တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က အင်္ဂါနေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး နိုင်ငံကို ဆန့်ကျင်နှောင့်ယှက်တဲ့ အင်အားစုတွေကို ဖယ်ရှားမယ်လို့ ပြောဆိုလိုက်ပါတယ်။ လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတက အတိုက်အခံတွေဟာ မြောက်ကိုရီးယားဘက် ယိမ်းသူတွေလို့လည်း စွပ်စွဲထားတာပါ။ နာရီပိုင်း အကြာမှာတော့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ရုပ်သိမ်းရေး လွှတ်တော်က မဲခွဲ ခဲ့ကြပြီး လွှတ်တော် အကြီးအကဲ Woo Won Shik က လွှတ်တော်အမတ်တွေဟာ ပြည်သူတွေနဲ့ အတူ ဒီမိုကရေစီကို ကာကွယ်မယ်လို့ ကြေညာပါတယ်။
လွှတ်တော်တွင်းကနေ ရဲနဲ့ စစ်တပ်တွေ ပြန်ရုပ်သိမ်းဖို့လည်း Woo က တောင်းဆိုထားပါတယ်။ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ မတွေ့ရတော့တဲ့ အာဏာရှင် ခေါင်းဆောင်ခေတ် တခုကို နောက်ကြောင်းပြန်လှည့်သွားစေတာကြောင့် အတိုက်အခံတွေဘက်ကရော သမ္မတ Yoon ရဲ့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်တို့ကပါ ချက်ချင်း ရှုတ်ချခဲ့ကြပါတယ်။ သမ္မတ Yoon ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက် ထုတ်ပြီးနောက်မှာတော့ လူထု အုံကြွမှု ဖြစ်စေနိုင်တဲ့ လွှတ်တော်နဲ့ တခြားသော နိုင်ငံရေးဆိုင်ရာ စုဝေးမှုတွေကို တားမြစ်မယ့် အကြောင်း တောင်ကိုရီးယား စစ်တပ်က ကြေညာထားတယ်လို့ တောင်ကိုရီးယားရဲ့ Youhap သတင်းအေဂျင်စီက ဖော်ပြပါတယ်။
နိုင်ငံတွင်း ဆန္ဒပြနေကြတဲ့ ဆရာဝန်တွေလည်း ၄၈ နာရီ အတွင်း အလုပ်ပြန်ဝင်ကြဖို့လည်း စစ်တပ်က ပြောဆိုကြောင်း နိုင်ငံပိုင် Yonhap သတင်းက ဖော်ပြပါတယ်။ ဆေးကျောင်းတွေမှာ ကျောင်းသားတွေ တိုးပြီး လက်ခံမယ့် အစိုးရရဲ့ အစီအစဉ်ကို ထောင်နဲ့ချီတဲ့ ဆရာဝန်တွေက လနဲ့ချီ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အမိန့်ကို ချိုးဖောက်ရင် ဖမ်းဝရမ်း မရှိဘဲ ဖမ်းဆီးမယ်လို့လည်း စစ်တပ်က ပြောဆိုထားပါတယ်။
တောင်ကိုရီးယားရဲ့ ဥပဒေ အရ စစ်အုပ်ချုပ်ရေးကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဖယ်ရှားနိုင်ပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက လွှတ်တော်မှာ အများစုနဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာချက် ထွက်ပြီး မကြာခင်မှာဘဲ လွှတ်တော် အကြီးအကဲက လွှတ်တော် အမတ်တွေ အားလုံး လွှတ်တော်မှာ စုစည်းကြဖို့ သူ့ရဲ့ YouTube မှာ အရေးပေါ် ကြေညာချက် ထုတ်ခဲ့ပါတယ်။ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ မဲခွဲမှုကို တက်ရောက်တဲ့ လွှတ်တော် အမတ် ၁၉၀ အားလုံးက စစ်အုပ်ချုပ်ရေးကို ဖယ်ရှားရေး ထောက်ခံမဲပေးခဲ့ကြပါတယ်။ လွှတ်တော်မှာ မဲခွဲပြီး နောက်မှာတော့ လွှတ်တော်မှာ နေရာယူထားတဲ့ စစ်သားတွေ ပြန်လည် ရုပ်သိမ်းသွားတာကို ရုပ်မြင်သံကြားမှာ တွေ့မြင်ကြရပါတယ်။
Forum