သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ COVID-19 ကူးစက်သူတွေထဲ ပြည်ပအလုပ်သမား ၉၀% နီးပါးပါ


စကာၤပူနိုင်ငံ Merlion ရုပ်ထုရှေ့နား ဖြတ်သွားသူ နှစ်ဦး (မတ် ၁၄၊ ၂၀၂၀)
စကာၤပူနိုင်ငံ Merlion ရုပ်ထုရှေ့နား ဖြတ်သွားသူ နှစ်ဦး (မတ် ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

စင်ကာပူမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ ၂၀,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၇၈၈ ယောက် တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၀,၁၉၈ ယောက်ထက်မနည်းရှိသွားပါပြီ။

ကူးစက်ခံရသူတွေထဲက ၉၀ ရာခိုင်နှုန်း နီးပါးက နိုင်ငံခြားကနေ အလုပ်လာလုပ်ပြီး အဆောင်မှာ နေကြတဲ့သူတွေဖြစ်ပါတယ်။ စင်ကာပူမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကစပြီး ၂ လကြာ အိမ်ထဲကနေ အပြင်မထွက်ကြဖို့ အမိန့်ထုတ်တာဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ ဒါကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးတဲ့အနေနဲ့ လာမယ့် မေလ ၁၂ ရက်နေ့ကစပြီး တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ပြန်ဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို စတင်ဖြစ်ပေါ်စေခဲ့တဲ့အတွက် စစ်ဆေးခံခဲ့ရတဲ့ အပျော်စီးသင်္ဘောဟာ ဖိလစ်ပိုင်သင်္ဘောသားတွေကို ပြန်ပို့ဖို့အတွက် ဖိလစ်ပိုင်ရေပိုင်နက်ထဲကို ဝင်သွားခဲ့ပြီဖြစ်ပါတယ်။

The Ruby Princess အပျော်စီးသင်္ဘော
The Ruby Princess အပျော်စီးသင်္ဘော

The Ruby Princess အပျော်စီးသင်္ဘောဟာ မနီလာပင်လယ်အော်မှာ ကျောက်ချမှာဖြစ်ပြီး အဲဒီသင်္ဘောပေါ်မှာပါတဲ့ ဖိလစ်ပိုင် သင်္ဘောသား ၂၁၄ ယောက်ကို ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရကပြောပါတယ်။ ဒါ့အပြင် အဲဒီပင်လယ်အော်ထဲမှာပဲ နောက်ထပ် ဖိလစ်ပိုင်သင်္ဘောသား ၅,၀၀၀ ကျော် ကမ်းပြန်ဆင်းဖို့အတွက် စောင့်နေတဲ့ နောက်ထပ် အပျော်စီး သင်္ဘော ၁၆ စင်းလောက်ရှိတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံအတော်များများမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး ချထားတဲ့ ကန့်သတ်ချက်တွေကို လျှော့ချလာနေတာကြောင့် ကိုရီးယားလေကြောင်းလိုင်းလည်း ကုန်ပစ္စည်းပို့ဆောင်တာတွေကို တိုးချဲ့ဖို့အတွက် ရှေ့လကစပြီး တချို့လေယာဉ်ခရီးစဉ်တွေကို ပြန်ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်တွေ တိုးလာနိုင်ဖွယ်ရှိတဲ့အပေါ်မှာလည်း ပြင်ဆင်သွားမှာဖြစ်ပါတယ်။ လေကြောင်းခရီးစဉ်တွေ တိုးလာပေမဲ့လည်း နိုင်ငံတကာကိုသွားနေတဲ့ ခရီးစဉ်လမ်းကြောင်း ၁၁၀ ထဲက ၃၂ ခုကိုပဲ ပြေးဆွဲသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG