သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ COVID -19 ကုသဆေး Remdesivir ရဲ့ ထိရောက်မှု အတိုင်းအတာ


COVID-19 ရောဂါ ကုသနိုင်ရန် Remdesivir ဆေး စမ်းသပ်နေသည့် ပညာရှင်တဦး။ (မတ် ၁၁၊ ၂၀၂၀)
COVID-19 ရောဂါ ကုသနိုင်ရန် Remdesivir ဆေး စမ်းသပ်နေသည့် ပညာရှင်တဦး။ (မတ် ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 လူနာတွေကို Remdesivir လို့ခေါ်တဲ့ ဆေးနဲ့ အရေးပေါ် ကုသပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က ခွင့်ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြပေးထားပါတယ်။

အမေရိကန် ဆေးကုမ္ပဏီ Gilead Sciences ကထုတ်လုပ်တဲ့ Remdesivir ဆေးက စမ်းသပ်ဆဲ ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဖြစ်ပြီး အီဘိုလာရောဂါအတွက် တီထွင် ဖော်စပ်ထားတာပါ။ အခုတော့ COVID လူနာတွေအတွက် အရေးပေါ်ကုဖို့ ဒီဆေးကို FDA က ခွင့်ပြုလိုက်ပြီလို့ သမ္မတ Trump က ပြောပါတယ်။

"တကယ့်ကို အလားအလာ ကောင်းပါတယ်။ ဒီဆေးကို မြန်မြန်ဆန်ဆန် သုံးနိုင်အောင် FDA ရယ် အမျိုးသားကျန်းမာရေးဌာန NIH ရယ် Gilead ကုမ္ပဏီရယ် ကျနော်တို့အားလုံး အစိုးရနဲ့ ပုဂ္ဂလိက အတူလက်တွဲပြီး အလုပ်လုပ်ခဲ့ကြပါတယ်။"

ကနဦး ရလဒ်တွေအရ Remdesivir ဆေးသုံးတဲ့ လူနာတွေ အများအားဖြင့် ၄ ရက်စောပြီး သက်သာတာ တွေ့ရပါတယ်။ အရင်က FDA က ဝန်ထမ်းဖြစ်တဲ့ Peter Pitts က အခုလိုပြောပါတယ်။

"ဥုံဖွဆိုပြီး ရောဂါ ချက်ချင်းကြီး ပျောက်ကင်းသွားစေမယ့်ဆေးတော့ မဟုတ်ဘူး။ ဒါပေမယ့်ပထမအချက်က စိုးရိမ်ရတဲ့ လူနာတွေရဲ့ ရောဂါအခြေအနေ လမ်းကြောင်းပြောင်းအောင် လုပ်ပေးနိုင်တာ တွေ့ရတယ်။ ဒုတိယအချက်က ဒီဆေးကြောင့် ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကျသွားမှာဖြစ်သလို အကာအကွယ်ပစ္စည်း လိုအပ်ချက်တွေလည်း လျော့ကျသွားလိမ့်မယ်။"

Gilead Sciences ကုမ္ပဏီက CEO Daniel O’day က Remdesivir ထိုးဆေးပုလင်းပေါင်း ၁ သန်းခွဲကို လှူဒါန်းမှာဖြစ်ပြီး ဒီဆေးကို လိုအပ်နေတဲ့ လူနာတွေဆီ ရောက်စေဖို့ အစိုးရနဲ့အတူ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ Peter Pitts ကပဲ Remdesivir ဆေးအကြောင်း ဆက်ပြောပါတယ်။

"Remdesivir ဆေးကို အရေးပေါ်ခွင့်ပြုတာက ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ အနားယူ၊ အရည်များများသောက်ပြီး ပြန် နာလန်ထူလာနိုင်တဲ့ ၈၅ရာခိုင်နှုန်းသော COVID လူနာတွေအတွက် မဟုတ်ပါဘူး။ ဒီဆေးက အသည်းအသန် ဖြစ်နေတဲ့ လူနာတွေအတွက်ပါ။ ဒါကြောင့် EUA လို့ခေါ်တဲ့ အရေးပေါ်ကုသရေး ခွင့်ပြုချက်ကို ထုတ်ပြန်ထားတာပါ။ ဒီဆေးကို အခုချက်ချင်းပဲ လိုအပ်နေတဲ့ လူနာတွေအတွက် သုံးမှာပါ။"

COVID-19 ကို ကုသနိုင်တဲ့ တခြားဆေးဝါးတွေ မရှိသေးလို့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ အသည်းအသန် ဖြစ်နေတဲ့ လူနာတွေအတွက် ခုလောလောဆယ် Remdesivir ဆေးကိုပဲ သုံးဖို့ စဉ်းစားကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)


(Zawgyi / Unicode)









XS
SM
MD
LG