တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြောင့် ပြည်သူတွေ စိုးရိမ်ခဲ့ရတဲ့အပေါ် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။ နောက်ထပ်တကြိမ် စစ်အုပ်ချုပ်ရေးထုတ်မယ်ဆိုရင် လက်ခံမှာ မဟုတ်ဘူးလို့လည်း ယာယီ ကာကွယ်ရေးဝန်ကြီး Kim Seon Ho က ဒီနေ့ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က အရေးပေါ် စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့် ခဲ့ကြတဲ့အပေါ်တောင်းပန်ပါတယ်လို့ ယာယီဝန်ကြီးက ပြောသွားတာပါ။
အင်္ဂါနေ့ညက စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြောင်းသမ္မတ Yoon Suk Yeol ကြေညာခဲ့တဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေး မှုမှာ ကာကွယ်ရေးဝန်ကြီးဌာနက တက်တက်ကြွကြွပူးပေါင်း ပါဝင်နေသလို အစိုးရရှေ့နေတွေနဲ့ ပူးတွဲစုံစမ်းမှုလုပ်ဖို့ စစ်ဘက်ဆိုင်ရာ ရှေ့နေတွေကိုလည်း တာဝန်ပေးထားတယ်လို့ ယာယီ ဝန်ကြီး Kim Seon Ho က ဒီနေ့လုပ်တဲ့ သတင်းစာရှင်းပွဲမှာ အလေးအနက်ထား ပြောကြားသွားပါတယ်။
နောက်တကြိမ် စစ်အုပ်ချုပ်ရေးထုတ်ဖို့ အမိန့်ပေးလာခဲ့ရင်လည်း ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ရော စစ်တပ်အနေနဲ့ပါ လက်မခံ ပယ်ချမှာဖြစ်တယ်လို့ သူက ပြောကြားသွားခဲ့ပါတယ်။
နာရီပိုင်းသာကြာလိုက်တဲ့ စစ်အုပ်ချုပ်ရေးကို ကြေညာတာဟာ ဖွဲ့စည်းပုံနဲ့ မညီ၊ မတရားသဖြင့် အာဏာချုပ်ကိုင်ဖို့လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အတိုက်အခံအမတ်တွေကပြောပြီး သမ္မတ Yoon ကိုတရားစွဲသင့်မသင့် လွှတ်တော်မှာ နက်ဖြန်စနေနေကျရင် မဲခွဲဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ သမ္မတရဲ့ အာဏာရ PPP ပါတီခေါင်းဆောင်ကလည်း သမ္မတကို ရာထူးကနေ အမြန်ဆုံး ဖယ်ရှားပေးဖို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
သမ္မတ Yoon က သူ့ပါတီခေါင်းဆောင်အပြင် ထင်ရှားတဲ့လွှတ်တော်အမတ်တွေကို ဖမ်းဆီးဖို့ ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းတွေထွက်လာပြီးနောက်မှာ ပါတီခေါင်းဆောင် Han Dong-hoon ကခုလို တောင်းဆိုလိုက်တာပါ။
မနေ့ကတော့သမ္မတကို တရားစွဲသင့် မသင့် လွှတ်တော်မှာ မဲခွဲရင် PPP လွှတ်တော်အမတ်တွေ ထောက်ခံမှာမဟုတ်ဘူးလို့ သူကပဲပြောကြားခဲ့ပေမဲ့ ဒီနေ့မှာတော့ သဘောထားပြောင်းပြီး မဲခွဲတဲ့အပေါ် ထောက်ခံမယ်လို့ ပြောကြားခဲ့တာြဖစ်ပါတယ်။
Forum