သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ကို ခေတ်မှီအောင်ပြင်ဖို့ အပိုင်း (၃)


ရန်ကုန်မြို့က ရေမြောင်းတွေဟာ အနံ့သက်ဆိုးတွေနဲ့ ရေစီးရေလာမကောင်းပဲ ရေလျှံလေ့ရှိတာမို့ ခေတ်နဲ့ အညီ ပြင်ဖို့ လုပ်နေတဲ့ ဒီရန်ကုန်ရဲ့ ရေဆိုးထုတ်စံနစ်တွေ၊ မိလ္လာ စံနစ်တွေ ဘယ်လိုရှိတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြမှာပါ။

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံသားအားလုံးရဲ့ ဆယ်ပုံတပုံ ဖြစ်တဲ့ လူဦးရေ ၆သန်းလောက် နေထိုင်ပါတယ်။ အခု ဧရိယာ စတုရန်းမိုင် ၃၀၀ကျော် ကျယ်ဝန်းတဲ့ ရန်ကုန်မြို့ဟာ ၁၉ ရာစုနှစ် တုန်းကတော့ စတုရန်းမိုင် သုံးဆယ် ကျော်ပဲ ရှိတာပါ။ အဲဒီ အချိန်ကစပြီး ရန်ကုန်မြို့ရဲ့ မိလ္လာ စံနစ်ကို ဘယ်လို စီမံ ထားတယ် ဆိုတာကို ရန်ကုန် စည်ပင်သာယာရေး ကော်မတီရဲ့ အကြံပေး ဖြစ်တဲ့ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာ ကျော်လတ်ကို မေးကြည့်ပါတယ်။

"အခု ဒေါင်းတောင်း ဧရိယာလို့ သုံးနေကြတဲ့ ၆မြို့နယ် ၇မြို့နယ် ရှိတဲ့ မြို့ထဲပိုင်းကို ဖရေဇာ plan လို့ခေါ်တဲ့ စီမံကိန်းနဲ့ အင်္ဂလိပ်က ၁၈၅၃ လောက်မှာ သူစတည်ချိန်က sewage system လို့ခေါ်တဲ့ မိလ္လာ စံနစ်ကို သူထည့်သွင်း ပြီးတော့ လုပ်သွားပါတယ်။ ဒေါင်းတောင်း ဧရိယာဆိုတာက နောက်ပိုင်းကျတော့ central busniess district CBD စီးပွါးရေးဇုံ ဆိုပြီး တော့ ပြောင်းသွားပါတယ်။ လူနေကြတာတွေ ကလည်း အင်္ဂလိပ် လက်ထက်က နဲ့ စာရင် လေးငါးဆ လောက် ပိုများ သွားပါတယ်။ ပိုများလာတဲ့ အတွက်ကြောင့် အင်္ဂလိပ်တွေ တည်ဆောက်သွားတဲ့ central sewer system လို့ခေါ်တဲ့ စုပေါင်းမိလ္လာ စံနစ်က မလုံလောက်တော့ဘူး ဖြစ်သွားပါတယ်။

အဲဒါကို ရန်ကုန်မြို့တော် စည်ပင်ကနေပြီးတော့ ၂၀၀၃ခုနှစ် ပတ်ဝန်းကျင်လောက်မှာ သူက သပ်သပ်ပေါ့လေ၊ sewage treatment plant လို့ခေါ်တဲ့ မိလ္လာကို သန့်စင်တဲ့ စက်ပေါ့လေ။ အဲဒီ မိလ္လာ သန့်စင်ရေးစက်ကို (monkey point) သံလျက်စွန်းမှာ အခုတည်ဆောက်ထားပါတယ်။ ဒါကြောင့် စောစောကပြောတဲ့ စီးပွါးရေးဇုံ အတွက်ကတော့ sewage system က အတော်လေး ကောင်းသွားပါပြီ။ ကောင်းတဲ့ အပြင် သူတို့က ပိုပြီးတော့ လိုင်း တွေကိုလည်းပဲ တော်တော်လေး ပြန်ချဲ့ပြီးတော့ ပြန်ကောင်းအောင်လုပ်လိုက်တဲ့ အတွက် လုပ်နေတာကြောင့် ဒါက ကောင်းသွားမှာပါ။

မြောက်ပိုင်းမှာ ရန်ကုန်မြို့ကြီးက ပြီးခဲ့တဲ့ ၂၀ ရာစုနှစ်ကစပြီးတော့ မြောက်ဘက်ကို တဖြေးဖြေး ချဲ့ချဲ့လာတဲ့ အခါကျတော့ အဲဒီနေရာတွေ ကတော့ စုပေါင်း သော မိလ္လာ စံနစ်ကို သုံးမယ် ဆိုရင် အများကြီး ပိုက်ဆန်ကုန်မှာပါ။ ကုန်မယ့် အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အခု septic tank system လို့ခေါ်တဲ့ မြန်မာလိုတော့ မိလ္လာကန် လို့ပဲ ခေါ်တယ်။ အဲဒီ မိလ္လာကန် နဲ့ပဲ တအိမ်ကို တလုံး သို့တည်းမဟုတ် ၃- ၄ - ၅ အိမ်ကို တလုံး ပေါ့။ ဒါမှမဟုတ်လည်းပဲ စုပေါင်း မိလ္လာကန်ပေါ့ အဲဒီ ဧရိယာကြီး တခုလုံးအတွက် မိလ္လာကန်ပေါ့။ အဲဒီ စံနစ်တွေနဲ့ပဲ ကျင့်သုံးနေကြတာ ဖြစ်ပါတယ်"

မိလ္လာ စံနစ်ကတော့ တကယ်လို့ မြို့ကို ဒီ့ထက် ချဲ့လည်း ဆရာပြောတဲ့ စံနစ်အတိုင်းပဲ ပေါ့နော် မြောက်ပိုင်းမှာ သူ့ဟာသူ septic tank တွေ မိလ္လာကန်တွေ နဲ့ အဆင်ပြေအောင်လုပ်သွားမယ် ဆိုတဲ့ သဘောလား

" ဟုတ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး စီးပွါးရေး အခြေအနေအရ တော့ ဒီစံနစ်ကိုပဲ လက်ခံရမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သိပ်ပြီးတော့ တိုးတက်တဲ့ တိုင်းပြည်ကြီးတွေမှာ ကတော့ ဒီ septic tank မိလ္လာကန်စံနစ်ကို ဖယ်ရှား လိုက်ကြပြီးတော့ စုပေါင်း မိလ္လာသယ်ယူ ပို့ဆောင်ရေးစံနစ်ကို သူတို့ ပြောင်းကြတာ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ လုပ်ပါတယ်။

မြန်မာပြည်မှာ အနေနဲ့ကတော့ သိပ်ပြီး ဈေးကြီးမှာ ဖြစ်ပါတယ်။ အဲဒီအပြင်ကို တခါတလေ ကျတော့ မြေပြဿနာ ကလေးတွေလည်းပဲ ပေါ်တတ် ပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီ ပိုက်လိုင်းက သူများ ခြံထဲကို ဖြတ်ရမှာမျိုး ဖြစ်တဲ့ အတွက်ကြောင့်မို့ တခါတလေကျတော့ အင်မတန် တိုးတက်ပြီး ပိုက်ဆန်တွေ ရှိကြပြီး အဲလိုဥပဒေမျိုုးတွေ ရှိတဲ့ ဂျပန်လို နိုင်ငံမျိုးမှာတောင်မှ တော်တော်များများက central sewage system ကို မသုံးနိုင်ကြပါဘူး။ တော်တော်များများ မြို့တွေပေါ့။ နောက်တခါ အမေရိကန်မှာလည်းပဲ မြို့ကြီးတွေမှာတော့ central sewage system သုံးကြပါတယ်။ မြို့သေးသေးလေး တွေမှာတော့ septic tank system ဆိုတာ တော်တော်များများ ရှိပါတယ်"

မိလ္လာစံနစ်နဲ့ ရေဆိုးထုတ်စံနစ်နဲ့ ဘယ်လိုခွဲထားတယ် ဆိုတာပြောပြပေးပါ ဆရာ

"အားလုံးကိုတော့ ခြုံပြီးတော့ ရေဆိုးထုတ်သော စံနစ် ပေါ့ waste water disposal ဆိုပြီးတော့ အဲဒီ ဘာသာရပ်ကတော့ တခုထဲပါပဲ။ အဲဒါပေမယ့် လည်းပဲ အဲဒီ စံနစ်ထဲမှာမှ seprate system နဲ့ mixed system ဆိုတာ ၂မျိုး ကွဲသွားပါတယ်။

seprate system ဆိုတာကတော့ အိမ်ကနေပြီးတော့ ထုတ်လိုက်တဲ့ ချိုးရေ သုံးရေ မိလ္လာပေါ့။ အဲဒါကို သီးသန့် ခွဲပြီးတော့ သီးသန့်သယ်သွားပြီးတော့ သီးသန့် treat လုပ်တဲ့ သူ့ကို သန့်စင်အောင် လုပ်ပြီးတော့မှ ပတ်ဝန်းကျင်ကို ပို့တဲ့ စံနစ်ပေါ့။ mixed system ဆိုတာကတော့ စောစောကပြောတဲ့ အိမ်ကထုတ်လိုက်တဲ့ ရေဆိုးတွေရော storm water လို့ခေါ်တဲ့ မိုးရော တချို့ အေးတဲ့ တိုင်းပြည်တွေမှာတော့ ဆီးနှင်းပေါ့။ အဲဒီကနေ ကျလာတဲ့ ရေတွေရောကို ပေါင်းပြီးတော့ သယ်တဲ့စံနစ်ပေါ့။ တော်တော်များများ မြို့ကြီးတွေ မှာတော့ ပေါင်းပြီးတော့ သယ်တဲ့ စံနစ်ကိုသုံးကြတယ်။ ဒါပေမယ့် အဲဒါက installation cost လို့ခေါ်တဲ့ စပြီး ဆောက်ကတည်းက ဈေးက သိပ်ကြီးလွန်းအားကြီးတဲ့ အတွက်ကြောင့် ခွဲတဲ့စံနစ်ကိုပဲသုံးပါတယ်။

ရန်ကုန်မှာလည်း အဲဒီလိုခွဲတဲ့စံနစ်ကို သုံးတဲ့ အတွက်ကြောင့် အိမ်သာက ထွက်လာတဲ့ မိလ္လာကိုတော့ septic tank ထဲကိုထည့်တယ်။ နောက် ကျန်တဲ့ရေပေါ့လေ၊ မိုးရေရယ် ချိုးရေရယ် သုံးရေတွေကိုတော့ drainage မြောင်းထဲကိုပဲ ထည့်ပါတယ်။ အဲတော့ မြန်မာပြည်မှာကတော့ ၂မျိုးကွဲသွားတာပေါ့လေ။ drainage တို့လို ရေမြောင်းတွေကိုကြည့်တဲ့ အုပ်စုတွေရယ်၊ နောက်တခါ မိလ္လာကန်တို့ စုပေါင်းမိလ္လာ စံနစ်တို့ကို လိုက်ပြီး တော့ ကြည့်တဲ့ ဌာနတွေရယ် ဆိုပြီးတော့ ရန်ကုန်မြို့တော် စည်ပင်မှာတော့ အဲဒီလိုခွဲထားပါတယ်"

အခု လူတော်တော်များများ ပြောနေကြတာက မိုးတွေ အရမ်းရွာလာပြီ ဆိုရင် ရန်ကုန်မြို့မှာ ရေလျှံနေပြီး အနံ့ဆိုးအနံ့အသက်တွေ လည်း ရှိနေတယ်လို့ပြောပါတယ်။ ဘာ့ကြောင့် ဒါမျိုး ဖြစ်နေရတာပါလဲ။ ဒီစံနစ်က မကောင်းလို့လား။ ဒါမှမဟုတ် ထိမ်းသိမ်းတာ မနိုင်လို့လား။ ဘာဖြစ်လို့ပါလဲ

"ရန်ကုန်မြို့ကို ပြန်ကြည့်မယ် ဆိုရင် စောစောကပြောတဲ့ ဖရေဇာ plan လို့ပြောတဲ့ ၁၉ရာစုနှစ် အလယ်ပိုင်း လောက်တုန်းကတော့ CBD လို့ခေါ်တဲ့ စီးပါွးရေး ဇုံမှာတော့ တော်တော်များများ မိလ္လာစံနစ်ရော ရေမြောင်း စံနစ်ရောကို စံနစ်တကျ လုပ်သွား ဆောက်သွားကြပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ မြို့ကြီးက မြောက်ဖက်ကို ချဲ့လာတယ်။ ချဲ့တဲ့ အချိန်အခါတွေ ကလည်းပဲ အလောတကြီး ပေါ့။ အမြန် ချဲ့ကြတာများ တော့ မြောက်ပိုင်းနေရာတွေမှာ ကတော့ မိလ္လာကန်တွေတော့ သုံးကြတယ်၊ ထားရမယ်လို့ ဥပဒေတော့ ရှိတယ်။ သို့သော် ရေမြောင်းကိစ္စ နဲ့ ပတ်သက်ပြီးတော့ drainage master plan လို့ခေါ်တဲ့ တမြို့လုံးကို ကြည့်ပြီးတော့ ဒီရေမြောင်းတွေကို ဘယ်လိုစီးဆင်းစေမယ် ဘယ်ကိုသွားမလဲ ဘယ်ကိုထုတ်မလဲ ဆိုတဲ့ စံနစ်ကို တမြို့လုံးအတွက် ချိန်ပြီးတော့ မလုပ်နိုင်ခဲ့ပါဘူး။

မလုပ်နိုင်တဲ့ အတွက်ကြောင့် မို့လို့ ရန်ကုန်မြို့မှာ ရေလျှံတယ်ဆိုတာ ရှိပါတယ်။ ရှိတယ်။ မကြာ မကြာ တချို့သော နေရာတွေမှာ ရေလျှံတယ်။ တချို့သောနေရာတွေမှာ မလျှံဘူးပေါ့။ အဲဒါကတော့ အတိအကျ ကြီးကို ကျွန်တော်တို့က ဒီတမြို့နယ်က ဖြင့်လျှံတယ်။ ဟိုမြို့နယ်ကဖြင့် မလျှံဘူး လို့လည်း ပြောလို့ မရပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီတမြို့နယ်ထဲမှာပဲ မြင့်တဲ့နေရာက မလျှံဘူး၊ နိမ့်တဲ့နေရာက လျှံတယ် ပေါ့။ အဲသို့သော် ရန်ကုန်မြို့ရဲ့ ကံကောင်းတယ် ခေါ်ရမလားပဲ။ မြောက်ပိုင်းမှာ နဲနဲလေး မြင့်နေတယ် တောင်ပိုင်း မှာတော့ နိမ့်နေတဲ့ အတွက်ကြောင့် မို့လို့ တချို့သော နေရာတွေမှာ ရေလျှံပြီးတော့ နာရီဝက် တနာရီ လောက် ကျရင် ရေက အောက်ကို စီးဆင်းသွားတာ ဖြစ်ပါတယ်။ မကြာသေးခင်က ကြားလိုက်ရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်တို့လို ရက်ပေါင်းများစွာ အပတ်ပေါင်းများစွာ ရေတင်နေတယ် ဆိုတာတော့ မကြုံရသေး ပါဘူး။ မကြုံဘူးသေးပေမယ့်လည်း ရန်ကုန်မြို့တော် စည်ပင်က အဲဒီ drainage master plan နဲ့ပဲ စပြီးတော့ လုပ်ကြကိုင်ကြဖို့ ဆိုတာ ကျွန်တော်တို့ အကြံပေးနေပါတယ်။ အဓိက ပြဿနာကတော့ လူအင်အားပါပဲ။ ကျွန်တော်တို့မှာ လူအင်အား မရှိတာပါပဲ"

မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ပါ။

XS
SM
MD
LG