သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ရေနံရှာဖွေရေး တရုတ်ကနိုင်ငံခြားအကူလိုအပ်


တောင်တရုတ်ပင်လယ်ထဲက ကျွန်းတခု
တောင်တရုတ်ပင်လယ်ထဲက ကျွန်းတခု

တောင်တရုတ်ပင်လယ် ရေအောက်မှာ ရေနဲ့နဲ့ ဓာတ်ငွေ့ ရှာဖွေရေးအတွက် နိုင်ငံခြားက ကန်ထရိုက်လုပ်ငန်းတွေရဲ့ အကူအညီရဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေပေမဲ့လည်း၊ နယ်မြေပိုင်နက် အငြင်းပွားမှုတွေကြောင့် ရှာဖွေတွေ့ရှိမှုတွေကနေ အကျိုးအမြတ် များများစားစား ကျန်မှာမဟုတ်တာကြောင့် အခက်အခဲတွေ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းဒေသက လုပ်ကွက်ပေါင်း ၂၂ ခုမှာ ဇီဝလောင်စာ ရှာဖွေရေးမှာ နိုင်ငံခြား ကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်ဖို့၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နိုင်ငံပိုင် တရုတ်အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်းက တင်ဒါခေါ်ယူခဲ့တာပါ။

စတုရန်းကီလိုမီတာ ၄၇,၂၇၀ ရှိတဲ့ လုပ်ကွက်တွေရှိရာ ရေပြင်ကိုတော့ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားကြပါတယ်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံက ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ ပိုင်ဆိုင်ကြောင်း လူသိရှင်ကြား ပြောဆိုလာခဲ့တာပါ။

စက်တင်ဘာလ နောက်ဆုံးထား တင်ဒါတင်သွင်းရမယ့် နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ကတော့ တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်ကိုင်ရာက၊ ရေနယ်နမိတ် ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ နိုင်ငံတွေမှာ ဂုဏ်သိက္ခာထိခိုက်မယ့် အရေးအပြင်၊ ရှာဖွေတွေ့ရှိမှုတွေဟာလည်း အငြင်းပွားစရာ ပိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင် ရေအောက် မှာ ရေနံစည်ပေပါ ၁၁ ဘီလီယံလောက် နဲ့ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၀ ထီလီယံလောက်အထိ ရှိနေနိုင်တယ်လို့လည်း အမေရိကန် စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက် အေဂျင်စီက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG