ရန်ကုန်မြို့ကြီးကို စင်္ကာပူလို ခေတ်မှီအောင်လုပ်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာကို ပြောပြပါရစေ။
သမ္မတက ရန်ကုန်မြို့ကို စင်္ကာပူနိုင်ငံလိုဖြစ်အောင်လုပ်ဖို့ လမ်းညွှန်ခဲ့တာကို အမှတ် ၁၊ ၂ စက်မှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဌက မနှစ်က နိုဝင်ဘာလထဲမှာ လူထုသိအောင် ထုတ်ပြောခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးခါစက ရန်ကုန်မြို့တည်ပုံကို အတုယူဖို့ အတွက် စင်္ကာပူနိုင်ငံက လာကြည့်ခဲ့ရတာမို့ အခု ရန်ကုန်မြို့ကို ပြန်ပြီး တည်ဆောက်တဲ့ အခါ စင်္ကာပူနိုင်ငံဆီက ဘာတွေကို အတုယူဖို့ လိုတယ်ဆိုတာက မေးစရာဖြစ်လာပါတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာမှာ အကြံပေး အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်နေတဲ့ ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်ကို မေးကြည့်ပါတယ်။
“ရန်ကုန်မြို့က နှစ်ပေါင်းထောင်နဲ့ချီပြီးတော့ ရှိတဲ့ Historical City ဖြစ်နေတဲ့ အတွက်ကြောင့် မို့လို့၊ ကျွန်တော်တို့ အမျုားကြီး ဆင်ချင်ပြီးတော့ စဉ်းစားပြီးတော့မှ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စင်္ကာပူလို ပုံစံဆိုတာက တော့ အတိအကျ ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်ကတော့ ဥပမာ ကျွန်တော်တို့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ Sewage system မိလ္လာစံနစ် တို့ ၊ Water supply system ရေပေးရေးစံနစ်တို့ ၊ Drainage system ရေမြောင်းစံနစ်တို့၊ အဲဒီလို ကိစ္စတွေနဲ့ ပါတ်သက်ပြီးတော့ စင်္ကာပူတို့လို ခေတ်မှီတဲ့ စံနစ်တွေ၊ နည်းစံနစ်တွေကို သုံးကြမယ်လို့ ပြောတာဖြစ်ပါလိမ့်မယ်။
တကယ်ကတော့ ပုံစံအားဖြင့်ကတော့ ကျွန်တော်တို့ ဒီ အာဆီယံ တိုင်းပြည်တွေ ထဲမှာ နိုင်ငံခြားကနေပြီးတော့ လေယာဉ်ပျံနဲ့ပဲ လာလာ၊ သင်္ဘောနဲ့ပဲ လာလာ ဒါမှမဟုတ်လည်း ပြည်တွင်း ရပ်ဝေးက ပဲခူးဘက်က၊ ပြည်ဘက်က နေပြီးတော့ ရန်ကုန်မြို့ကိုပဲ ဝင်လာလာ၊ ကြည့်လိုက်တာနဲ့ ရန်ကုန်မြို့ဆိုတာက အာရှမှာ ရှိသော၊ ယဉ်ကျေးမှုရှိသောမြို့ဆိုတာက ကြည့်လိုက်တာနဲ့ ပေါ်နေပါတယ်။
တခြား မိုးထိအောင်မြင့်တဲ့ ဆောက်အဦးတွေ High rises အများကြီးရှိတဲ့ ဟောင်ကောင်တို့လို၊ စင်္ကာပူတို့လို မြို့တွေနဲ့က မတူပါဘူး။ ကျွန်တော်တို့မှာက အမျိုးသားလက္ခဏာ လို့ခေါ်တဲ့ National Character ရှိတဲ့ မြို့ဖြစ်ပါတယ်။ ဒါကို အဓိကအားဖြင့် ထိမ်းသိမ်းဖို့ဆိုတာ ကို ကျွန်တော်ကတော့ အခု စည်ပင်မှာ အကြံပေးအနေနဲ့ လုပ်နေတဲ့အတွက် ကြောင့်မို့ သူတို့ကိုလည်းပြောပါတယ်။ မြို့တော်ဝန်တို့ ဒါနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဒါကိုလက်ခံပါတယ်။ ဆိုလိုတာကတော့ ကျွန်တော် စောစောကပြောတဲ့ ဒီ Infrasturcture လို့ခေါ်တဲ့ အခြေခံ အဆောက်အအုံတွေကိုသာလျှင် ခေတ်မှီတိုးတက်အောင် လုပ်ရမှာ ဖြစ်ပါတယ်”
ဒီလိုအခြေခံ အဆောက်အဦးတွေကို ခေတ်မှီအောင် ပြုပြင်ဖို့ စဉ်းစားရာမှာ ပထမဆုံး အင်္ဂလိပ်လက်ထက်က တည်ဆောက်သွားတဲ့ မြို့ရဲ့ အနေအထား ဘယ်လို ရှိတယ် ဆိုတာ ကြည့်ရအောင်ပါ
“အင်္ဂလိပ်ခေတ်က ပထမဦးဆုံး ၁၈၅၃မှာ စဆောက်ပြီးတော့ ၁၈၅၅ ပတ်ဝန်းကျင်လောက်မှာ ပြီးတဲ့ အင်္ဂလိပ် map မြေပုံက ၃၃ စတုရန်း မိုင် ရှိပါတယ်။ အဲဒါက ဘယ်အထိပါလဲဆိုတော့ အခုရှင်စောပုလမ်းလို့ခေါ်တဲ့ ဝင်ဆာလမ်းပေါ့၊ နောက်တခါ ဗဟန်းဘက်၊ နောက်တခါ ခေါ်ကတဲက Boundary ဘောင်ဒရီလမ်းခေါ်တာပေါ့။ ဘောင်ဒရီလမ်းဆိုကတဲက ရှင်းပါတယ် အပြင်ရောက်နေလို့ပေါ့နော်။ အဲဒီလမ်းတွေ အထိလောက်ပဲ ပါပါတယ်။
အခုဒေါင်းတောင်း ဧရိယာ downtown area လို့ သုံးနေကြတဲ့ မြို့ထဲပိုင်းပေါ့။ အဲဒါက ၆မြို့နယ် ၇မြို့နယ် ရှိပါတယ်။ နောက်ပိုင်းကျတော့ ဘယ်လိုပြောင်းသွားလဲဆိုတော့ central business district ပေါ့။ CBD စီးပွါးရေးဇုံ ဆိုပြီးတော့ ပြောင်းသွားပါတယ်။ အဲဒီလို ပြောင်းတဲ့ အတွက်ကြောင့် အဲဒီမှာ ရုပ်ရှင်ရုံတွေ၊ ဆိုင်ခန်းတွေ၊ ကုန်တိုက်ကြီးတွေ အများကြီး အဲဒီမှာ ပေါ်လာပြီးတော့ လူနေကြတာတွေကလည်းပဲ အရင်တုန်းက အင်္ဂလိပ်လက်ထက် ကနဲ့ စာလို့ရှိရင် လေးငါးဆလောက်ကို ပိုပြီး များသွားပါတယ်။
အဲနောက်ပိုင်းကျတော့ ကျွန်တော်တို့က ဖြေးဖြေးဖြေးဖြေး ချဲ့ချဲ့သွားတာပေါ့။ အဲဒီတုန်းက ၁၈၅၀ ပတ်ဝန်းကျင်လောက်မှာ ဆောက်တဲ့ မြို့က စမ်းချောင်းတို့ ကြည့်မြင်တိုင်တို့က အပြင်ကို ရောက်နေပါတယ်။ အဲနောက်ပိုင်းကျတော့ ဖြေးဖြေးဖြေးဖြေးနဲ့ ရန်ကုန်မြို့ စည်ပင် သာယာ နယ်နိမိတ်ထဲကို သွင်းသွားတဲ့ အခါကျတော့ အခုဆိုရင် ဟိုတုန်းက ၃၃ စတုရန်းမိုင် ကနေ အခု ၃၀၀ကျော် စတုရန်းမိုင် ဖြစ်သွားပါပြီ။ ဆယ်ဆလောက် တိုးသွားတယ်ပေါ့နော်”
ဘယ်နေရာတွေအထိ ချဲ့ထားတာပါလဲ
“ခုကျတော့ ကျွန်တော်တို့ ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်က မင်္ဂလာဒုံထိအောင်၊ အင်းစိန်၊ နောက် အင်းစိန်မြောက်မှာ နောက်အသစ် တိုးလာတဲ့ ရွှေပြည်သာဆိုတာ ရှိပါတယ်။ နောက်တခါ လှိုင်မြစ်ကို တံတား ၂စင်းထိုးလိုက်ပြီးတော့ ရန်ကုန်မြို့ရဲ့ အနောက်ဖက် လှိုင်သာယာ ဆိုတာ ရှိပါတယ်။ နောက်တခါ ဟိုဘက်က ပုဇွန်တောင်ချောင်းကို တံတားတွေထိုးပြီးတော့ အရှေ့ဘက်မှာပဲ ဒဂုံမြို့သစ် ဆိုတာရှိပါတယ်။ အဲဒါတွေကတော့ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာကတော့ ၁၉၈၈ခု နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကျူးကျော်ရပ်ကွက်တွေ ၊ အိမ်ယာ မရှိတဲ့ လူတွေ အများကြီး ဖြစ်နေတဲ့ အတွက်ကြောင့် သူတို့ကို မြေ ကွက်တွေကို ဖေါ်ထုတ်ပြီး တော့ သူတို့ နေရာချထားပေး ပြီးတော့ ဆောက်တာကတော့ ကိုယ့်ဟာကိုယ်ဆောက်ကြပေါ့လေ။
အစိုးရကတော့ လမ်းဖေါက်ပေးတယ်။ ရေပေးတယ်။ နောက်အကွက်ကလေးတွေ ချပြီးတော့ သူတို့ကို ဂရံမြေ ပေးလိုက်တယ်။ အဲဒီစံနစ်ပေါ့လေ။ အဲဒါကြောင့်မို့ အခုကျတော့ ရန်ကုန်မြို့ကြီး က အဲဒါတွေ အကုန်လုံးပေါင်းလိုက်ရင် စတုရန်းမိုင် သုံးရာကျော်သွား ပါပြီ”
နဂိုက အစဉ်အလာရှိထားတဲ့ မြို့တမြို့ကို ပြန်ပြီးတော့ ပြုပြင်မယ်ဆိုရင် ဘယ်လိုအချက်တွေကို အဓိကထားပြီး ဂရုစိုက်ဖို့ လိုတာပါလဲ
“အခြေခံ အဆောက်အအုံဆိုတော့ အဲဒီမှာ ရေပေးရေးစံနစ်တို့၊ မိလ္လာစံနစ်တို့၊ ရေမြောင်းစံနစ်တို့ ၊ လျှပ်စစ်တို့၊ လမ်းတို့ သယ်ယူပို့ဆောင်ရေးတို့ အကုန်လုံး ပါနေပါတယ်။ သို့သော် တော်တော်များများကတော့ ဒီ သယ်ယူပို့ဆောင်ရေး စံနစ်ကို သီးသန့်လေးခွဲပြီး တွက်ကြပါတယ်။ အဲဒီတော့ ဘာက အရေးကြီးသလဲ ဆိုရင်တော့ ကျွန်တော်တို့ ရှေးဟောင်း မြို့တမြို့ကို ပြန်ပြီးတော့ လူတွေလည်းပဲ အဆင်ပြေအောင် နေထိုင်ဖို့ လုပ်ကြမယ် ကိုင်ကြမယ်ဆိုရင် စောစောတုန်းကပြောတဲ့ အခြေခံ အဆောက်အအုံတွေကလည်းပဲ လိုအပ်နေတော့ အဲဒါတွေကို တည်ဆောက်တဲ့ အချိန်အခါမှာ ကိုယ့်ရဲ့ ရှေးအမွေအနှစ်တွေ အမျိုးသားလက္ခဏာလို့ ခေါ်တဲ့ national character တွေမပျောက်ပျက်အောင်လို့ ဆိုပြီးတော့ တော်တော်လေးကို ဂရု တစိုက်နဲ့ တည်ဆောက်ရပါတယ်။
ကျွန်တော်တို့ သူများတွေလို သိပ်ကြီး နေရာတကာမှာ အမြင့်ကြီးဆောက်လို့ မရဘူးပေါ့နော်။ အဲဒါအရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က ရွှေတိဂုံဘုရား ပတ်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အဦးကြီးတွေ ဆောက်မယ်။ ရွှေတိဂုံဘုရားကို ကာပြီး ဆောက်မယ် မိုးပြီးဆောက်မယ်ဆိုရင် ကျွန်တော်တို့ သမိုင်းကြောင်း အခြေခံအရ လက်မခံနိုင်ပါဘူး။ အဲဒါကြောင့်မို့ ရွှေတိဂုံဘုရား ပတ်ဝန်းကျင်မှာ သီးသန့် ဇုံ Zonning ထားပေးရပါတယ်။
ဒါကို အခုကျွန်တော်တို့ လက်ခံပြီး ကျင့်သုံးပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀လောက်က အဲဒါကို မလုပ်မိလို့ နေရာ ၂နေရာလောက်မှာ အမှားတွေ ဖြစ်သွားပါတယ်”
ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်ပါ။ ရှေ့တပတ်မှာတော့ ပြန်လည်ပြုပြင်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ အကြောင်းကို ဆက်ပြီး ပြောပြပေးမှာပါ။