သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SpaceX ရဲ့ Dragon အာကာသယာဉ်


This image provided by NASA-TV shows the SpaceX Dragon commercial cargo craft, top, after Dragon was grappled by the Canadarm2 robotic arm and connected to the International Space Station, Friday, May 25, 2012. Dragon is scheduled to spend about a week do
This image provided by NASA-TV shows the SpaceX Dragon commercial cargo craft, top, after Dragon was grappled by the Canadarm2 robotic arm and connected to the International Space Station, Friday, May 25, 2012. Dragon is scheduled to spend about a week do

ပုဂ္ဂလိက SpaceX ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းကို အသွားအပြန် အောင်မြင်စွာ ပျံသန်းနိုင်ပြီ ဆိုတာ ပြောပြမှာပါ။

မိုးမှာပျံလို့ရတဲ့ ဒဏ္ဍာရီထဲကနဂါးလို့ အဓိပ္ပါယ်ရတဲ့ Dragon အာကာသယာဉ်ကို ကယ်လီဖိုးနီးယား အခြေစိုက် SpaceX ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီး နိုင်ငံတကာ အာကာသစခန်းဆီကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့သလို ကမ္ဘာမြေပြင်ဆီကိုလည်း ချောချောမောမောပဲ ပြန်ပြီးဆင်းနိုင်ခဲ့တယ် ဆိုတာ ဒီတပါတ်မှာ ပြောပြမှာပါ။

အာကာသယာဉ်ကို အာကာသထဲလွှတ်တင်ဖို့ ကိစ္စဟာ နည်းပညာ တတ်ကျွမ်းနားလည်ဖို့ အပြင် ငွေကုန်ကြေးကျ များလှတာမို့ အစိုးရ အဖွဲ့အစည်းတွေကသာ တာဝန်ယူထုတ်လုပ်ကြတာပါ။ အခုတော့ ပုဂ္ဂလိကကုမ္ပဏီတခုကနေ ထုတ်လုပ်တဲ့ ပထမဦးဆုံး အာကာသယာဉ်ကို ဖလော်ရီဒါမှာရှိတဲ့ ကာနာဗရယ်အငူ အာကာသစခန်းကနေ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီ Dragon အာကာသယာဉ်ဟာ လူမပါပဲ ပစ္စည်းပို့တဲ့ယာဉ်ပါ။ ဒါပေမယ့် နောင်မှာ အာကာသယာဉ်မှုး ၇ဦး လိုက်ပါနိုင်တဲ့ အထိ SpaceX ကုမ္ပဏီက ပုံစံချထားတာပါ။

ဒရက်ဂွန် ကို Falcon 9 အမျိုးအစား ဒုံးထိပ်မှာတင်ပြီး မေလ ၂၂ရက်နေ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ပစ်လွှတ်ခဲ့တာပါ။ နိုင်ငံတကာ အာကာသ စခန်းက အာကာသယာဉ်ချိတ်ဆက်တဲ့ နေရာနဲ့ တည့်အောင် ချိန်ရင်း အင်္ဂါနေ့ကတည်းက ကမ္ဘာပါတ်လမ်းထဲ ဝင်ရောက် ပျံသန်းခဲ့ရတဲ့ ဒရက်ဂွန်ယာဉ်ဟာ ကြာသပတေးနေ့ မနက် အစောပိုင်း မှာတော့ နိုင်ငံတကာ အာကာသ စခန်းအောက်နား တမိုင်ခွဲနီးပါးအကွာကို ရောက်ရှိသွားခဲ့ပါတယ်။ သောကြာနေ့ မနက် ၃နာရီလောက်မှာ စခန်းနားကိုကပ်နိုင်ခဲ့သလို သတ်မှတ်ချိန်ထက် နဲနဲ နောက်ကျပေမယ့် ၉နာရီ ၅၆ မှာတော့ အာကာသစခန်းထဲက ယာဉ်မှုး Don Pettit က စခန်းမှာရှိတဲ့ စက်လက်တံနဲ့ အမိအရ ချိတ်ဆက်လိုက်နိုင်ပါတယ်။

အခုလို အာကာသစခန်းနဲ့ ချိတ်ဆက်နိုင်ခဲ့ပြီးတဲ့ နောက်တနေ့ စနေနေ့မှာတော့ Don Pettit ဟာ အာကာသထဲထွက်ပြီး Dragon အာကာသယာဉ်ကို စစ်ဆေးခဲ့ပါတယ်။

“အထဲဝင်လိုက်တော့ မော်တော်ကား အသစ်တွေမှာ ရတတ်တဲ့ အနံ့မျိုး ရတယ်”

ပုဂ္ဂလိက ကုမ္ပဏီကထုတ်တဲ့ ဒီ Dragon အာကာသယာဉ် ကရတဲ့ အနံ့က သူနဲ့ စိမ်းမနေသလို အထဲရောက်တဲ့ အခါမှာလည်း အထဲက အနေအထားကို သူသဘောကျကြောင်း မြေပြင်ကစောင့်မျှော်နေကြသူတွေကို အခုလိုပြောပြပါတယ်

ကျွန်တော်ကတော့ တော်တော် သဘောကျတယ်။ ကျွန်တော့် ပစ်ကပ်ကားလိုပဲ ပစ္စည်းတွေ အတော် တင်နိုင်တာ တွေ့ရတယ်။ နောက်ပြီး ရုရှားလုပ် ဆိုယုဇ် ယာဉ်ထက် နေရာပိုကျယ်တယ်။ တကယ်လို့ ဒီ Dragon ယာဉ်မျိုးနဲ့ လူတင်မယ်ဆိုရင် လည်း ပြဿနာသိပ်ရှိမှာ မဟုတ်ဖူး”

ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလစ်က ဟောသွန်း Hawthorne အခြေစိုက် SpaceX ကုမ္ပဏီကနေ လူပါတဲ့ယာဉ်ကို နောက် ၃နှစ် လောက်အကြာမှာ တင်နိုင်မယ်လို့ မျှော်လင့်ထားကြတာပါ။ သူတို့ဟာ လူကိုယ်တိုင် လိုက်ပါနိုင်ဖို့အတွက် ထိုင်စရာနေရာအပြင် အန္တရာယ် တစုံတရာကျရောက်လာရင် ထွက်ပေါက်ရစေမယ့် စံနစ်နဲ့ အသက်ရှင်ရပ်တည် နိုင်ရေး စံနစ်တွေ ကိုပါ စမ်းသပ် တီထွင်နေကြပြီဖြစ်ပါတယ်။

အခုလွှတ်တင်ခဲ့တဲ့ Dragon ပစ္စည်းတင် အာကာသယာဉ်ဟာ ပစ္စည်း ပေါင်ချိန် တထောင်လောက်ကို သယ်သွားခဲ့တာပါ။ ဒီအထဲမှာ အဝတ်အစားတွေ၊ အစားအသောက်တွေ၊ ကွန်ပြူတာပစ္စည်းတွေနဲ့ ကျောင်းသားတွေရဲ့ စမ်းသပ်မှုတွေ လည်းပါပါတယ်။ အာကာသ စခန်းမှာရှိတဲ့ ယာဉ်မှုးတွေဟာ ယာဉ်ပေါ်ကပစ္စည်းတွေကို အာကာသစခန်းထဲကိုချပြီး မေလ ၃၁ရက် ကြာသပတေးနေ့မှာ ကမ္ဘာကိုပြန်မယ့် ဒီယာဉ်ပေါ်ကို စခန်းထဲက သုံးပြီးသား ပစ္စည်းတွေကို တင်ပေးကြပါတယ်။

အမေရိကန်အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာက နိုင်ငံတကာ အာကာသ စခန်းကို အသွားအပြန်သယ်ပို့တဲ့ အာကာသယာဉ်တွေ မတည်ဆောက်တော့ပဲ ပြီးခဲ့တဲ့ နှစ်ကစပြီး နောက်ဆုံးယာဉ်ကိုပါ အနားပေးခဲ့ပါတယ်။ နာဆာက အာကာသယာဉ်တွေ ဆက်ပြီး မထုတ်တော့တဲ့ အတွက် အာကာသစခန်းကို အသွားအပြန် သယ်ပို့ဖို့ ရုရှားနိုင်ငံက ဆိုယုဇ်အာကာသယာဉ် တွေကိုပဲ အားထားနေရာက အခုပုဂ္ဂလိက ကုမ္ပဏီက လွန်းပျံယာဉ်ကို သုံးလာနိုင်တာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ Dragon အာကာသယာဉ်ဟာ ကမ္ဘာကိုပြန်လာခဲ့ပါတယ်

“နိုင်ငံတကာ အာကာသစခန်းနဲ့ ချိတ်ထားတဲ့ Dragon ယာဉ်ရဲ့ လက်တံတွေကို ယာဉ်မှုးတွေက ပြန်ဖြုတ်ပေးလိုက်ပါပြီ”

မောင်းသူမပါတဲ့ Dragon အာကာသယာဉ်ကို ထိမ်းချုပ်ပေးနေတဲ့ နာဆာ ထိမ်းချုပ်ရေး စခန်း ကကြေငြာလိုက်တာပါ။ ကမ္ဘာကို ပြန်လာတဲ့ ဒီယာဉ်ဟာ ကယ်လီဖိုးနီးယား ကမ်းလွန်ပိုင်း ပစိဖိတ် သမုဒ္ဒရာထဲကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တာပါ။

Dragon အာကာသယာဉ်ကို ပုံစံထုတ်လုပ်သူတွေ သတ်မှတ်ချိန်ထက် တပါတ် နောက်ကျပြီးမှ နိုင်ငံတကာ အာကာစခန်း ကို လွှတ်တင်နိုင်ခဲ့ပေမယ့် ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီတခုက ပထမဆုံး လွှတ်တင်နိုင်တာမို့ ကြီးမားတဲ့ သမိုင်းဝင်အောင်မြင်မှု တခုဖြစ်ပါတယ်။

Dragon ယာဉ် သမုဒ္ဒရာရေပြင်နဲ့ ထိသွားတဲ့ အချိန်မှာတော့ ဒီယာဉ်ကို မွေးထုတ်ခဲ့သူ SpaceX ကုမ္ပဏီက အမှုဆောင်အရာရှိတဦးဖြစ်တဲ့ Elon Musk က ဝမ်းသာအားရ အခုလိုပြောပါတယ်။

“ကျွန်တော် အခု ဘာစဉ်းစားနေလဲဆိုတော့ ကျွန်တော့ ရင်သွေး အိမ်ပြန်တာကို ကြို နေတာလေ။ ဒီ Dragon လေး ဆိပ်ကမ်း ရောက်လာမှာကို မြင်ချင်နေသလို။ အာကာသထဲက နာဆာနဲ့အတူ ပစ္စည်းတွေ ချဖို့လေ။ စဉ်းစားလိုက်ရင် သိပ်ကိုပျော်ဖို့ ကောင်းတာပါ။ ကိုယ့် သားသမီး အိမ်ပြန်လာတာတွေ့ရ သလိုပဲ”

ဒီ ဒရက်ဂွန်ယာဉ်နဲ့ အာကာသ စမ်းသပ်မှုတွေ သယ်လာခဲ့သလို သုံးထားတဲ့ စက်ပစ္စည်းတွေ ကလည်း အမျိုးစုံလှပါတယ်။ ရုရှားက ဆိုယုဇ် ယာဉ်လိုပဲ နိုင်ငံတကာ အာကာသ စခန်းကို အသွားအပြန် လွန်းပျံယာဉ် အဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တဲ့ ဒီယာဉ် အတွက် ပျက်ကျနိုင်တဲ့ ပုံစံက အမျိုးမျိုး ရှိနေတယ် ဆိုတာကို ကိုယ်တိုင် ကြီးကြပ် ဒီဇိုင်း ထွင်ခဲ့တဲ့ Musk ကသိနေတာမို့ အခုမှ သက်ပြင်းချနိုင်တာပါ။

“ပြောရတာတော့ နဲနဲခက်သလိုပဲ ။ ဒါပေမယ့် ကျွန်တော်တို့ တကယ် အလုပ်ဖြစ်ခဲ့တာတွေ့ရတော့ ဘယ်လိုခေါ်မလဲ သိပ်ကို အံ့သြရတာပါ။ အစကတဲက အလုပ်ဖြစ်မှာ မဟုတ်ဖူးလို့ တွက်ထားတာမျိုးမဟုတ်ပေမယ့် ။ ဒါက ပျက်သွားနိုင်တဲ့ ပုံစံက အမျိုးစုံ ရှိနေတာမို့ အခုလို တကယ် အလုပ်ဖြစ်သွားတာလဲတွေ့ရော ဟေး အောင်ပြီကွလို့ ပြောမိတာပါ”

ပစ္စည်းတင် ဒရက်ဂွန်ယာဉ် လွှတ်တင်တဟာ ကော့တ်စ် COTS လို့ခေါ်တဲ့ နာဆာရဲ့ စီးပွါးဖြစ် အာကာသ ပို့ဆောင်ရေး အစီအစဉ်ထဲက တခု ဖြစ်ပါတယ်။ SpaceX ကို နာဆာက သူ့ အာကာသစူးစမ်းရေး ဆိုင်ရာသုံးတဲ့ ပစ္စည်းတွေ လွှတ်တင်ဖို့ နေရာနဲ့ အင်ဂျင်နီယာတွေ ခွဲပေးခဲ့ သလို အခုလို သမိုင်းတွင်မယ့် အောင်မြင်မှု ရစေဖို့ ငွေကြေးကအစ ထောက်ပံ့ခဲ့တာပါ။ ဒေါ်လာ သန်း ၄၀၀ ပေးခဲ့ပါတယ်။

“အခုလို ပထမ ပွဲဦးထွက် အောင်မြင်သွား တာက ဘာကိုပြသလဲဆိုတော့ စီးပွါးဖြစ် အာကာသယာဉ်တွေ အောင်အောင်မြင်မြင် ထုတ်လို့ ရတယ် ဆိုတာကိုပြတယ်။ ဒါက အာကာသ ခရီးအတွက် လုပ်ရတဲ့ အဆင့်အားလုံး ပါအောင်မြင်ခဲ့တာမို့ပါ။ နောက် နာဆာလို အဖွဲ့ကြီးနဲ့ လက်တွဲ လုပ်ရတာက ထူးခြားနေသလို ဒါမျိုးနည်းလမ်းတွေ လုပ်လို့ရတယ်ဆိုတာ ပြနေတာမို့ ဆက်လုပ်ဖို့ လိုပါတယ်”

နာဆာက Space X ကုမ္ပဏီကို အာကာသ စခန်းကို ၁၂ကြိမ်ထက်မနဲ သွားဖို့ အတွက် ကန်ထရိုက်စာချုပ်ကို ဒေါ်လာ သန်းပေါင်း တထောင့်ခြောက်ရာနဲ့ ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ ပထမတကြိမ် လွှတ်ဖို့ ခန့်မှန်းထားပါတယ်။ Space X ကုမ္ပဏီကို ၂၀၀၂ခုနှစ်မှာ Elon Musk ကတည်ထောင်ခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၁၂ မေလ ၂၂ ရက်နေ့ကျမှ ဒီယာဉ်ကို လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ရုရှားက ယာဉ်တွေကိုပဲ အားထားနေရတဲ့ နာဆာက အခုလို ပုဂ္ဂလိက ကုမ္ပဏီတွေကို မြေတောင်မြှောက်ပေးပြီး အတူ အလုပ်လုပ်ဖို့ လမ်းဖွင့်ပေးနေသလို တဖက်ကလည်း စိတ်ချ ယုံကြည်လောက်တဲ့ စက်မှု လုပ်ငန်းသစ် ကဏ္ဍတရပ် ဖွင့်နိုင်ဖို့ ရည်မှန်းထားတယ်လို့ နာဆာ အကြီးအကဲ Charlie Bolden ကပြောပါတယ်

“ကျွန်တော်တို့ အခု အနာဂတ် အာကာသ လုပ်ငန်းတွေစလုပ်ဖို့ အချိန်ရောက်လာပါပြီ။ နောင်မှာ မာကျူရီတို့ ဂျင်မနိုင်တို့ အပိုလိုတို့ ကိုသွားဖို့ နဲ့ လွန်းပျံယာဉ်တွေ လွှတ်တင်ရေးဟာ အခုလို တီထွင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂလိက အာကာသစူးစမ်းရေး ကုမ္ပဏီတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါဟာ အဆုံးမရှိတဲ့ အာကာသအတွက် လမ်းတွေ ပွင့်သွားတာ တမျိုးပါ”

နာဆာအဖွဲ့အနေနဲ့ ကမ္ဘာနဲ့ နီးတဲ့ ပါတ်လမ်းကြောင်းထဲက နိုင်ငံတကာ အာကာသစခန်းကို သွားတာထက် ကမ္ဘာနဲ့ ပိုပြီး ဝေးကွာတဲ့ အင်္ဂါဂြိုဟ် နဲ့ Asteroids လို့ခေါ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ ဆီပါ သွားနိုင်မယ့် ရှုပ်ထွေး ခက်ခဲမှုတွေ ပိုပြီးရှိလာမယ့် ယာဉ်တွေကို တီထွင်ဖို့ အာရုံစိုက်နေပါတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ ကို ဒီမှာပဲ ရပ်နား လိုက်ပါရစေ။

XS
SM
MD
LG