အခုအခါမှာတော့ ဒီငါးတွေဟာ တဖြေးဖြေး ရှားပါးလာပြီဖြစ်ပါတယ်။ အကောင်ကြီးကြီးတွေ့နေရာကနေ အကောင်အရွယ် တဖြေးဖြေးသေးသွားသလို သေးရာကနေ ပေါ်ပြူလေးရှင်း Population လို့ခေါ်တဲ့ ငါးတွေ စုဝေးတဲ့ ပမာဏ နဲပါးလာတာပါ။ ဒီလိုငါးရှားပါးလာရာကနေ မျိုးတုန်းတဲ့ အဖြစ်မျိုးမရောက်စေဖို့ မြန်မာနိုင်ငံ မြစ်ချောင်းတွေထဲမှာ ကျင်လည်ကျက်စားကြတဲ့ ငါးမျိုးသယံဇာတကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။

စံနစ်တကျ ထိမ်းသိမ်းနိုင်ဖို့ ပထမဆုံး ဒီငါးတွေရဲ့ နေပုံထိုင်ပုံ အလေ့အထတွေကို လေ့လာပြီး မှတ်တမ်းတင်ဖို့ လိုပါတယ်။

"ဒီငါးတွေရဲ့နေပုံထိုင်ပုံ habits တွေကိုသိအောင် သုတေသနလုပ်တာကလည်း ဘာမှ သိပ်ပြီး ခက်ခက်ခဲခဲ မရှိဘူး။ ဒီငါးတွေရဲ့ fins ရေယက်တောင်တွေမှာ ကျွန်တော်တို့က အမှတ်အသားလေးတွေကို ချိတ်ပေးလိုက်ရင် ဒီငါးတွေက ဒီfeeding အစာစားဖို့ မိုက်ဂရေးရှင်း ဒီကျောင်းတော်ရာမှာ သုံးလပြီးတဲ့အခါမှာ ဘယ်ကိုသွားတယ် ဆိုတာ သူတို့ကိုမိတဲ့ တံငါသည်တွေက ကျွန်တော်တို့ကို ပြန်ပြီး ရီပို့ပေးလို့ရှိရင် မိတဲ့ငါးတွေရဲ့ နေရာကို ဘယ်နေရာမှာဆိုတာ မြေပုံပေါ်မှတ်သားထားလိုက်ရင် သူတို့ရဲ့ မိုက်ဂရေးရှင်းကို ရတာပေါ့"

ငါးတွေရဲ့အလေ့အထနဲ့ သူတို့သဘာဝအပြင် သူတို့ကျင်လည် ကျက်စားရာနေရာတွေကို စောင့်ရှောက်ဖို့ အရေးးပါပါတယ်။ ဒီငါးတွေ မှီတင်းနေထိုင်တဲ့ ဧရာဝတီ မြစ်ကြောင်းအတွက် သုတေသနလုပ်ဖို့ ထိမ်းသိမ်းဖို့ အရေးတကြီး လိုအပ်နေတာပါ။

"အက်ကိုလော်ဂျီ Ecology ဆိုတာက အက်ကိုဆိုတာ home အိမ်ပေါ့နော်။ လော်ဂျီဆိုတာက လေ့လာတာပေါ့။ ဒီငါးတွေရဲ့ နေမှုထိုင်မှုအားလုံးကို ဒီ အက်ကိုလော်ဂျီကို အနေထား ကောင်းနေတဲ့ အချိန်မှာ လေ့လာဖို့လိုတယ်။ အခုကျတဲ့ အခါကျတော့ အခြေနေအရပ်ရပ်က အရင်ကလိုမဟုတ်တော့ဘူး ပြောင်းသွားပြီ။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆည်တွေလည်း အပေါ်မှာဆောက်မယ်။ ဧရာဝတီမြစ်မှာက တံတားတွေက အများကြီးပဲ လုပ်လာတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ဧရာဝတီမြစ်ကို ဖြတ်တဲ့ တံတားတင် ဆယ်စင်းလောက်ဖြစ်နေပြီ။ တံတားတွေက အခုအချိန်မှာ သူတို့ကစပြီးတော့ လုပ်တယ်။ လုပ်တဲ့အခါမှာ ကျွန်တော်က ဒီအချက်အလက် factors တွေကို ယူထားစေချင်တယ်။ သုတေသန လုပ်ထားစေချင်တယ်။ ဧရာဝတီမြစ်ရဲ့ ရေစီးကြောင်းရဲ့ ပုံသဏ္ဌာန်တွေ ဘာတွေဆိုတာ။ ကျွန်တော်တို့ဆီမှာ မှတ်တမ်းမှတ်ရာ ဆိုတာ အခုထက်ထိ မရှိဘူး"

"သဘာဝက ကျွန်တော်တို့ကို စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ လိုအပ်တာတွေကို အကုန်လုံး လိုလေသေး မရှိအောင် ပေးထားတာ။ ဒီဥစ္စာတွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့လိုတယ်။ သိပွံနဲ့ သုတေသန မလုပ်ဖဲနဲ့ ဒီအတိုင်းထိုင်စားနေရင် ဒါလေးက ခဏလေးနဲ့ ကုန်သွားမှာပဲ။ သစ်တောတွေ ပြုန်းတယ်ဆိုရင် သိသာရတာ လွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရေထဲမှာ ရှိတဲ့ငါး မျိုးတုန်းသွားတာကို တော်တော်တန်တန် လူက မသိနိုင်ဘူးဗျ"

စီးပွါးဖြစ် ငါးမျိုးပေါင်း တထောင့်တရာကျော် နေထိုင်ကျက်စားတဲ့ မြန်မာ့ရေပြင် သယံဇာတ မပြုန်းတီးရေး အတွက် ထိမ်းသိမ်းကြဖို့ မစ္ဆဗေဒပညာရှင် ဦးညွန့်လှိုင်ရဲ့ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲရပ်နားလိုက်ပါရစေ

XS
SM
MD
LG