သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ် မီးရှို့


ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံရွာမီးလောင်နေတဲ့ မြင်ကွင်း (ဩဂုတ် ၂၇၊ ၂၀၂၄)
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံရွာမီးလောင်နေတဲ့ မြင်ကွင်း (ဩဂုတ် ၂၇၊ ၂၀၂၄)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံနဲ့ အုတ်ဖိုစုကျေးရွာမှာ သြဂုတ် ၂၇ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ လောက် မီးလောင်သွားတယ်လို့ PDF ဘက်က ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခကြောင့် ရေငံနဲ့ အုတ်ဖိုစု စတဲ့ ပတ်ဝန်းက ကျေးရွာဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။

သြဂုတ်လ ၂၇ ရက် ညပိုင်းက ပဲခူးအနောက်ခြမ်း လက်ပံတန်းမြို့နယ်အတွင်း အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အုတ်ဖိုစု ကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့တွေ မီးရှို့ခဲ့ပြီး သြဂုတ်လ ၂၈ ရက် ဒီကနေ့မနက်ပိုင်းမှာလည်း အုတ်ဖိုစုရွာကပ်ရက် အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ရေငံရွာကို ထပ်မံ မီးရှို့ခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“(ည) ၉နာရီကျော်ကျော်လောက် ရွာတွေက အိမ်တွေကို မီးရှို့တာ၊ အဲ့မှာ မီးရှို့တော့ အုတ်ဖိုစုရွာနဲ့ ရေငံရွာဆိုတာ တိုက်ပွဲဖြစ်တဲ့ရွာနဲ့ အနီးအနားရွာ နှစ်ရွာပေါ့။ အဲ့ဒီအနီးအနား ရွာနှစ်ရွာကို မီးရှို့တော့ အုတ်ဖိုစုရွာက အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတယ်။ အဲ့​အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ရွာကို ရှို့လိုက်တာ အဲ့ ညတွင်းချင်းဘဲ ကုန်တယ် ပြောပါတော့။ အဲ့နောက်ရွာကလည်း အိမ်ခြေ ၂၀၀ လောက်ရှိတာကို ၁၀၀ ကျော်လောက်ရှို့တာ ရေငံရွာ၊ တိုက်ပွဲဖြစ်တဲ့ရွာ။ အခုထိတော့ အရပ်သားသေဆုံးမှုက အတည်ပြုလို့ မရသေးဘူး။”

အရပ်သားထိခိုက်သေဆုံးမှု ရှိပေမယ့် ဒေသအခြေအနေ မငြိမ်သေးတာမို့ အတည်မပြုလို့မရသေးဘူးလို့ ဆိုပါတယ်။ ဒီ​အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့တုန်းက လက်ပံတန်းမြို့နယ်ထဲ နေရာအနှံ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို သာယာဝတီခရိုင်ထဲက ပြည့်သူ့ကာကွယ်ရေးတပ်ရင်း ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခဲ့ပြီး အထိနာခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက် တိုက်ပွဲအတွင်းမှာ စစ်ကောင်ဘက်က ဗိုလ်မှူးအဆင့်အထိ သေဆုံးခဲ့တာကြောင့် ကျေးရွာတွေကို မီးရှို့ဖျက်တာလို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၄ ရက်နေ့က သူတို့ စစ်ကြောင်းကို ကျနော်တို့တွေနဲ့ တွေ့လိုက်တော့ ဖြစ်တာမှ သူတို့ သေဆုံးဒဏ်ရာရတာတွေနဲ့ အယောက် ၂၀ ကျော် ဒဏ်ရာရလို့ သယ်သွားတာလည်း အများကြီးပဲ။ ဒီကနေ အရှင်ဖမ်းမိလိုက်တာလည်း ၁၀ ယောက်ဆိုတော့ ပြီးတော့ အဲ့ထဲမှာမှ ဗိုလ်မှူးအဆင့် တယောက်၊ ဗိုလ်ကြီးတယောက်ပေါ့နော်၊ တပ်ကြပ်ကြီးတယောက် အဲ့လို သူတို့အကြီးအကဲတွေ ပါသွားတယ်ပေါ့။ ဒီလက်ပံတန်းမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌပေါ့နော် ဗိုလ်မှူးက သူက တခါတည်းကျတယ် တိုက်ပွဲမှာ၊ အဲ့ဒါတွေကို သူတို့ တော်တော်မဲခဲ့တာပေါ့၊ မဲခဲ့တော့ မနေ့က ပွဲမှာလည်း စခန်းမှူးတယောက် ထပ်ထိတယ်လို့ သတင်းရတယ်။”

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံရွာမီးလောင်နေတဲ့ မြင်ကွင်း (ဩဂုတ် ၂၇၊ ၂၀၂၄)
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရေငံရွာမီးလောင်နေတဲ့ မြင်ကွင်း (ဩဂုတ် ၂၇၊ ၂၀၂၄)


စစ်ကြောင်းက အုတ်ဖိုစုနဲ့ ရေငံရွာအထိ ရောက်ရှိလာပြီး သြဂုတ်၂၇ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သာလွန်တဲ့ လက်နက်အင်အားနဲ့ အပြင်းအထန် ပြန်ခုခံတိုက်ခိုက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးဘက်က ပြန်ဆုတ်ထားရတယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ပြောပါတယ်။

“နယ်မြေစိုးမို့ဖို့ ကြိုးစားကြည့်တာပေါ့နော်။ သူတို့ဘက်က အင်အား အလုံးအရင်းနဲအပြင် ဘာသာသွားလဲဆိုတော့ လက်နက်ပေါ့၊ လက်နက်အင်အားကျတော့ ကိုယ်တွေက မယှဥ်နိုင်ဘူး။ ကိုယ်တွေမှာ ရှိတာလေးတွေ လက်လုပ်လေးတွေနဲ့ မလောက်မငှနဲ့ လုပ်ရတယ်ပေါ့နော်။ အဲ့လိုလေးတွေဖြစ်ကုန်တယ်။ အနီးကပ်ထိတွေ့ တိုက်ပွဲတို့၊ ခြုံခိုတိုက်ပွဲတို့ဆိုရင် ကိုယ်တွေက အမြဲတမ်း နိုင်ပြီးသားပါ။ သူတို့က (စစ်ကောင်စီက) စစ်ကြောင်းထိုးတယ်။ နောက်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ကူပေးတာ။ သူတို့ လက်နက်ကြီးက အင်အားက တော်တော်ကောင်းတယ်ပေါ့နော်။ တော်တော်အင်အား များပြားတာဖြစ်တဲ့အတွက် ကိုယ်တို့ ဒီတပ်ဖွဲ့တွေကို အကုန်လုံး ပြန်တော့ ဆုတ်ခိုင်းထားရတယ်ပေါ့။”

စစ်ရေးပဋိပက္ခတွေကြောင့် အုတ်ဖိုစု၊ ရေငံ စတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရပြီး အကူအညီအမျိုးမျိုး လိုအပ်နေကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG