သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်


မြန်မာနိုင်ငံမှာ နွေရာသီရောက်လာတာနဲ့ တချိန်ထဲမှာပဲ မီးဘေးအန္တရာယ်ကို စိုးရိမ်လာသူတွေ ရှိကြမှာပါ။ ဒီတပတ်တော့ လူနေအထူထပ်ဆုံး ရန်ကုန်မြို့အတွက် မီးအန္တရာယ် ကာကွယ်ရေးနဲ့ ပါတ်သက်ပြီး သတိထားဖို့ လိုအပ်တာတွေကို ပြောပြ ပါရစေ။

"ဟို လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီဘဝတုန်းက ရန်ကုန်မြို့ကြီးကို လူ၃သိန်းအတွက် တကယ့် City Projects တွေ town planning တွေ ချပြီးတော့ စံနစ်တကျ ဆောက်ထားတဲ့ မြို့တော် ဖြစ်တဲ့ အတွက် စင်္ကာပူ မတည်ခင်က ရန်ကုန်ကိုလာလေ့လာ ဘူးပါတယ်။ အရင်တုန်းက ရန်ကုန်မြူနီစပယ် မီးသတ်မှာ ရှိတဲ့ ကျွန်တော်တို့ ဆရာသမားတွေရဲ့ ပြောပြချက်အရ လူ၃သိန်းအတွက် စံနစ်တကျ မီးဘေးကာကွယ်ရေး အစီအစဉ်တွေ၊ fire hydrant မီးသတ်ပိုက်အတွက် ရေတိုင်တွေ၊ fire alarm system မီးသတိအချက်ပေး စံနစ်တွေ၊ စသဖြင့် စံနစ်တကျ တည်ခဲ့တာဖြစ်ပါတယ်။ အခုမြို့တွေက ချဲ့မယ် ဆိုရင်လည်း မီးသတ်တပ်ဖွဲ့ အက်ဥပဒေနဲ့ အတူ မြို့ပြစီမံကိန်း ဥပဒေ town planning ထည့်ပါတယ်။ နောက် မီးသတ် စခန်းတွေ ချဲ့တယ်။ fire hydrant တိုင်တွေကိုလည်း ထပ်ပြီးတော့ ထည့်ပါတယ်။ နေရာတိုင်းမှာ သဘာဝရေကန်လိုမျိုးတွေ under ground က အဝီဇိတွင်းကနေ ရေစုပ်ယူပြီးတော့ ရေပံ့ပိုးတဲ့ စံနစ်တွေကို ဥယာဉ်တိုင်းမှာ ထားပြီးတော့ ရန်ကုန်မြို့ကို ရေရရှိရေး လုပ်ထားတာ ရှိပါတယ်။

အဲ့ဒီတော့ ရန်ကုန်မြို့ရဲ့ မီးဘေးကာကွယ်ရေးကို ရန်ကုန်မီးသတ်နဲ့ အတူ ရန်ကုန် စည်ပင်သာယာ အဖွဲ့တွေက ပူးပေါင်း ပြီးတော့ ရေရရှိရေးလုံလောက်အောင်၊ လမ်းတွေ ကျယ်အောင်၊ နောက် ကျူးကျော်အိမ်တွေကိုလည်း သေချာ စံနစ်တကျ အကွက်ချပြီးတော့ မြို့သစ်တွေ တည်ဆောက်ပြီး ပံ့ပိုးနေတာတွေကြောင့် ရန်ကုန်မြို့ဟာ တခြားမြို့တွေနဲ့ စာရင် မီးလောင်မှု နဲတယ်လို့ ဆိုရမှာပါ။ ကျွန်တော် သိတဲ့ ကိန်းဂဏန်းတခုဆိုရင် စင်္ကာပူထက် ၉ဆ နဲပါတယ်။ တိုကျိုထက် အဆ ၂၀ နဲပါတယ်။ နယူးရောက်ထက် အဆ ၁၂၀ နဲပါတယ်။ ရန်ကုန်မြို့မှာ မီး ဒီလောက်ကြီးကြီးကျယ်ကျယ် မဖြစ်အောင် ထိမ်းသိမ်းထားနိုင်ပါသေးတယ်"

အငြိမ်းစား မီးသတ်အရာရှိဟောင်း ဦးဇော်ဝင်းပါ။ တိုးတက်လာတဲ့ လူနေမှု စံနစ်နဲ့အတူ မီးသတ်ပညာ ကိုလည်း တိုးတက်အောင် ဂရုစိုက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

"မီးသတ်ပညာဟာ နိုင်ငံတကာမှာ နိုင်ငံရဲ့ တိုးတက်မှုနဲ့အတူ သုံးစွဲကြတဲ့ ပစ္စည်း ကရိယာ၊ ဓါတုဗေဒ ပစ္စည်းတွေနဲ့ အတူ လိုက်ပြီး ဟန်ချက်ညီညီ တိုးတက်အောင် လုပ်ရမှာပါပဲ။ risk လို့ခေါ်တဲ့ ထိခိုက် ဆုံးရှုံး နိုင်ချေတွေကို လျှော့ပါးအောင် အမြဲတမ်း သုတေသနတွေ ပြုနေသင့်တယ်၊ ဖြစ်တန်ရာကိန်းတွေကို ကာကွယ်နိုင်တဲ့ ပစ္စည်း ကရိယာတွေသုံး ပြီးတော့ နိုင်ငံတကာက မီးသတ်ပညာရပ်တွေကို လည်း ဖလှယ် ကြတယ်။ သွားသင်ကြတယ်။ ဆိုတာ လုပ်သင့်ပါတယ်။ မြန်မာပြည်က မီးသတ်သမားတွေဟာ အင်္ဂလန်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယား နိုင်ငံလို တိုးတက်တဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ သွားပြီး သင်တန်း ပေးထားတဲ့ သူတွေ အများကြီး ရှိပါတယ်။ သူတို့ကနေ တဆင့် ပို့ချ ပေးတာ ပြန့်ပွားအောင် လုပ်ပေးတဲ့ မီးသတ်ပညာ ရပ်တွေနဲ့ မြန်မာနိုင်ငံ မီးသတ် ကိုလည်း ခေတ်မှီသထက် ခေတ်မီအောင် ကျိုးစားနေကြတာပါ။

ခေတ် တိုးတက်တာနဲ့ အမျှ တခြားနိုင်ငံက တိုးတက်ရင် တိုးတက်သလို တချိန်မှာ civil defense မြို့ပြ ကာကွယ်ရေး တွေ၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေလို လုပ်ငန်းရပ်တွေ အပြင် မီးလောင်မှု လျှော့ပါးရေး အတွက်ကိုလည်း နိုင်ငံတကာ အဆင့်မီ အောင် မီးသတ်တပ်ဖွဲ့တွေက ကျိုးစားနေကြရမှာ ဖြစ်ပါတယ်"

မီးသတ် တပ်ဖွဲ့တခုထဲ ကျိုးစားရုံနဲ့ မီးအန္တရာယ်ကို ကာကွယ်နိုင်တာ မဟုတ်ပါဘူး။ မြို့နေ လူထုဘက်က သိထားသင့်တာတွေက ဘာတွေပါလဲ

"နံပါတ် ၁ ဖြစ်နိုင်တာကတော့ မီးဖိုမီးပါပဲ။ မီးဖိုမှာ သုံးတာက ရိုးရိုးထင်း၊ မီးသွေး နောက်ပြီးတော့ ဂက်စ် ဒါမှမဟုတ်ရင် ရေနံ ဓါတ်ငွေ့တွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီမှာ အထူးသဖြင့်တော့ ရန်ကုန်မှာ အသုံး များတာက လျှပ်စစ်ပါပဲ။ လျှပ်စစ်ကြောင့် အကြောင်း ၃မျိုး မီးလောင်နိုင်ပါတယ်။

၁ ကတော့ short circuit လို့ခေါ်တဲ့ ဝါယာကြိုးတွေက ပေါက်ပြဲသွားလို့ရှိရင် ဝါယာကြိုး ၂ပင် ပူးပြီးတော လျှပ်စစ်ကနေ မီးအစကူးပြီးတော့ လောင်တတ်တဲ့ အတွက်ကြောင့် ဝါယာရှော့ မဖြစ်အောင် သတိထားရ ပါမယ်။ နောက် overloading လို့ခေါ်တဲ့ လျှပ်စစ်ကို ပိုပြီးသုံးရင်လည်း ကြိုးတွေက မခံနိုင်ဖြစ်ပြီး ပူပြီးတော့ မီးလောင်တတ်ပါတယ်။ နောက် နံပါတ် ၃ ကတော့ ချို့ယွင်း ပျက်စီးနေတဲ့ လျှပ်စစ် ပစ္စည်း ကရိယာတွေကို သုံးရင်လည်း မီးလောင်တတ်ပါတယ်။

ဒါကြောင့် ဝါယာရှော့၊ overloading၊ နောက် ချို့ယွင်း ပျက်စီးနေတဲ့ လျှပ်စစ် ပစ္စည်း ကရိယာတွေကို မသုံးကြဖို့ နောက် ဂက်စ်ကို သုံးရင်လည်း ဂက်စ်တွေက လေဟာပြင်ထဲမှာ၊ လေဝင်လေထွက် ကောင်းတဲ့ နေရာတွေမှာ ချက်ရင်ဆို မီးတောက်က ဘာမှ မဖြစ်ဖူး၊ confine space လှောင်ပိတ်တဲ့ နေရာတွေမှာဆိုရင် တော့ ပေါက်ကွဲတတ်တဲ့ အတွက်ကြောင့် ဓါတ်ငွေ့နဲ့ ဒါမှမဟုတ် ရေနံ ဓါတ်ငွေ့နဲ့ ချက်မယ့် အခါကျရင် ပြူတင်းပေါက်တွေ ဖွင့်ပြီး လေဝင် လေထွက် ကောင်းအောင် လုပ်ပါ

ဒီလို မီးကို သုံးပြီးတဲ့ အခါမှာ ဘာတွေ လုပ်သင့်တယ် ဆိုတာ ကြည့်ရအောင်ပါ

မီးပလပ်ခေါင်းကို မီးခလုပ်ပိတ်ပြီးတာနဲ့ ဖြုတ်တဲ့အကျင့်လုပ်သင့်ပါတယ်။ ဒုတိယ ကတော့ အိမ်ကနေ အိမ်ပြင်ကို ထွက်တော့ မယ်ဆိုရင် အိမ်မှာ ရှိတဲ့ လျှပ်စစ် ပင်မခလုပ် မိန်းmain ကြီးကို ပြန်ချခဲ့ဖို့ ပါပဲ။ နောက် အပြင်ကို သွားခါနီးကျရင် အိမ်ရှိလူတွေက မီးပူတွေကို ပိတ်သလား၊ မီးဖိုတွေကို ပိတ်သလား စသဖြင့် စံနစ်တကျ သတိထားမယ် ဆိုရင်တော့ အိမ် မီးလောင်မှုတွေ နဲပါမယ်။ တနည်းအားဖြင့် အိမ်တအိမ်မှာ ၁၀ ယောက်ရှိရင် ၁၀ယောက်စလုံး မီးသတိပြုမှပါ။ ၉ယောက်က နားလည်ပြီး တယောက်က ပေါ့ဆရင် လည်း မီးလောင် နိုင်ပါတယ်။ အိမ်ရှိလူကုန် မီးသတိမူတဲ့ အကျင့်လေး ရှိနေရင် ကောင်းပါတယ်။

နေအိမ်အပြင် စက်ရုံအလုပ်ရုံတွေ၊ ကျောင်းတွေ ရုံးတွေအတွက် မီးအန္တရာယ် ကာကွယ်ရေးမှာ အသိရှိကြဖို့ က အဓိက လိုအပ်နေတာပါ။

"စက်ရုံ အလုပ်ရုံတွေမှာ ဆိုရင်လည်း သူတို့ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်း၊ ကုန်ချောပစ္စည်းတွေ ပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ မီးဘေးကာကွယ်ရေး အချက်အလက်တွေကို လိုက်နာတယ်ဆိုရင်တော့ စက်ရုံ အလုပ်ရုံတွေမှာလည်း မီးဘေး ကျရောက်တာ နဲနိုင်ပါတယ်။ အဲဒီလိုပဲ ကျောင်းတွေမှာ လည်းဒီလိုပါပဲ ကျောင်းတွေမှာ ရုံးခန်းတွေမှာ သုံးတဲ့ ကွန်ပြူတာတွေ လျှပ်စစ်ပစ္စည်းတွေ ကိုလည်း သတိဝိရိယနဲ့ စံနစ်တကျ ကိုင်တွယ်ကြမယ်ဆိုရင် မီးမပေါ့ဆကြရင် မီးမလောင် နိုင်ပါဘူး။

တောရွာတွေမှာ ဒါမှမဟုတ်ရင် မီးလောင်ဘူးတဲ့ ဒေသတွေ ဆိုရင် မီးကို လူကြီးတွေကအစ ကလေးတွေ အဆုံး သတိမူကြတဲ့ အတွက်ကြောင့် မီးသတိမူတဲ့ မြို့ ရပ်ကွက် စက်ရုံ အလုပ်ရုံ အိမ်တွေဟာ မီးလောင်ခဲပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ မီးသတ်သမား အိမ်က မီးကြီး မလောင်ဘူးပါဘူး။ ဘာလို့လည်း ဆိုတော့ မီးသတ်သမား တွေက မီးမလောင်အောင် လည်း လုပ်တတ်တယ်။ လောင်ရင်လည်း သေးသေးလေးကနေ ကြီးကြီး မဖြစ်အောင်လည်း ကြိုတင် ကာကွယ်တတ်တဲ့ သဘောတွေ ပါပဲ။ ဒါတွေကိုအားလုံးက သဘောပေါက်မယ်၊ သိကြမယ် ဆိုရင်တော့ လျှပ်စစ် ကို သုံးရင်လည်း လျှပ်စစ်အလျှောက် အပူနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ hot plate ပဲသုံးသုံး မီးပူပဲ သုံးသုံး၊ တယ်လီဗေးရှင်းပဲ သုံးသုံး သုံးပြီးတိုင်း ခလုပ်ပိတ်ပြီးတော့၊ ပလပ်ဖြုတ်တဲ့ အကျင့်လေး လုပ်ကြဖို့ ကျွန်တော်တို့ က သတိပေးချင်ပါတယ်။

မီးဆိုတာက သူ့ဖက်က ကြည့်ရင် တော့ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင် ရန်သူဆိုတော့ သူ့ဘက်က ကြည့်ရင်တော့ မီးဘက်ကကြည့်ရင်တော့ စိတ်ဆိုးစရာတောင် ကောင်းပါတယ်။ မီးက ကျွန်တော်တို့ မီးရှိလို့ပဲ စားသောက်နေရတယ်။ ကားဆိုရင်လည်း မီးလောင်လို့ ပါဝါတက်ပြီးတော့ ကားက မောင်းလို့ ရတယ်။ မီးကို သတိ ဝီရိယနဲ့ စံနစ်တကျ သုံးမယ်ဆိုရင် မီးဟာ အမြဲတမ်း မိတ်ဆွေပါပဲ"

မီးသတ်အရာရှိဟောင်း ဦးဇော်ဝင်းပါ

ဝါယာရှော့ ဝါယာရှော့
XS
SM
MD
LG