သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူပြည်နှင်ဒဏ် ပေးခံရတဲ့ ရခိုင်လူငယ် ၆ ဦး ပျောက်ဆုံးနေ


ရခိုင်အသင်း(စင်္ကာပူ)
ရခိုင်အသင်း(စင်္ကာပူ)

ရခိုင်လက်နက်ကိုင် AA ကိုငွေကြေးအရကူညီထောက်ပံ့တာ၊ ထောက်ခံ စည်းရုံးတာတွေ လုပ်တယ်ဆိုပြီး စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်လူငယ် ၆ ဦး ကို မြန်မာလုံခြုံရေး တာဝန်ရှိသူတွေဖက်က ထိန်းသိမ်းထားပြီး၊ ခုအချိန်အထိ ဘယ်မှာ ထားရှိသလဲဆိုတာကို အတိအကျ အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စအပေါ် မြန်မာအစိုးရဖက်ကလည်း တစုံတရာ ထုတ်ပြန်ပေးခြင်းမရှိသေးတာကြောင့် ရခိုင်လွှတ်တော်အမတ်တွေ ဖက်ကလည်း သူတို့ကိုဘယ်မှာ ထိန်းသိမ်းထားလဲ ဆိုတာတွေကို လိုက်လံ ကူညီစုံစမ်းမေးနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းထားတာပါ။

စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးခံရတဲ့ ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်လူငယ် ၆ ဦးဟာ မြန်မာနိုင်ငံ ရောက်လာပြီးတဲ့နောက် လုံခြုံရေးအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် သူတို့ ဘယ်ရောက်နေလဲဆိုတာ မသိတာမို့ မိသားဝင်တွေရော မိတ်ဆွေတွေပါ စိုးရိမ်တကြီး မေးမြန်း ရှာဖွေနေကြရပါတယ်။ ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကတော့ သူတို့ကို ရန်ကုန်အနီးက စစ်ကြောရေးစခန်းတခုမှာ ထိန်းသိမ်းထားတယ်လို့သိရတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ အရင်က အောင်သပြေမှာလို့ ကျနော်တို့ကြားတယ်။ အခုတော့အောင်သပြေမှာ မဟုတ်ဘူး ရေကြည်အိုင် စစ်ကြောရေးမှာလို့ ကျနော်တို့သိရတယ်ပေါ့။ အကုန်လုံး ၆ယောက် နီးပါးလို့ သတင်းသိုးသိုးသန့်သန့် ကြားတာပေါ့နော်။ ဒီအချိန်အထိ သတင်းထုတ်ပြန်မှုလည်းမရှိဘူး၊ ဘယ်မှာသူတို့ကို စစ်ဆေးနေလဲ ဆိုတာတရားဝင် ထုတ်ပြန်မှုမရှိဘူး မိသားစုတွေကို တစုံတရာအကြောင်းကြားခြင်းမရှိတဲ့အပေါ်မှာတော့ ဒီနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးဟာ ဘာလဲလို့မေးခွန်း ထုတ်ရမှာဖြစ်တယ်။”

ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်လူငယ် ၆ယောက် ရန်ကုန်ရောက်လာပြီးနောက်ပိုင်း မိသားစုနဲ့အဆက်အသွယ်မရဘဲ ထိန်းသိမ်းခံရတဲ့နောက်ပိုင်း သူတို့မိသားစုတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် စုံစမ်းရှာဖွေနေကြပါတယ်။ အခုသူတို့ ၆ယောက်ဘယ်မှာ ရှိနေတယ်ဆိုတာ ကူညီပေးဖို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို သူတို့မိသားစုဝင်တချို့က အကူအညီတောင်းထားပါတယ်။

စင်္ကာပူအစိုးရရဲ့ ပြည်နှင်ဒဏ်နဲ့ ဇူလိုင် ၁၀ရက်ညမှာ ရခိုင်အသင်း( စင်္ကာပူ) ရဲ့ ပြန်ကြားရေးအဖွဲ့ထဲက ကိုတင်လှိုင်ဦးနဲ့ ဒုဥက္ကဋ္ဌ မအေးမြတ်မွန် ၂ယောက် ရန်ကုန်လေဆိပ်ရောက်လာပြီး ဆွေမျိုးတွေရှိတဲ့ မန္တလေးကိုထွက်ခဲ့ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၀၁မှာ ရဲတပ်ဖွဲ့ကဖမ်းလိုက်ပြီး ကနဦးသတင်းတွေအရ နေပြည်တော်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားခဲ့တယ်လို့ မိသားစုကပြောပါတယ်။ မိသားစုက ဆက်စုံစမ်းခဲ့တဲ့အခါ နေပြည်တော်မှာ မရှိဘဲ ရန်ကုန်တနေရာမှာ ရှိနေတယ်လို့ တဆင့်စကားတွေနဲ့ ကြားသိထားကြောင်း မအေးမြတ်မွန်ရဲ့ ဖခင် ဦးကျော်မောင်းက ပြောပါတယ်။

“ သူတို့က နေပြည်တော်သွားတဲ့လမ်းမှာ ထိန်းသိမ်းခဲ့တဲ့ ရဲစခန်းက ရဲမှူး(နေပြည်တော်က) လွှဲပေးလိုက်တယ် ဆိုပြီး ပြောတာပေါ့နော်။ ကျနော်တို့က စုံစမ်းတော့လည်း အဲဒီရဲစခန်းက ရန်ကုန်လွှဲပေးတယ်ပြောတော့ ရန်ကုန်စုံစမ်းတော့ ထောက်ကြန့်၊ အောင်သပြေရဲစခန်းလား၊ သပြေကုန်းရဲစခန်းလား ထားတယ်ဆိုပြီးတော့ တဆင့်စကားတဆင့်ကြားတာပေါ့နော်။ အဲဒီမှာ သူတို့ကိုမေးကြည့်တော့ မရှိဘူး မရမ်းကုန်းရဲစခန်းမှာ ရှစ်မိုင်မှာ ရှိတယ်လို့ ပြောတယ်။”

သူတို့နှစ်ယောက်ကို လေဆိပ်ကနေ မန္တလေးလိုက်ပို့တဲ့ အငှားယာဉ်မောင်းကိုပါ ရဲတပ်ဖွဲ့က ဖမ်းထားတာဖြစ်ပြီး ရန်ကုန်တိုင်း SB ရုံးမှာလည်း စုံစမ်းခဲ့ပေမဲ့သူတို့နဲ့ပတ်သက်ပြီးမသိခဲ့ရဘူးလို့ ကိုတင်လှိုင်ဦးရဲ့ ဖခင်က ပြောပါတယ်။

မိဘတွေအကူအညီတောင်းထားလို့ ဒီအကြောင်းကို ဝိုင်းဝန်းစုံစမ်းနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ပြည်သူ့လွှတ်တော်ကိုယ်သားလှယ် ဦးဦးထွန်းဝင်းကလည်း ပြည်နယ်လွှတ်တော်မှာအကူအညီတောင်းထားကြောင်းပြောပါတယ်။

“ ကျနော်တို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဆိုပြီးတော့ အဲဒီမှာ ဦးအေးသာအောင်က ဥက္ကဋ္ဌဆိုတော့ သွားတွေ့တာပေါ့ ။ လွှတ်တော်ထဲမှာ ၁၇ရက်နေ့စွဲနဲ့ ကျောက်တော်က လူနှစ်ယောက်ကို အခြေတည်ပြီးတော့မှ မနေ့ကဦးအေးသာအောင် လက်ထဲကိုထည့်ခဲ့တယ်။ ကော်မတီကလည်း လောလောဆယ် ကျနော်တို့ကို ဆက်သွယ်လာတာတော့ မရှိဘူး။”

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦအေးသာအောင်ပြီးတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ကိုလည်း ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဖမ်းဆီးခံလူငယ် ၆ယောက်နဲ့ အဆက်အသွယ်မရတဲ့ကိစ္စကို သူတို့မိသားစုဝင်တွေက ဇူလိုင် ၁၇ ရက်က ICRC ကိုလည်းသွားပြီး အသိပေးထားပါတယ်။ အခုလာမယ့် ဇူလိုင် ၂၀မှာ သူတို့က ရခိုင်အမျိုးသားကွန်ရက်နဲ့ တွေ့ဆုံ သွားဖို့လည်းရှိပါတယ်။ ရခိုင်အသင်း( စင်္ကာပူ)နဲ့ ပတ်သက်ခဲ့တယ်လို့ယူဆရတဲ့ ရခိုင်လူငယ် တွေကိုလည်း စင်ကာပူက နယ်နှင်ဒဏ်ပေးမယ်ဆိုတဲ့ သတင်းတွေ စင်ကာပူမှာဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG