သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ကို ခေတ်မှီအောင်ပြင်ဖို့ အပိုင်း (၂)


Photograph of Recorder's Court, Sule Pagoda Road, Rangoon, Burma, 1868
Photograph of Recorder's Court, Sule Pagoda Road, Rangoon, Burma, 1868

ရန်ကုန်မြို့က အခြေခံ အဆောက်အအုံတွေကို တိုးလာတဲ့ လူဦးရေပေါ်အခြေခံပြီး ခေတ်နဲ့အညီ ပြုပြင် ဆောက်လုပ် ရာမှာ ရှေးအမွေအနှစ်တွေ မပျောက်ပျက်ရေးဟာ အရေးပါတာမို့ ဒါတွေကို ဘယ်လို မပျောက်ပျက်အောင် လုပ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

ရန်ကုန်မြို့လို့ပြောလိုက်ရင် အာရှတိုက်မှာ ကိုလိုနီခေတ် အဆောက်အဦးတွေ အများဆုံး မပျောက်မပျက် တွေ့ရတဲ့ ထူူးခြားတဲ့ နေရာအဖြစ် သတ်မှတ်ကြပါတယ်။ ဒီရန်ကုန်မြို့ကို အင်္ဂလိပ်တွေ ပြန်ဆောက်တော့ စိမ်းစိမ်းလန်းလန်း ရှိဖို့ ပါ တွက်ချက်ပြီး စီမံသွားကြတယ်လို့ ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။

"၁၈၈၅ခုနှစ် ဝန်းကျင်မှာ အင်္ဂလိပ်တွေက အောက်မြန်မာပြည်ရဲ့ မြို့တော်အဖြစ်နဲ့ ပြန်ပြီးတော့ တည်ဆောက် ပါတယ်။ အကြမ်းအားဖြင့်တော့ ကျွန်တော်တို့ အဲဒါကို ဖရေဇာ Frazer Plan လို့ ခေါ်ပါတယ်။ ဖရေဇာ ဆိုတာကတော့ ဗြိတိသျှ အင်ဂျင်နီယာ တယောက်ပါ။ အဲဒီဖရေဇာ plan အရ ဆိုရင် အခုကမ်းနားလမ်းနဲ့ ဗိုလ်ချုပ်လမ်းရှိရာ နေရာ၊ အကြမ်းအားဖြင့် စတုရန်း လေးမိုင် ရှိတဲ့နေရာကို မြို့လယ်အဖြစ်နဲ့ သူတို့ စတည်ပါတယ်။

သူတို့ ဟိုခေတ်က ဗြိသိသျှ မြို့ပြ စီမံကိန်း town planning concept အရ green area လို့ခေါ်တဲ့ ပန်းခြံတွေကို အများကြီး စီမံသွားကြပါတယ်။ ရွေတိဂုံဘုရားရဲ့ တောင်ဘက်မှာ ကပ်နေတဲ့ ဟိုတုန်းက ကန်တိုမင့် ပန်းခြံ Cantonment garden လို့ခေါ်တဲ့ စစ်တပ်ရဲ့ ပန်းခြံက နောက်ပိုင်း ကျတော့ ကန်တော် မင်္ဂလာလို့ ပြောင်းလိုက်ပါတယ်။ အဲဒါရယ် ကန်တော်ကြီး ပတ်ဝန်းကျင်မှာ ရှိတဲ့ ဗိုလ်ချုပ် ပန်းခြံရယ်၊ တိရိစ္ဆာန် ဥယာဉ်ရယ် အဲဒါတွေကို outer green zone လို့ခေါ်ပြီးတော့ စိမ်းလန်းတဲ့ နေရာတွေ အများကြီး သတ်မှတ်သွား ပါတယ်။

မြို့ထဲမှာ ဆိုရင် အရှေ့ဘက်ခြမ်းမှာ အရှေ့ပန်းခြံ eastern park အလယ်မှာ မဟာဗန္ဓုလ ပန်းခြံကြီး ထားတယ်။ အနောက်မှာ western park အနောက်ပန်းခြံဆိုပြီး မြို့ထဲမှာ စိမ်းလန်းစိုပြေတဲ့ နေရာတွေ အများကြီးထား စီမံသွားတာပါ။ သူတို့ ဆွဲသွားတဲ့ ပုံစံကတော့ လေးထောင့်ကွက် ကျတယ်။ ဝါရှင်တန်တို့၊ ဖလယ်ဒယ်လ်ဖီးယားတို့၊ နယူးရောက်တို့နဲ့ သဘောချင်း ခပ်ဆင်ဆင်ပါပဲ။

ဆူးလေဘုရားကိုတော့ အလယ်အနေနဲ့ သူတို့ သတ်မှတ်လိုက်ပြီးတော့ ဟိုတုန်းက ဒါလဟိုစည်လမ်း လို့ အခု မဟာဗန္ဓုလ လမ်းလို့ ခေါ်တဲ့ နေရာရယ်၊ ဆူးလေဘုရားလမ်း ဆုံတဲ့နေရာကို အလယ် တည့်တည့်မှာ ထားပြီး တော့ မန္တလေး ထိအောင်သွားတဲ့ လမ်းတွေအတွက် အဲဒါကို နံပါတ် သုံည ထားပြီးတော့ မိုင်တိုင်တွေကို သတ်မှတ်ထားတာဖြစ်ပါတယ်။ အဲဒါကြောင့် အခုလက်ရှိ မြို့ထဲလို့ ခေါ်ကြတဲ့ စတုရန်း လေးမိုင်လောက် ရှိတဲ့ နေရာမှာ ၁၉ရာစု ၂၀ရာစုက ဗိသုကာလက်ရာတွေကို တွေ့ရတယ်။ ဟိုတုန်းက Reserved bank လို့ခေါ်တဲ့ အခု မြဝတီဘဏ်တို့ဘာတို့ ဆိုရင် neo classicism လို့ခေါ်တာပေါ့၊ အတော်ကို လှပတဲ့ သူတို့ ဆောက် သွားတဲ့ အဆောက်အဦးတွေ အများကြီး ရှိပါတယ်။

ဟုတ်ကဲ့ပါ။ ဒါက ကိုလိုနီခေတ်က ဆောက်သွားတဲ့ အဆောက်အဦးတွေရဲ့ အသွင်သဏ္ဍန်တွေနဲ့ အနေအထား တွေ ထင်ဟပ်နေတာပေါ့နော်။ နောက် ရန်ကုန်နဲ့ ယှဉ်တွဲပြီး မြင်နိုင်တဲ့ မြန်မာ့ သမိုင်းအမွေအနှစ် ဘာတွေ ရှိတယ်လို့ ဆရာမြင်ပါသလဲ

"ရန်ကုန်မြို့နဲ့ ပတ်သက်ပြီးတော့ ဘယ်တုန်းက စပေါ်သလဲဆိုတာက တော်တော်လေး သုတေသန လုပ်ဖို့ ကျန်နေပါသေးတယ်။ အများပြောကြတဲ့ မြတ်စွာဘုရားလက်ထက်က တဖုဿနဲ့ ဗာလိက ကနေပြီးတော့ ပြန်လာပြီးရွှေတိဂုံ စေတီ တည်တယ် ဆိုလို့ ရှိရင်တော့ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီ လို့ ပြောရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သက်သေ အထောက်အထားနဲ့ကတော့ ပုဂံခေတ်ပေါ့ ဆယ်ရာစုခေတ် လက်ရာတွေ အတော်များများ တွေ့ရှိရပါတယ်။

ရွှေတိဂုံဘုရား ပတ်ဝန်းကျင် ဟိုရှေးတုန်းကတည်းက ရှိခဲ့တဲ့ လမ်းတွေကို ဗြိတိသျှတွေက နေပြီး တော့ ပြန်ပြီး ကြီးအောင်လုပ်သွားတာ၊ ကတ္တရာတွေ ခင်းသွားတာပါ။ ဥပမာ ဦးဝိစာရလမ်းက ဟိုရှေးတုန်းက အင်္ဂလိပ်လို tiger alley လို့ခေါ်တာပါ ကျွန်တော်တို့က ဆင်လမ်း လို့ခေါ်ပါတယ်။ အဲဒီလမ်းတွေဆိုတာက ဟိုရှေးတုန်းက မြန်မာတွေ လက်ထက် ကတည်းက လုပ်သွားတဲ့ လမ်းတွေ ဖြစ်ပါတယ်။ အဲဒါကို visual axis လို့ခေါ်ပါတယ်။ အမြင်လမ်းကြောင်းတွေပေါ့လေ။ ဥပမာ ရွှေတိဂုံ ဘုရားကြီးကို ဟိုဟံသာဝတီ အဝိုင်းလောက်ကပဲ စပြီး ဖူးမျှော်လို့ ရတယ်။ မြို့ထဲဘက်ကနေ လာလို့ ရှိရင်လည်း အနော်ရထာလမ်း လောက်ကပဲ စပြီး ဖူူးလို့ရတယ်။ အဲဒီလို လမ်းတွေကို ဖွင့်သွားတဲ့ဟာက မြန်မာတွေက ရှေးတုန်းကတည်းက plan လုပ်သွားတာ စီမံကိန်း ရေးဆွဲသွားတာ ဖြစ်တယ်။ အင်္ဂလိပ်တွေ ကလည်း ဒါကို သူတို့ respect လုပ်ပြီးတော့ အလေးမူ ထားပြီးတော့ ဆက်ပြီးတော့ပဲ ထိမ်းသိမ်းသွားတာ ဖြစ်ပါတယ်"

အဲဒီတော့ ရန်ကုန်မြို့ကို ပြန်ပြီးတော့ ပြုပြင်မယ်ဆိုရင် ဒီသမိုင်းအမွေတွေ မပျောက်ပျက်အောင် အဓိက ဘာတွေလုပ်ဖို့ လိုပါသလဲ

"အင်္ဂလိပ်တို့ အမေရိကန်တို့မှာ zoning plan လို့ခေါ်ကြတာက အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်နေရာ မှာဖြင့်ရင် ဘယ်လောက်အမြင့်ပဲဆောက်ခွင့်ရှိမယ်။ ဘယ်နေရာကတော့ လူနေ ရပ်ကွက်ဖြစ်မယ်။ ဘယ်နေရာကတော့ စက်မှုဇုံဖြစ်မယ်၊ စီးပွါးရေးဇုံဖြစ်မယ်၊ mix zone လို့ခေါ်တဲ့ ရောနေတဲ့ဇုံဖြစ်မယ်၊ စသည်ဖြင့်ပေါ့။ အဲဒီလို zoning regulation တွေ ထားရှိဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာပဲ ဒီ zoning regulation ဆိုတာ တိတိကျကျ မရှိခဲ့ပါဘူး။ အင်္ဂလိပ်တွေ လက်ထက် တုန်းကတော့ ရွှေတိဂုံဘုရား ပတ်ဝန်းကျင်နဲ့ ဆူးလေဘုရား ပတ်ဝန်းကျင် ကို သိပ် အမြင့်တွေ မဆောက်ရဘူးဆိုပြီးတော့ နားလည်မှုနဲ့ လုပ်သွား ထိမ်းသိမ်းသွားတာတွေ့ရ ပါတယ်။ တချို့နေရာတွေမှာလည်း ဥပမာ ရွှေတောင်ကြားရပ်ကွက် တို့လို၊ အင်းယားလမ်းတို့လို နေရာမျိုးမှာ lot size လို့ခေါ်တဲ့ အသေးဆုံးမြေကွက်က ဘယ်လောက်ရှိရမယ် ဆိုတာ သတ်မှတ် သွားတဲ့ အဲဒီ အကြမ်းအားဖြင့် zoning regulation တွေတော့ ရှိပါတယ်။

သို့သော် တခြားတိုင်းပြည်မှာလို အတိအကျ သူ့ရဲ့ density လို့ခေါ်တဲ့ သိပ်သည်းမှုပေါ့။ အဲဒါကို floor area index လို့ခေါ်တာနဲ့ ကြမ်းခင်း ဧရိယာ အတိအကျ သတ်မှတ်ထားတာ မရှိခဲ့ပါဘူး။ အဲဒီလို zoning plan နဲ့ သတ်မှတ်ပြီးတော့ ထိမ်းသိမ်းမယ်ဆိုရင် ကျွန်တော်တို့ သမိုင်း အမွေအနှစ် တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ထိမ်းသိမ်းနိုင်မှာ ဖြစ်ပါတယ်"

၁၉ ရာစုခေတ် အဆောက်အဦးတွေ တချို့ကို လေလံပစ်ပြီးတော့ စီးပွါးရေး လုပ်ငန်းရှင်တွေကို ရောင်းချတာ တွေ တွေ့ရပါတယ်။ ဒါတွေဟာ စီးပွါးရေး လုပ်ငန်းရှင်တွေ လက်ထဲရောက်သွားရင် ဖြိုပစ်လိုက်တာတို့၊ ဒီရှေး အဆောက်အဦးတွေကို သူတို့ လိုသလို ပြုပြင်လိုက်တာတို့ ဆိုရင် ရှေးလက်ရာတွေ ပျက်စီး သွားနိုင်တာမို့ ဒါမျိုးအတွက် ဘာအစီအစဉ်တွေ လုပ်ထားတာရှိပါသလဲ

"အဲဒါကတော့ လွန်ခဲ့တဲ့ သုံးလေးငါး နှစ်လောက်ကတဲက ရန်ကုန်မြို့တော် စည်ပင်ကရော ကျွန်တော်တို့ AMA လို့ခေါ်တဲ့ မြန်မာဗိသုကာများအသင်းက လိုက်ပြီးတော့ စာရင်းမှတ်ပါတယ်။ အခုလက်ရှိအားဖြင့် ကတော့ ၁၉ရာစု ၂၀ရာစုခေတ်က သမိုင်းအမွေအနှစ်က အကြမ်းအားဖြင့် အဆောက်အဦးပေါင်း ၁၉၀ လောက် တွေ့ရှိရပါတယ်။ အဲဒါတွေကို ပြင်မယ် ပြုမယ် အသုံးချမယ် ဆိုရင် ဘယ်လို အသုံးချမယ် ဆိုတာတွေကို သတ်မှတ်ချက် ထားဖို့ ဆိုပြီးတော့ ကျွန်တော်တို့ အကြံပြုခဲ့ ပါတယ်။ သူတို့ကလည်းပဲ ဒါကို လက်ခံပါတယ်။ ဥပမာ Row တိုက် ကို အမြင့်ကြီး ဆောက်မယ်၊ ပြင်ပြီးဆောက်မယ် ဆိုပြီးတော့ ဝယ်လိုက်တာ အခု ကျွန်တော်တို့က ပြင်ခွင့်တော့ ရှိတယ်။ ဒါပေမယ် ဒီအတိုင်းပဲ ဆက်ပြီးတော့ အမြင့်ရော၊ အမြင်ရော ဘယ်လိုမှ ပြောင်းလို့ မရဘူးလို့ သတ်မှတ်လိုက်ပါတယ်။

အဲဒါနဲ့ ခပ်ဆင်ဆင် တခုက ဟော်တယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းက ဥက္ကဌကြီးက ဝန်ကြီးများရုံး လို့ခေါ်တဲ့ အတွင်းဝန်များရုံးကို သူက ရန်ကုန်မြို့မှာ ဟော်တယ်တွေ အများကြီးလိုနေလို့ ဟော်တယ် လုပ်မယ်လို့ ပြောဘူးပါတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့ ဗိသုကာ အသင်းကရော တခြား လူတွေ အားလုံးကပါ သတင်းစာတွေ ဘာတွေမှာ ဝိုင်းရေးကြတော့ အခုတော့ ဒီကိစ္စကြီးက ရပ်သွားပါပြီ။ အဲဒါကတော့ အဓိကအားဖြင့် စည်ပင်သာယာရေးကော်မတီနဲ့ ပေါင်းပြီးတော့လုပ် လိုက်တဲ့ အတွက်ကြောင့် ထိမ်းသိမ်းတဲ့ စံနစ်ကတော့ အတော်လေးကောင်းမွန် သွားပါပြီ။

ပြဿနာလေးက ဘာရှိလဲဆိုတော့ ပုဂလိက လက်ထဲမှာ ရှိတဲ့ တချို့သော သမိုင်းဝင် အဆောက်အဦး လေးတွေ၊ သမိုင်းဝင် မဟုတ်ရင်တောင်မှ အတော်ကို လက်ရာကောင်းတဲ့ အဆောက်အဦးလေးတွေ၊ ဥပမာ အရင်က ဝိဇယ ရုပ်ရှင်ရုံနားမှာ လက်ရာ သိပ်ကောင်းတဲ့ အရင်က ရန်ကုန်မြို့တော်ဝန် ပတေး နေသွားတဲ့ အိမ်ကြီးဆိုရင် ဖျက်ဆောက်လိုက်လို့ မရှိတော့ ပါဘူး။ ဒါမျိုး ထိမ်းသိမ်းဖို့ ဥပဒေ မရှိတာ၊ ဝယ်သိမ်းထားဖို့ ငွေမရှိတာ အဲဒီအကြောင်းတွေကြောင့် ဒါမှာ အားနဲချက် ရှိပါသေးတယ်"

ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်ပါ။

XS
SM
MD
LG